စစ်ကောင်စီရဲ့ စိန်လုံ ဗျူဟာတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် တပ်သား ၂၀ နီးပါးကို ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA) က ဧပြီလ ၆ ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း မြေပြင်သတင်း ရရှိပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်က စိန်လုံဗျူဟာစခန်းကို KIA က ဧပြီလ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကနေ စစ်ကောင်စီတပ်သား ၆၀ နီးပါးထွက်ပြေး သွားခဲ့တာဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က လိုက်လံရှင်းလင်းခဲ့ရာမှာ ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ၂၀ ဝန်းကျင်ကို လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ဗျူဟာမှူးအပြင် တပ်ကြပ်စိုးမြင့်ဆိုသူလည်းပါဝင်ပြီး သူတို့ကို KIA က စစ်ဆေးမေးမြန်းတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။