ထိုင်း-မြန်မာ ၂ နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မဲဆောက်-မြဝတီ လမ်းကြောင်း အပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်မှုအောက်ရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတဆင့် ကုန်သွယ် ကူးသန်းခွင့်တွေကို ပိတ်ပင်လိုက်ပြီး စစ်ကော်မရှင် ဩဇာသက်ရောက်မှုရှိနေတဲ့ လမ်းကြောင်းတွေကို သာ အသုံးပြုဖို့ နေပြည်တော်က ညွန်ကြားထားတယ်လို့သိရပါတယ်။
စစ်ကော်မရှင်ဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မယ်ဆိုင်-တာချီလိတ် ကုန်းလမ်းကြောင်းနဲ့ ကော့သောင်း-ရနောင်း ရေကြောင်းလမ်း ၂ ခုကို ပြောင်းလဲ အသုံးပြုဖို့ ထိုင်းကို ပြောလာတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာ စက်တင်ဘာ ၂ ရက်နေ့က ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၆ ခုရှိပြီး ဒီစခန်းတွေ ကတော့ မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နဲ့ ကော့သောင်းဂိတ်တွေ ဖြစ်ပါတယ်။
ဒီနယ်စပ်ဂိတ်စခန်းတွေထဲက မယ်ဆိုင်-တာချီလိတ် ကုန်းလမ်းကြောင်း နဲ့ ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကို စစ်တပ်အနေနဲ့ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ နယ်စပ်ဂိတ် စခန်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေရဲ့ ထိန်းချုပ်မှု လက်အောက်မှာ ရှိနေတာပါ။
ဒါကြောင့် စစ်တပ်အနေနဲ့ သူအပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဂိတ်တွေကသာ နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ ထိုင်းဘက်ကို အကြောင်းကြားလာတာလည်း ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













