Women & Gender

လိင်ပညာပေး အတားအဆီးများကို ချိုးဖျက်သူ မွတ်စလင် အမျိုးသမီး ဆရာဝန်

Want create site? Find Free WordPress Themes and plugins.

ဒေါက်တာသက်ထွေးသည် သူ၏ အမျိုးသမီးခေါင်းခြုံပုဝါ အနေအထားကို ပြင်လိုက်ရင်း သင်တန်းခန်းမအတွင်း တချက်ကြည့်လိုက်ကာ တနေ့တာ ပို့ချချက်ကို ရိုးရှင်းသော မေးခွန်းတခုဖြင့် စတင်လိုက်သည်။

“လူသားတွေရဲ့ လိင်မှု တုံ့ပြန်ပုံအကြောင်း ဘယ်သူတွေ သိချင်လဲ”

သင်တန်းသားတိုင်း လက်ထောင်ကြပြီး တချို့မှာ ရှက်ပြုံးပြုံးနေကြသည်။

အမျိုးသမီး လိင်အင်္ဂါအတွက် အသုံးပြုရမည့် သင့်တော်သော စကားလုံးကိုပင် အငြင်းပွားနေရဆဲဖြစ်ပြီး လိင်အကြောင်း ပြောဆိုခြင်းသည် မသင့်တော်သောအရာ ဖြစ်သည်ဟု ယူဆနေသေးသော မြန်မာနိုင်ငံတွင် ဒေါက်တာ သက်ထွေးသည် အတားအဆီးများကို ဖြိုချနေသည်။

အသက် ၃၅ နှစ်အရွယ် မွတ်စလင် အမျိုးသမီးဖြစ်သော ဒေါက်တာသက်ထွေးသည် မြန်မာနိုင်ငံမှ ထိပ်တန်း လိင်ပညာရေး ဆရာမဖြစ်ပြီး တနိုင်ငံလုံးသို့ လှည့်လည်ကာ လိင်စိတ်နှိုးဆွခြင်းမှသည် ရာသီသွေးပေါ်ခြင်းနှင့် လိင်ကြိုက်နှစ်သက်မှု ကွဲပြားခြင်းအထိ ပါဝင်သော ပို့ချချက်များကို တနေ့တာမှ တပတ်ကြာသည်အထိ အချိန်ယူသော သင်တန်းများတွင် သင်ကြားပေးလျှက်ရှိသည်။

အလုပ်အကိုင်အရ မိသားစု ဆရာဝန် ဖြစ်သော ဒေါက်တာသက်ထွေးသည် သူ၏ အဖွဲ့အစည်း ဖြစ်သော Strong Flowers တွင် လိင်ပညာရေး သင်ကြားပေးနေသည်မှာ ၂၀၁၆ ခုနှစ် ကတည်းကပင် ဖြစ်သည်။

တခြားသော အရှေ့တောင်အာရှ နိုင်ငံ အများအပြား ကဲ့သို့ပင် မြန်မာနိုင်ငံတွင် လိင်ပညာရေးကို ကျောင်းများတွင် သင်ကြားပေးခြင်း မရှိသောကြောင့် ဒေါက်တာသက်ထွေး အနေဖြင့် ဆယ်ကျော်သက် များမှသည် ၆၀ ကျော် အရွယ်များအထိ အသက်အရွယ်မျိုးစုံကို လိင်ပညာရေး သင်ကြားပေးနေရသည်။

တခါတရံ ဝန်ထမ်းများကို သင်ကြားပေးရန်အတွက် သူ့ကို ကုမ္ပဏီများက ငှားရမ်းကြသည်လည်း ရှိသည်။

“မြန်မာမိန်းကလေး တော်တော်များများက ဒါမျိုးတွေကို သူတို့အမေတွေ၊ အဒေါ်တွေဆီကနေ လေ့လာကြတာ။ ဒါမျိုးကို လုံး၀ မဆွေးနွေးတဲ့အခါတွေ အများကြီးပဲ။ ပြောတဲ့အခါ ကျရင်လည်း လွဲမှားနေတာတွေက များနေပြန်ရော” ဟု သူက ရှင်းပြသည်။

တိတ်ဆိတ်သော အရေးပေါ်အခြေအနေ

ထိုသင်တန်းများ၏ တခြားသော အခန်းကဏ္ဍ တခုလည်း ရှိနေသေးသည်။ လိင်ဆက်ဆံရန် အရွယ်ရောက်ခြင်း၊ အမျိုးသမီး အခွင့်အရေးတို့ကို ဆွေးနွေးခြင်းနှင့် လိင်ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများကို ဖြေရှင်းတို့ ဖြစ်သည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ အဆိုအရ အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် မြန်မာနိုင်ငံတွင် တိတ်ဆိတ်သော အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ အကြောင်းရင်းမှာ ထိုသို့သော အကြမ်းဖက်မှုများကို လူမှုလက်ခံမှု မြင့်မားခြင်းနှင့် အမျိုးသမီးများကို ကာကွယ်သည့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေရန် တရားဥပဒေ စနစ်က ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မကြာခဏပြောလေ့ရှိသော ဆိုရိုးတခုမှာ (အမျိုးသမီးများကို) အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ် ဟူသော စကားဖြစ်သည်။

အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အမျိုးသမီးများ၏ ခန့်မှန်းခြေ ၁၇ ရာခိုင်နှုန်းသည် ၎င်းတို့ ခင်ပွန်းများ၏ ရုပ်ပိုင်း အကြမ်းဖက်မှု နှင့်/သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံနေကြရသည်ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသောအဖွဲ့အစည်း International Coaches Federation တို့၏ ၂၀၁၇ ခုနှစ်က စာရင်းများအရ သိရသည်။

သို့သော် အမျိုးသမီးများသည် ၎င်းတို့၏ အခွင့်အရေးများကို နားမလည်ခြင်းနှင့် ဝိုင်းကျဉ်ခံရမည်ကို စိုးရိမ်သဖြင့် တိုင်ကြားမှု မရှိခြင်းတို့ကြောင့် လက်တွေ့ ထိုသို့ ခံရသော အရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

“ကျမတို့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးအများအပြားဟာ သူတို့အနေနဲ့ ငြင်းဆန်ခွင့် ရှိတယ်ဆိုတာကို နားမလည်ဘူး” ဟု ဒေါက်တာသက်ထွေး၏ ၂၀၁၆ ခုနှစ် သင်တန်းမှ အသက် ၂၂ နှစ်အရွယ် မစုမေ က ပြောသည်။

“သူတို့နဲ့ ပတ်သက်သူတွေကို သာမက၊ မိသားစုနဲ့ရော လုပ်ငန်းခွင်မှာပါ ငြင်းဆန်ခွင့်ရှိတယ်။ ဒီသင်တန်းကို တက်ခဲ့တဲ့အတွက် ကာယကံရှင်က ခွင့်ပြုမှ လိင်ဆက်ဆံသင့်တယ် ဆိုတာ သိလာတယ်၊ မိမိကိုယ်မိမိလည်း လေးစားတတ် စေခဲ့တယ်” ဟုလည်း သူက ဆိုသည်။

သူ၏ သင်တန်းများသည် သင်တန်းသား အမျိုးအစားသစ်တခုကို စတင်ဆွဲဆောင်နေသည်ဟု ဒေါက်တာ သက်ထွေးက ပြောသည်။

“အရင်တုန်းကတော့ ဒီသင်တန်းတွေကို တက်ကြတာ အမျိုးသမီးတွေချည်းပဲ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ အမျိုးသာတွေပါ သင်တန်းလာတက်တာ များလာတယ်” ဟု သူက ဆိုသည်။

မျက်စေ့ဖွင့်ပေးခြင်း

တချို့သော အမျိုးသားများမှာ ၎င်းတို့ အလုပ်ရှင်များက စေလွှတ်သောကြောင့် လာတက်ခြင်းဖြစ်ကြောင်း ဒေါက်တာသက်ထွေးက ဝန်ခံသော်လည်း အရေးကြီးသော ပြဿနာများကို ဆွေးနွေးရန် အန္တရာယ်ကင်းသည့် နေရာရှာရေး အတွက် ၎င်းတို့ ဆန္ဒအလျှောက် သင်တန်းလာတက်သူ အမျိုးသား များလာသည်ကို သတိပြုမိကြောင်း သူက ပြောသည်။

“ကျနော့်အတွက်ကတော့ မျက်စိပွင့်သွားပြီ။ ကြီးမားတဲ့သင်ယူမှု အတွေ့အကြုံတခုပဲ” ဟု လိင်ပိုင်းဆိုင်ရာ ထိပါးမှုများနှင့် ပတ်သက်သော သင်တန်းတက်ရောက်ခဲ့သူ အသက် ၁၇ နှစ်အရွယ် မင်းဇော်က ပြောသည်။

သင်တန်းတက်ပြီးနောက် အမျိုးသမီးများကို သူဆက်ဆံပုံ ပြောင်းလဲသွားကြောင်း ဒေါက်တာ သက်ထွေး သင်ကြားပေးသည့် သင်ခန်းစာများကို ပြန်လည်စဉ်းစားရင်း မင်းဇော်က ပြောပြသည်။

“ကျနော်က မိန်းကလေးတွေကို အရမ်း စ နောက်တတ်သူမျိုး။ ဒါပေမယ့် ဒီ သင်တန်းကိုလည်း တက်ပြီးရော ကျနော် ဒီလို စတာ နောက်တာတွေကို အရမ်းဂရုစိုက်လာတယ်။ ကျနော့်အပြုအမူတွေ ပြောင်းလဲသွားတာ သေချာတယ်” ဟု သူက ဆိုသည်။

မြန်မာကဲ့သို့ ဗုဒ္ဓဘာသာအများစုရှိသော နိုင်ငံမျိုးတွင် ဒေါက်တာ သက်ထွေးသည် ဘာသာတရားအချင်းချင်း နားလည်မှု ရရှိရေးအတွက် သံတမန်တဦးလည်း ဖြစ်လာသည်။

အပြောင်းအလဲ၏ အစိတ်အပိုင်း

မွတ်စလင် ခေါင်းစည်းပုဝါ ဝတ်ဆင်သော အမျိုးသမီး တဦးဘဝမှ ပညာပေးရေးမှူးဖြစ်လာခဲ့ကြောင်း ဒေါက်တာ သက်ထွေးက ဝန်ခံသည်။

“လောကမှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ မွတ်စလင် အမျိုးသမီးတွေအတွက် ဆိုရင် စိန်ခေါ်မှုက နှစ်ဆတောင် တိုးလာသေးတယ်လို့ ကျမ ပြောရမှာပဲ” ဟုလည်း သူက ရှင်းပြသည်။

“သင်တန်းသားတွေကို သင်တန်းနဲ့ ပတ်သက်တဲ့သူတို့ရဲ့ ထင်မြင်ချက်ကို တောင်းတဲ့အခါ သူတို့က “ဆရာမက ဘာသာရေး၊ ယဉ်ကျေးမှု အငြင်းပွားဖွယ်ရာတွေ ဆွေးနွေးမယ်လို့ ထင်ဖူးတဲ့အခါတွေ ရှိတယ်။ ဒါပေမယ့် သင်တန်းကာလ တလျှောက်လုံး ဆရာမဟာ ကျနော်တို့နဲ့ အတူတူပဲဆိုတာ သိလိုက်ရတယ်။ ကျနော်တို့ သတိပြုမိတာက ကျနော်တို့ကြားမှာ ကြီးမားတဲ့ ကွဲပြားမှုမရှိဘူး” ဟု ၎င်းက ရှင်းပြသည်။

ရေရှည်တည်တံ့သော လူမှုအပြောင်းအလဲဖြစ်ရန် အချိန်ယူရမည် ဖြစ်ကြောင်း ဒေါက်တာ သက်ထွေး သဘောတူသော်လည်း သူ၏ သင်တန်းများသည် ပြည်သူများအကြား နားလည်မှု တည်ဆောက်ရာတွင် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြောသည်။

“သင်တန်းမှာ လူ ၂၀ ထဲက တယောက်ပဲ တခုခုရလိုက်တယ်၊ ပြောင်းလဲသွားတယ် ဆိုရင်တောင် လူ့အဖွဲ့အစည်း တခုလုံးအတွက် ကောင်းကျိုးဖြစ်စေတယ်။ အသိပညာ ပျံ့နှံ့ဖို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ အပြောင်းအလဲရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ကျမတတ်နိုင်တာ ဘာမဆို ဆက်လုပ်မယ်။ ဒါကျမရဲ့ ဆုံးဖြတ်ချက်ပဲ” ဟု သူက ပြောသည်။

(Al Jazeera ပါ Victoria Milko ၏ The Muslim woman breaking barriers in sex education in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading