ညသန်းခေါင်ကျော်အချိန် ဟိုပုံးမှ ပင်လုံသို့ သွားသည့် လမ်းမပေါ်တွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တင်ဆောင်လာသော ကားတစီးသည် ချိုင့်ခွက်များကို ရှောင်ရှားရင်း ဖြည်းဖြည်းမှန်မှန် သွားနေသည်။
တဦးနှင့်တဦး ယခုမှ တွေ့မြင်ဖူးကြခြင်းဖြစ်ရာ အမျိုးသား ၃ ဦးတို့အကြား လိုက်ပါလာသည် ့အမျိုးသမီးသည် သူ၏ ၁၃ လအရွယ် သမီးငယ်လေးကို ပထမဆုံးအကြိမ် ချန်ထားပြီး နို့ဖြတ်ထားခဲ့ခြင်း ဖြစ်ရာ သားသည်မိခင် ထိုအမျိုးသမီးအတွက် အတော်လေး အခက်ကြုံနေလေသည်။
“လမ်းမှာ နို့ညှစ်လို့ မရဘူး။ နို့က တအားရောင်ပြီး ကိုက်နေပြီ။ တောက်လျှောက်လေ။ ကျမ ဒီကသွား လေယာဉ် စီး။ လေဆိပ်ရဲ့ rest room (နားနေခန်း) တွေကလည်း အဆင်မပြေဘူး။ ကားပေါ်မှာ ယောကျ်ားလေး သုံးယောက်။ ပိုဆိုး တာက ညကြီး သန်းခေါင် ဘယ်မှာဆင်းပြီး နို့ညှစ်ရမလဲပေါ့” ဟု လွန်ခဲ့သည့် ၂ နှစ်ခွဲအချိန်က ကြုံဆုံခဲ့ရသည်များကို နန်းမြသီတာက ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။
ကရင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် ကရင်တိုင်းရင်းသူ နန်းမြသီတာသည် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပမည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ “ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း(Panglong Peace Talk)” ကို ပါဝင်ဆွေးနွေးရန် အလျင်စလို သွားရောက်ခဲ့ရသည်။
အသက် ၄၀ အရွယ် ကလေး ၃ ယောက် မိခင်ဖြစ်သူ နန်းမြသီတာသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ၂၀၁၄ ဇန်နဝါရီ လော်ခီးလာ ၌ ကျင်းပသည့် ဆွေးနွေးပွဲ ကတည်းက စတင် ပါဝင်လာခဲ့ပြီး ကရင်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၌လည်း တောက်လျှောက် ပါဝင်လာခဲ့သည်။
လက်ရှိတွင် ဘားအံမြို့နယ် အခြေစိုက် လူမှုရေးရာသုတေသနအဖွဲ့ (RISE) တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နည်းပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနေသူလည်း ဖြစ်သည်။
၂၀၁၇ ဖေဖော်ဝါရီ ၁၂ ရက် တွင် ပြုလုပ်မည့် ထိုဆွေးနွေးပွဲ တက်ရောက်ရန် ၂ ရက် အလိုမှ အကြောင်းကြားသဖြင့် ဘားအံမှ ရန်ကုန်သို့ ကားဖြင့်၊ ရန်ကုန်မှ ဟဲဟိုးသို့ လေယာဉ် ဖြင့် ထိုမှတဆင့် ပင်လုံသို့ ကားဖြင့် အဆင့်ဆင့် သွားခဲ့ရခြင်း ဖြစ်သည်။
လမ်းခရီး ဝေးလွန်းခြင်း၊ ကြိုတင်ပြင်ဆင်ချိန် မရခြင်း၊ ဆွေးနွေးပွဲတက်နေချိန် ကလေး ကူထိန်းပေးမည့်သူ မရှိခြင်း တို့ကြောင့် သမီးငယ်ကလေးကို ချန်ထားခဲ့ရသည်ဟုလည်း နန်းမြသီတာက ဆိုသည်။
ထိုကဲ့သို့သော အချင်းအရာများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး စသည့် အခန်းကဏ္ဍ အသီးသီး၏ ဦးဆောင်မှုပိုင်းနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် အမျိုးသမီးများ ကြုံကြရသော အခက်အခဲများထဲမှ တခုဖြစ်သည်။
“ဆရာမကို ကျနော်တို့ ပြန်ပေးဆွဲသလို ခံစားရတယ်။ ကားတစီးမှာ မိန်းကလေး တယောက် ယောကျ်ား သုံးယောက်နဲ့။ ဆရာမ မကြောက်ဘူးလားတဲ့” ဟု ထိုချိန်က လာကြိုရာတွင် ပါဝင်သည့် အမျိုးသားများထဲမှ ပင်လုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ အမေးစကားကိုလည်း သူက ရယ်မောရင်း ပြန်လည်ပြောပြသည်။
ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှုဟု ပြောရာတွင် ၁၉၄၇ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့စဉ်က မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်လိုက်သည့် အထဲတွင် အမျိုးသမီးတယောက်မှ မပါခဲ့ခြင်းက သမိုင်းကြောင်း ပြန်လှန်ရမည်ဟု သူက ပြောသည်။
ထို့ပြင် နှစ်ပေါင်း ၇၀ အတွင်း အမျိုးသမီးများ စားပွဲဝိုင်းပေါ် ပါလာပြီး ၎င်းတို့၏ အသံများ ဖော်ထုတ်နိုင်ရေး အမြင် ရှုထောင့်များကို ပြောနိုင်ရေးအတွက် မည်မျှအတိုင်းအတာထိ ပံ့ပိုးပေးထားသလဲ ဟူသည်ကလည်း မေးခွန်းထုတ် စရာ ဖြစ်နေသည်ဟု ဆိုသည်။
သူက “နှစ်ပေါင်း ၇၀ အမျိုးသမီးတွေကို ဘယ်လောက်ထိ ထည့်သွင်းပြီးမှ အမျိုးသားကို ၁ ဆ အမျိုးသမီးကိုဆို ၂ ဆ ပံ့ပိုး ပေးထားခဲ့ရဲ့လား။ မပေးထားဘဲနဲ့ ဒီအချိန်မှာမှ အမျိုးသမီးနဲ့ အမျိုးသား တန်းတူညီမျှ ပေးထားပါတယ်။ လာ ငါတို့ စားပွဲဝိုင်းပေါ်မှာ အတူတကွ ဆွေးနွေးရအောင်လို့ပြောရင် အမျိုးသမီးတွေ ဘယ်လို ထွက်လာမှာလဲ” ဟု ပြောသည်။
ငြိမ်းချမ်းရေး အပါအဝင် ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရန် တဦးချင်းဖြစ်စေ၊ အမျိုးသမီး အဖွဲ့အစည်းများကဖြစ်စေ အသိပညာပေးမှုများ၊ တောင်းဆိုမှုများ ပြုလုပ်ကာ ဆယ်စုနှစ်မက တွန်းတိုက်ခဲ့သော်လည်း အဟန့်အတားနှင့် စိန်ခေါ်မှုများစွာ ရှိနေဆဲဟု အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။
ထို့ပြင် အမျိုးသမီးများ၏ ပါဝင်မှုကို အားပေးသော မူဝါဒ၊ ဘတ်ဂျက်၊ နည်းဗျူဟာ၊ စီမံကိန်းများ စနစ်တကျ မရှိသေးခြင်းကလည်း အဟန့်အတားတခု ဖြစ်နေသည်ဟု ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) မှ နည်းပညာအကြံပေး နန်းဖြူဖြူလင်းက ထောက်ပြသည်။
ကျန်းမာရေး၊ ပညာရေး၊ လူကုန်ကူး၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး လုပ်ပေးရမည့် ကိစ္စများတွင် အမျိုး သမီးတို့ အသံကို များများယူသော်လည်း အုပ်ချုပ်ရေးအာဏာခွဲဝေမှု၊ ရွေးကောက်ပွဲစနစ်၊ ငြိမ်းချမ်းရေး စသဖြင့် အရေးကြီးသည့် အခန်းကဏ္ဍများ ဆွေးနွေးသည့်အခါ အမျိုးသမီးပါဝင်မှု သုည ရာခိုင်နှုန်းသာ ဖြစ်ကြောင်း သူက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPDJC) လုပ်ငန်းအဖွဲ့တွင် လူမှုရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍ၌ အမျိုးသမီးပါဝင်မှု ၃၃ ရာခိုင်နှုန်းက အထက်ပါ ပြောဆိုချက်ကို သက်သေထူနေသည်။
နန်းဖြူဖြူလင်း၏ ၂၀၁၇ အချက်အလက်များ ကိုးကားပြောဆိုချက်အရ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၌ သုညရာခိုင်နှုန်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(JICM)၌ ၄ ရာခိုင်နှုန်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး၌ သုညရာခိုင်နှုန်း၊ UPDJC ၌ ၈ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ်(၂၀၁၆)တွင် အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်(၂၀၁၇)တွင် ၁၇ ရာခိုင်နှုန်း၊ တတိယအကြိမ်(၂၀၁၈)တွင် ၂၂ ရာခိုင်နှုန်း ပါဝင်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် မြင့်တက်လာသည်ဟု ဆိုနိုင်သော်လည်း ဆုံးဖြတ်ချက်ချသည့် နေရာများ၌ မဟုတ်ဘဲ အခမ်းအနား ပြင်ဆင်ရေး၊ စားရေးသောက်ရေး အတွက် တာန်ဝန်ယူပေးရသည့် နေရာများ၌သာ များနေခြင်း ဖြစ်ကြောင်း သူက မှတ်ချက်ပြုသည်။
နိုင်ငံရေးတွင် အမျိုးသမီး ပါဝင်မှုကို ကြည့်လျှင်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်အသီးသီးတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်မှု အလွန်နည်းပါးကာ အုပ်ချုပ်ရေးကဏ္ဍ အကြီးအကဲများအဖြစ် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးသာ ပါဝင်လာကြောင်း တွေ့ရှိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းတွင် စစ်ရေးစစ်ရာပိုင်း ဦးဆောင်လုပ်သူများကို အခြေခံခြင်းဖြစ်ရာ စစ်ရေးစစ်ရာပိုင်း၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ နည်းပါးသည့် အခါ အမျိုးသမီများ အလိုအလျောက် မပါလာသည့် သဘောဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တထောင့်တနေရာမှ ပါဝင်ဆောင်ရွက်နေသူ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း၊ အမျိုးသမီးများပါဝင်သည့် အခါ အရေအတွက် ဖြည့်ရုံသာလုပ်ပြီး ဆွေးနွေးခြင်း မပြုလုပ်နိုင်ပါက အမျိုးသမီးများ၏ အမြင်ရှုထောင့်ကို ရမည်မဟုတ်ကြောင်း သူက ထောက်ပြသည်။
“အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တော်တော်များများမှာ တွေ့တာက အမျိုးသမီးတွေ ထိုင်တော့ ထိုင်နေတယ်။ ဝင်တော့ မဆွေးနွေးဘူး။ အဲဒီအခါကျရင် အမျိုးသမီးတွေရဲ့ အသံ အမြင်ကို မရဘူး။ အမျိုးသမီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို လာသလို တက်တက်ကြွကြွ ဝင်ဆွေးနွေးဖို့လည်း လိုတယ်” ဟု သူ့အမြင်ကို ပြောဆိုသည်။
ငြိမ်းချမ်းရေး အပါအဝင် ဦးဆောင်မှု အခန်းကဏ္ဍ အသီးသီးတွင် “အမျိုးသမီး ဖြစ်လို့ဆိုပြီး ဖယ်ထားတာ နှိမ်ထားတာမျိုး မရှိဘူး” ၊ “အရည်အချင်း ရှိရင် ရှိသလို နေရာရလာမှာပေါ့” ဟူ၍ အမျိုးသား အများစုက ပြောလေ့ရှိကြသည်။
သို့သော် တကယ်တမ်း ပါဝင်မည်ဆိုလျှင် ထိုအမျိုးသမီးတို့၏ စွမ်းရည်၊ အရည်အချင်း၊ အတွေ့အကြုံများအား မေးခွန်းထုတ်ခြင်းမျိုး ယနေ့ထိတိုင် ရှိနေဆဲဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများကပြောသည်။
သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ယိင်းလောဝ်က အမျိုးသမီးများ အဘယ်ကြောင့် ပါသင့်သည် ဆိုခြင်းကို တချိန်လုံး မေးနေသော်လည်း အမျိုးသားများကိုမူ မည်သူမျှ မေးခွန်းထုတ်လေ့ မရှိကြောင်း မှတ်ချက်ပြုသည်။
“လူတွေရဲ့ အတွေးမှာ အဲဒီနေရာတွေကို ယောကျ်ားတွေရဲ့ နေရာလို့ သတ်မှတ်ထားတာ။ အဲဒီတော့ သူ့နေရာ ဝင်ယူ တာ ဝင်နေတာ ဘာမှ မေးခွန်းထုတ်စရာ အကြောင်းမရှိဘူးလို့ တွေးတာ။ မိန်းမတွေကို ကျတော့ မေးတယ်” ဟု သူ့ အမြင်ကို ပြောပြသည်။
“အဲဒီလို မေးတဲ့လူရဲ့ သိစိတ် မသိစိတ်က အဲဒါ နင်တို့နေရာမှ မဟုတ်တာ။ ပါချင်တယ်ဆို ငါ့ကို ရှင်းပြ။ ဘာကြောင့် ပါသင့်တယ်လို့ ယူဆသလဲ။ နင်တို့ မပါဘဲနဲ့လည်း ကမ္ဘာကြီးက လည်နေတာပဲ။ ပါလာတော့ရော ဘာအကျိုးရှိမှာမို့လဲ။ ပိုတောင်ရှုပ်သေးတယ်” ဟုလည်း အမျိုးသမီး ပါဝင်ရေးအပေါ် မေးခွန်းထုတ်လေ့ရှိသည့် အမျိုးသားများနှင့် ပတ်သက်ပြီး သူ၏ ယူဆချက်ကို ပြောသည်။
အမျိုးသမီးများ ပါလာလျှင် ကလေးများလည်း ပါလာမည်ဖြစ်ရာ ကလေးစရိတ်၊ ကလေးထိန်းစရိတ်များ ထည့် တွက်ရတော့မည် ဟူသည့် စိုးရိမ်မှုများ ရှိကြကြောင်း သူက ပြောသည်။
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစင်တာ(CPR) ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာ ဦးလှမောင်ရွှေက တချို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရန်ပုံငွေ/ထောက်ပံ့မှုနှင့် ပွဲများ၊ အစည်းအဝေးများ ပြုလုပ်သည့်အခါ အမျိုးသမီး ၃၀ ရာခိုင်နှုန်း မပါဘူးဆိုပါက ထိုပွဲ၏ ကုန်ကျစရိတ်ကို မပေးဘူးဆိုသည်မျိုး ချမှတ်ထားရာ အမျိုးသမီးများ ပါဝင်ရေးအတွက် တွန်းအားတခု ဖြစ်စေသည်ဟု ထောက်ပြသည်။
သူက “အမျိုးသမီးတွေ ပါဝင်ဖို့ လိုမယ်လို့တော့ ထင်တယ်။ သို့ပေမယ့် သူတို့ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်က ဒီထက်မြင့် လို့ရှိရင် သူတို့ပါဝင်မှု နည်းခြင်းများခြင်းနဲ့ သူတို့ဖြစ်ချင်တာ ရွှေ့ချင်တာ ပိုပြီးဖြစ်လာမယ် ထင်တယ်” ဟု ပြောသည်။
နန်းမြသီတာကတော့ “စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးဖို့ လိုတယ် မှန်ပေမယ့် အထောက်အပံ့တွေလည်း လိုနေသေးတယ်” ဟု ယူဆသည်။
ရပ်ရွာထဲတွင် ပြောနိုင်ဆိုနိုင်၊ လုပ်ကိုင်နိုင်သည့် အမျိုးသမီး ခေါင်းဆောင်များသည်ပင်လျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသည့်အခါ ဗမာစကားတောင် ရေရေလည်လည် နားမလည် သောကြောင့် ပါဝင် မဆွေးနွေးနိုင်သည့် ကရင်အမျိုးသမီးကို မြင်တွေ့ဖူးရာ သူ အလွန် စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။
“နှစ်ပေါင်း ၇၀ ခြေထောက် ရိုက်ချိုးခဲ့ပြီးကာမှ။ အမျိုးသမီးတွေကို ပံ့ပိုးမှုတွေ မပေးခဲ့ဘူး။ ဒီရဲ့ နိုင်ငံရေးမှာလည်း ပါဝင်လာဖို့ အခက်ခဲတွေ များစွာရှိခဲ့တဲ့ အခြေအနေ။ အခု ၂၁ ရာစုပင်လုံမှာမှ အမျိုးသားနဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဆိုပြီး တရွတ် တိုက်ဆွဲလို့ မရဘူး” ဟု သူက ရှင်းပြသည်။
၂၀၀၉ လောက်ကတည်းက အမျိုးသမီးအရေး ကိစ္စများကို ဆောင်ရွက်ခဲ့သူ၊ လက်ရှိတွင် ကရင်ပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့အစည်းတခုတွင် ပါဝင်ဆောင်ရွက်နေသူ နော်စင်သီယာဝင်းမှာလည်း ထိုကဲ့သို့ အမြင်ရှိသည်။
တကယ့် မြေပြင်အခြေအနေတွင် ယခုအချိန်ထိ (လုံးဝ) အပြင်ခေါ်ထုတ်၍ မရသော ကရင်တိုင်းရင်းသား အမျိုးသမီး များစွာ ရှိနေသေးသည်ဟုလည်း သူက ပြောပြသည်။
နှစ်ပေါင်းကြာရှည် ပဋိပက္ခဒေသတွင် ကြီးပြင်းလာရခြင်း၊ ဓလေ့ထုံးထမ်းအရ အမျိုးသမီးများ၏ ပညာရေးကို ဦး စားပေးမခံရခြင်း၊ အုပ်ချုပ်ရေး ဦးဆောင်မှု အခန်းကဏ္ဍထဲ၌ ပါဝင်မှုနည်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းအပြင် နေရာပေးမခံရခြင်းတို့ကြောင့်လည်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အဟန့်အတားများ ဖြစ်နေစေကြောင်း သူက မှတ်ချက်ပြုသည်။
“ကျမတို့ တိုင်းရင်းသားပါတီမှာ အမျိုးသားကြီးစိုးရေး ဝါဒတွေ နည်းနည်းတော့ ရှိတယ်။ ပြီးတော့ သူတိုရဲ့ ဟိုးအရင်က အတွေးအခေါ်လေးတွေ ရှိသေးတဲ့အတွက်ကြောင့် အမျိုးသမီးကို ဦးစားမပေးတာလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။
အမျိုးသမီးအဖွဲ့အစည်းများ တောက်လျှောက် တောင်းဆိုနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး ကိုတာစနစ်သည် ယနေ့ချိန်ထိ မပြည့်မီသေးသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေး မူအရ သဘောတူညီချက်များတော့ ရရှိခဲ့ပြီ ဖြစ်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း(၅)ပါ အပိုဒ် ၂၃ တွင် နိုင်ငံရေး ဆွေးနွေးပွဲများ၌ သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြပါရှိသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အခန်း(၂) အပိုဒ်ခွဲ (ည)တွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဟု ရေးသားထားသည်။
စာရွက်ပေါ်က မူအရ သဘောတူညီချက်များမှသည် လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးမှုအပိုင်း အားကောင်း လာစေရန်အတွက် ဆက်လက် ကြိုးပမ်းသွားရအုံးမည်ဟု နန်းဖြူဖြူလင်းက ပြောသည်။
ကိုတာစနစ် တောင်းဆိုခြင်းသည် အခွင့်ထူးခံဖြစ်ရန် တောင်းဆိုခြင်း မဟုတ်ဘဲ မူဝါဒ ယန္တရားပိုင်းဆိုင်ရာ အားနည်း မှုများကြောင့် ဖြစ်ပေါ်လာသည့် မမြင်ရသော အတားအဆီးများ ကျော်လွှားနိုင်ရေးအတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။
ကိုတာစနစ်မှတဆင့် အမျိုးသမီးများကို နေရာပေးရင်း တပြိုင်နက်တည်း စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း ဖြင့် ဦးဆောင်မှု အခန်းကဏ္ဍသို့ တဖြည်းဖြည်း ရောက်ရှိလာမည်ဟုလည်း ၎င်းတို့က ယုံကြည်ထားသည်။
“အထူးသဖြင့် စစ်ရဲ့ပဋိပက္ခကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများဆုံး ခံရတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ပိုလိုတဲ့သူတွေ အလိုချင်ဆုံး သူတွေလို့ဆိုရင် ကျမ မမှားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယ်ကြဉ်ခံနေရတုန်းပဲ ဖြစ်ပါတယ် ။ တကယ် ခံစားရတဲ့သူတွေရဲ့ အသံတွေ ကိုယ်စားပြုမှုတွေ မပါဝင်ဘဲရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ သွားလို့မရပါဘူး” ဟု မြန်မာနိုင်ငံ ကျား-မ ရေးရာ လေ့လာရေး သိပ္ဗံ (MIGS)မှ program officer မယ်စိုးစိုးနွယ်က ထောက်ပြသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်နေခြင်း၊ စစ်၏ပဋိပက္ခဒဏ်ကို အမျိုးသမီးနှင့် ကလေးငယ်များက အများဆုံး ခံနေရခြင်းတို့က အမျိုးသမီးများ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့တွင် ပိုမို ပါဝင်သင့်ကြောင်း ဝေဖန်ထောက်ပြမှုကို ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်း ကလည်း ထောက်ခံသည်။
သူက “အမျိုးသမီးပါဝင်မှု များလာလေလေ အခြေအနေ ပိုကောင်းလာလေလေ။ ကျနော်တို့ ယောကျ်ားတွေ မြင်လို့ မရတဲ့ ရှုဒေါင့်ကနေ သူတို့မြင်တာတွေလည်း ရှိတယ်။ မိခင်စိတ်ဆိုတာ စာနာစိတ် သနားစိတ် ပါလာတယ်။ သားသမီး ပိုပြီး ချစ်တတ်တဲ့ စိတ်တွေ ပါလာတယ်။ အဲဒါမျိုးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အမျိုးသမီး အခန်းကဏ္ဍ မြှင့်လေလေ ကောင်းလေလေလို့ပဲ မြင်တယ်” ဟု မှတ်ချက်ပြုသည်။
NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မတရားအသင်းမှ ပယ်ဖျက်ပြီး ဖြစ်သဖြင့် မည်သူမဆို ပါဝင်၍ရပြီး အန္တရာယ် မရှိကြောင်း၊ NCA ယန္တရားလမ်းကြောင်းကို အသုံးချကာ အမျိုးသမီးများ ပါဝင်ရေးကို ကြိုးစား ဆောင်ရွက်နိုင်ပါကြောင်းလည်း သူက သတင်းစကားပါးသည်။
“အိမ်တအိမ်မှာ အမျိုးသမီး မရှိဘဲ အဆင်ပြေလား။ အမျိုးသမီး မရှိဘဲနဲ့ အဆင်မပြေဘူးဆိုရင် ဒီနိုင်ငံရဲ့ တည်ဆောက်မှု ဖြစ်စဉ်မှာရော အမျိုးသမီးမပါဘဲ အဆင်ပြေမလားပေါ့” ဟု နန်းမြသီတာက ဥပမာပေးပြီး ပြောသည်။
အမျိုးသမီးနှင့် အမျိုးသားတို့၏ အားသာချက် မတူညီသလို နိုင်ငံ၏ လိုအပ်ချက် ကဏ္ဍစုံတွင်လည်း အမျိုးသမီး ပါဝင်ဆုံးဖြတ်မှ အမျိုးသားပါဝင် ဆုံးဖြတ်မှ ထောင့်စုံမည့် အရာများလည်း ရှိရာ သဘာဝအရ ပေးလာသည့် အမျိုးသမီးများ၏ အားသာသည့် စွမ်းရည်ကတဆင့် ဆုံးဖြတ်ချက်ချသည့် နေရာများ၌ ဦးဆောင်ပါဝင်ရေး၊ နိုင်ငံ့အကျိုး ဆောင်ရွက်မည့် နေရာများ၌ ပါဝင်ရေးတို့အတွက် မည်သို့ စဉ်းစားရမည်ကို သုတေသနပြုလုပ် သင့်သည်ဟု ဆိုသည်။
“ခု ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ နိုင်ငံရေး သဘောတူညီချက် ရထားတဲ့အပေါ်မှာ အဲဒီအိမ်ကို ကျမတို့ တည်ဆောက်မယ်ဆိုရင် လိုအပ်နေတဲ့ ကဏ္ဍပေါင်းစုံက အမျိုးသမီး အမျိုးသား ပါဝင်ရမယ့် အခန်းကဏ္ဍ အဲဒါကြီးက ဟန်ချက်ညီမှ ဒီအိမ်ကြီးက ရှေ့ဆက်ပြီး ဟန်ချက်ညီညီ သွားနိုင်မယ်လို့ မြင်တယ်” ဟု သူက သုံးသပ်သည်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နေသည့် မြန်မာနိုင်ငံတွင် တနိုင်ငံလုံး လူဦးရေ၏ ထက်ဝက် ကျော်ဖြစ်သော အမျိုးသမီးများအား ဦးဆောင်မှု အခန်းကဏ္ဍတွင် ထည့်သွင်းခြင်း ပါဝင်ခြင်း မရှိပါဘဲ နိုင်ငံကို ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်နိုင်ရေး မည်သို့ ရှေ့ဆက်သွားပါမည်လဲဟုလည်း သူက မေးခွန်းထုတ်လိုက်သည်။