Women & Gender

အမျိုးသမီးများပါဝင်မှု ကိုတာစနစ်တောင်းဆိုခြင်းက အခွင့်ထူးခံဖြစ်ရန် မဟုတ်ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အခြားကဏ္ဍအသီးသီးတွင် အမျိုးသမီးများပါဝင်မှုနှင့်ပတ်သက်၍ ကိုတာစနစ်တောင်း ဆိုခြင်းသည် အခွင့်ထူးခံဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ မူဝါဒ ယန္တရားပိုင်းဆိုင်ရာ အားနည်းမှုများကြောင့်သာ တောင်းဆို ရခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့များ တောင်းဆိုနေသည့် ကိုတာစနစ်သည် ယာယီအထူး လုပ်ဆောင်ချက်အဖြစ် တောင်းဆို ခြင်းဖြစ်ပြီး တိကျသည့် မူဝါဒရေးရာများ ပေါ်ထွက်လာပါက ယင်းစနစ်ကို ပြန်ဖြုတ်နိုင်ကြောင်း၊ အမျိုးသမီးများ ပါဝင်မှုဟု ပြောလိုက်တိုင်း အရည်အချင်းရှိပါက နေရာရလာမည်ဖြစ်ပြီး ကိုတာစနစ်မလိုကြောင်း အမျိုးသားများ ကြားတွင်သာမက တချို့သော အမျိုးသမီးများကြားတွင်ပင် သဘောထား ကွဲလွဲမှုများရှိနေကြောင်း ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ပဲ့ကိုင်ကော်မတီ အဖွဲ့ဝင် နန်းဖြူဖြူလင်းက ရှင်းပြသည်။

“အခွင့်ထူးခံဖြစ်ဖို့ တောင်းတာမဟုတ်ဘူး။ မူဝါဒ ယန္တရားအရ အားပေးမှု မရှိနေသေးတဲ့အတွက်ကြောင့် မမြင်ရတဲ့အတား အဆီးတွေ ကျော်လွှားနိုင်ဖို့အတွက် ဒီလိုမှမလုပ်ရင် မပါတော့မယ့်အတွက်ကြောင့် ပါကိုပါရမယ်ဆိုတဲ့ တောင်းဆိုချက်လေး တခုကို ယာယီပြုလုပ်ပေးစေလိုခြင်းပါ။ ဒါကို သဘောပေါက်နားလည်မှုက ပါတီအတွင်းမှာရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင် တဲ့ အဖွဲ့တွေမှာရော အားနည်းနေသေးပါတယ်” ဟု ၎င်းက ပြောသည်။

ကျား/မရေးရာတန်းတူညီမျှ ကိုယ်စားပြုခွင့်ဆိုသည်မှာ အချိုးကျကိုယ်စားပြုမှုဖြစ်ပြီး ဥပမာ – ၃၀ ရာခိုင်နှုန်း သို့မဟုတ် ရာခိုင် နှုန်းတူကိုယ်စားပြုမှု ၅၀ – ၅၀ ရာခိုင်နှုန်း စသည်တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။

ကျား/မရေးရာ ကိုတာစနစ်သည် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသည့် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်ရေးနှင့် ကျား/မရေးရာ တန်းတူညီမျှရေးကို မြှင့်တင်ပေးရန် ပေါ်ထွက်လာသည့် စနစ်တခုဖြစ်သည်။

မြန်မာ့ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုဟုဆိုရာတွင် လက်ရှိအခြေအနေအရ နိုင်ငံရေးဆွေးနွေးမှု မူဘောင် (ဦးဆောင်ကဏ္ဍ)တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို ထည့်သွင်းဖော်ပြထားသော်လည်း မပြည့်မီသေးကြောင်း၊ ပြီး ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်လာသူ ၇၀၀ အနက် အမျိုးသမီးဦးရေ ၁၀၅ ဦး (၁၅ ရာခိုင်နှုန်း)သာရှိပြီး အခြေခံချမှတ်ချက်ကိုပင် မပြည့်မီသေးသည့်အတွက် ကြိုးစားရအုံးမည်ဖြစ်ကြောင်း၊ ကိုတာစနစ်ကို မူဘောင်ထဲတွင် ထည့် သွင်းထားပြီးဖြစ်သော်လည်း ကျင့်သုံးမှုအပိုင်းတွင် အားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က မှတ်ချက်ပြုသည်။

အဆိုပါစနစ်ကို ကွဲပြားခြားနားသည့် လူ့အဖွဲ့အစည်းပေါင်းစုံတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အသုံးပြုခဲ့ကြပြီး တချို့တိုင်းပြည် များတွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်းသတ်မှတ်သည့် ပုံသဏ္ဍာန်ဖြင့် ကျင့်သုံးကြ သကဲ့သို့ တချို့တိုင်းပြည်များတွင် လွှတ်တော်ထိုင်ခုံနေရာ ရာခိုင်နှုန်းသတ်မှတ်သည့် ပုံသဏ္ဍာန် ကျင့်သုံးကြကြောင်း သိရသည်။

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က “အမျိုးသမီးတွေ အရည်အချင်းမရှိတာ မဟုတ်ဘူး။ အမျိုးသမီးတွေက အရည်အချင်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေ ကို ခွဲခြားထားတယ်။ ရုံးတွေမှာဆိုရင် အောက်ခြေအဆင့်ဝန်ထမ်းမှာ အမျိုးသမီးတွေ အများကြီးပဲ။ ဒါပေမယ့် တကယ့် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာကျတော့ အမျိုးသမီးတွေ မရှိဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်သော်လည်း လက်ရှိလွှတ်တော်တွင် ပါဝင်မှုမှာ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိသေးပြီး ရာခိုင်နှုန်းအားဖြင့် များစွာ ကွာခြားနေသေးသည့်အတွက် ကိုတာစနစ် ပေးသင့်ကြောင်း၊ အရည်အချင်းရှိသော်လည်း အမျိုးသားများနှင့် မတူသည့် လိုအပ်ချက်များ ရှိနေသောကြောင့် အခွင့်အရေး ပေးရုံမျှမက လိုအပ်သည့် အထောက်အပံ့များအတွက် မူဝါဒ ဥပဒေများ ပြုပေးရမည်ဖြစ်ကြောင်း ရှင်းပြသည်။

အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု၊ မူဝါဒရေးဆွဲသည့်အပိုင်း ဆုံးဖြတ်ချက်ချသည့် နေရာများတွင် အမျိုးသမီးများပါဝင်မှု အနိမ့်ဆုံးအဆင့်ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုနေ ရခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading