“ကျနော်တို့က မုဒိမ်းမှုလို့ ပြောဆိုသုံးနှုန်းရင် ရိုင်းရာကျတဲ့အတွက် နားထောင်သူ အဆင်ပြေအောင် ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ သုံးဖို့လိုပါတယ်”။
ဒါကတော့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတခုရဲ့ ဘေးကင်းရေး (safeguarding) လုပ်ငန်းပိုင်းတာဝန်ရှိသူ အမျိုးသားတဦးက ကျမကို ပြန်လည် ဖြေရှင်းချက်ပေးတဲ့ စကားတွေဖြစ်ပါတယ်။ ဒီအကြောင်းအရာက စီမံချက်ကာလအတွင်း “ဘေးကင်းရေးမူဝါဒ” ဖော်ဆောင်မှုအကြောင်း ဆွေးနွေးနေတဲ့အချိန်က ဖြစ်ပါတယ်။
“ဘေးကင်းရေးမူဝါဒ” ဆိုတာ အဖွဲ့အစည်းရဲ့ဝန်ထမ်းနဲ့ စီမံချက်မှာ ပါဝင်နေတဲ့ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ထိခိုက်လွယ်တဲ့ လူအုပ်စုတွေကို အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ လျစ်လျူရှုမှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှု အန္တရာယ်များမှ အကာအကွယ်ပေးနိုင်ဖို့ ချမှတ်ထားတဲ့ အခြေခံမူ၊ လုပ်ဆောင်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပါတယ်။
တာဝန်ရှိပါတယ်ဆိုတဲ့သူက “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” ဒါမှမဟုတ် “မုဒိမ်းမှု” စတဲ့ စကားလုံးတွေကို “သားမယားပြုကျင့်ခြင်း”၊ “အဓမ္မပြုကျင့်ခြင်း” စတဲ့ စကားလုံးတွေနဲ့ အစားထိုး အသုံးပြုနေခဲ့တာကို ကျမက ထောက်ပြပြောဆိုခဲ့ရာမှ သူက ဖြေရှင်းချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ သူ့အယူအဆ နှုတ်ထွက်ချက်က ကျမကို ဆွံ့အသွားစေခဲ့တယ်။
လူ့အခွင့်အရေး၊ တရားမျှတရေးဆိုင်ရာ ပညာပေးလုပ်ငန်းနဲ့ ကာကွယ်ပေးရေး ကဏ္ဍတွေမှာ ပါဝင်နေသူရဲ့ အသိအမြင်နဲ့ ခံယူချက်တွေက လွဲမှားနေပါလားလို့ သိရပြီးတဲ့နောက် စကားလုံးများရဲ့ စွမ်းအားတွေအကြောင်း ပိုလို့ တွေးတောမိ၊ လေ့လာမိပါတယ်။
လူ့အခွင့်အရေး၊ တရားမျှတရေးဆိုင်ရာ ပညာပေးလုပ်ငန်းနဲ့ ကာကွယ်ပေးရေး ကဏ္ဍတွေမှာ ပါဝင်နေသူရဲ့ အသိအမြင်နဲ့ ခံယူချက်တွေက လွဲမှားနေပါလားလို့ သိရပြီးတဲ့နောက် စကားလုံးများရဲ့ စွမ်းအားတွေအကြောင်း ပိုလို့ တွေးတောမိ၊ လေ့လာမိပါတယ်။
တလွဲ အယူအဆတွေကို ကျမတို့ ပတ်ဝန်းကျင်မှာ ဆက်တွေ့နေရဆဲ ဖြစ်တယ်။ ဒါ့အပြင် ယဉ်ကျေးဟန်ပြတဲ့ အသုံးအနှုန်းကို သတင်းမီဒီယာတွေမှာလည်း နှစ်ရှည်လများ မြင်တွေ့ခဲ့ရဖူးပါတယ်။ အမျိုးသမီးတွေရဲ့ စည်းရုံးလှုံ့ဆော်ပြီး ပညာပေးမှုကြောင့် အခုဆိုရင်တော့ မီဒီယာတချို့က သတိထားလာပြီး စကားလုံးတွေကို အဓိပ္ပာယ်မလွဲမှားစေဘဲ သုံးစွဲလာကြတာကို မြင်ရပါပြီ။
ဒါပေမယ့် တချို့မီဒီယာနဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ စကားလုံးရဲ့ သက်ရောက်မှုကို နက်နက်မတွေးဘဲ ပြောဆို သုံးစွဲနေကျအတိုင်း “သားမယားပြုကျင့်သည်” လို့ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဗမာစကား “မုဒိမ်းကျင့်သည်” ကို ယဉ်ကျေးအောင်ဆိုပြီး “သားမယားပြုကျင့်သည်၊ အဓမ္မပြုကျင့်သည်၊ ဖျက်ဆီးသည်” ဆိုပြီး ပြောင်းလဲသုံးစွဲလို့ ရပါသလား။ အစားထိုးသုံးလိုက်တဲ့ စကားလုံးကိုပဲ ဖတ်မိရင် ဆိုလိုချင်တဲ့ မူရင်းအဓိပ္ပာယ်နဲ့ တူပါသေးရဲ့လား။ “မုဒိမ်းကျင့်ခြင်း” ဆိုတဲ့ ဖြစ်ရပ်ရဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ပေါ့လျော့သွားစေဖို့ တမင် ရေးတာလား။
စာပေရေးသားရာနဲ့ နေ့စဉ်ပြောဆို ဆက်ဆံမှုတွေမှာ မူရင်းအဓိပ္ပာယ် ပျက်ယွင်းသွားစေတဲ့ အသုံးအနှုန်းတွေကို အသုံးမပြုသင့်ပါဘူး။ “ယဉ်ကျေးအောင် ပြောဆိုရေးသားပါတယ်” ဆိုပေမယ့် နောက်ဆက်တွဲမှာ တရားမျှတမှုနဲ့ အမှန်တရားဟာ တဖြည်းဖြည်း ပျောက်ကွယ်လာနိုင်ပါတယ်။
ဒီအကြောင်းအရာကို အမျိုးသမီးအခွင့်အရေးနဲ့ ဂျန်ဒါတန်းတူရေးအတွက် လှုပ်ရှားနေသူတွေက အမျိုးသမီးနဲ့ မိန်းကလေးတွေကို ဖိနှိပ်တဲ့စကားလုံးအနေနဲ့ ဝေဖန်ထောက်ပြထားကြပါတယ်။ ကျမတို့ နေ့စဉ် ဆက်သွယ် ပြောဆိုမှုတွေမှာ အသုံးပြုတဲ့ စကားလုံးတွေက အသိပညာပေးရာမှာ သတင်းစကားဖြန့်ဝေရာမှာ အရေးကြီးသလို တဖက်သတ်အယူတွေ၊ တန်းတူ မညီမျှမှုတွေ၊ လွဲမှားတဲ့အဓိပ္ပာယ်တွေ၊ အဆိုးသဘောတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မြန်မာ-မြန်မာ အဘိဓာန်အရ နာမ်စကားလုံး “မုဒိမ်း” ရဲ့ အဓိပ္ပာယ်နှစ်ခုထဲက တခုမှာ “အလိုမတူသော မိန်းမကို ကာမကျူးလွန်ခြင်း” လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အဘိဓာန်ရဲ့ ရှင်းပြချက်အရ “အလိုမတူ ငြင်းဆန်ခြင်း၊ ခွင့်မပြုခြင်း၊ ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း” တွင် “ယောကျ်ား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်တွင် သွင်းမိခြင်း” လို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ ဥပဒေအကြောင်းအရာကနေ မဟုတ်ဘဲ စကားလုံးအပေါ်မှာပဲ အဓိကထား ဆွေးနွေးသွားချင်ပါတယ်။
“မုဒိမ်း” စကားလုံးကို လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး အစားထိုး စကားလုံးကတော့ “သားမယား ပြုကျင့်သည်” ပဲ ဖြစ်တယ်။
ဒီအကြောင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ဆရာမ မေငြိမ်းရေးထားတဲ့ “ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ထောက်ပြထားပြီး ဖြစ်ပါတယ်။
ဒီအကြောင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ဆရာမ မေငြိမ်းရေးထားတဲ့ “ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ထောက်ပြထားပြီး ဖြစ်ပါတယ်။
မုဒိမ်းကျင့်သည်ကို သားမယားပြုကျင့်သည်လို့ အစားထိုးသုံးစွဲလိုက်ခြင်းက မူရင်းအဓိပ္ပာယ်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားသည်သာမက အပြုအမူဆိုးကို ယဉ်ပါးအောင် မွေးမြူလိုက်တာပဲ ဖြစ်တယ်။ မကောင်းမှုယဉ်ပါးတဲ့ မိသားစုနဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာဖို့ ဦးတည်နေကာ လူတိုင်းက လက်ခံလာစေတဲ့ အပြုအမူပုံစံ ဖြစ်လာနိုင်ပါတယ်။
တခါတရံ မုဒိမ်းမှုကို ရေးသားတဲ့အခါမှာ “အဓမ္မကျင့်သည်”၊ “အပျိုစင်ဘဝကို ဖျက်ဆီးသည်”၊ “(ခံရသူကို) ဖျက်ဆီးသည်” စတဲ့ စကားလုံးတွေကိုလည်း သုံးတာ တွေ့ရပါတယ်။ ဒီလို အသုံးအနှုန်းမျိုးတွေကလည်း ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဒီလို ရေးသားတယ် အစရှာမရနေပါဘူး။
မြန်မာ-မြန်မာ အဘိဓာန်အရ နာမ်စကားလုံး “အဓမ္မ” ဆိုတာ “မသူတော်တရား။ မတရားသောအမှု” ဖြစ်ပြီး ကြိယာဝိသေသန အနေဖြင့် “နိုင်ထက်စီးနင်း” ဟု အဓိပ္ပာယ်ရှိပါတယ်။ ကျမတို့ နေ့စဉ်အသုံးအနှုန်းမှာတော့ “အတင်းအဓမ္မ” ဆိုတဲ့စကားလုံးမျိုးက “သဘောဆန္ဒမပါ”၊ “အလိုမတူ” ဆိုပြီး သုံးနှုန်းကြတယ်။
စကားလုံးကို ဝါကျမှာ အသုံးပြုဖို့အတွက် ကြိယာစကားလုံး “ပြုသည်” နဲ့ တွဲလိုက်တဲ့အခါ “မတရားသောအမှုကို ပြုသည်” ဆိုတာပဲ ဖြစ်လာတယ်။ ဒါကြောင့်မို့လို့ “အဓမ္မပြုကျင့်သည်” ဆိုတဲ့ စကားလုံးက လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ် မပါနေလည်းပဲ အလိုလိုနားလည်မှာပါ ဆိုတဲ့သဘောမျိုးသာဖြစ်နေပြီး မူရင်းအဓိပ္ပာယ်ကို မှေးမှိန်စေပါတယ်။
“အပျိုစင်ဘဝကို ဖျက်ဆီးသည်” ဆိုတဲ့ စကားလုံးနဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေရဲ့ဘဝကို အပျိုစင်ဖြစ်ခြင်းနဲ့ ခိုင်းနှိုင်း ထပ်တူပြု ရေးသားထားတာကလည်း အမျိုးသမီးတွေအပေါ်ထားရှိတဲ့ သတ်မှတ်ချက်စံနှုန်းကို အားဖြည့် ခိုင်မာစေပါတယ်။ အပျိုစင် ဖျက်ဆီးခံလိုက်ရတဲ့အတွက် အမျိုးသမီးတွေ၊ မိန်းကလေးတွေက “တဘဝလုံး ဆုံးရှုံးသွားပြီ”၊ “ဘဝပျက်သွားပြီ” ဆိုပြီး အမျိုးသမီးဖြစ်ခြင်းထက် မလိင်အင်္ဂါကို ဂုဏ်တင်နေခြင်းဖြစ်ကာ ၎င်းအယူအဆကို အားပေးနေတဲ့ အရေးအသားမျိုး ဖြစ်နေပါတယ်။
ဒါ့ကြောင့်မို့လို့ “ဖျက်ဆီးသည်” က “မုဒိမ်းကျင့်သည်” နဲ့ အဓိပ္ပာယ်သဘောသဘာဝ ကွဲလွဲနေသည်သာမက အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် မျှော်လင့်ထားတဲ့ ပုံသေအမြင်ကိုလည်း အားဖြည့်ပေးနေတဲ့ စကားလုံးဖြစ်တဲ့အတွက် မသုံးနှုန်းသင့်ပါဘူး။
ဒါ့ကြောင့်မို့လို့ “ဖျက်ဆီးသည်” က “မုဒိမ်းကျင့်သည်” နဲ့ အဓိပ္ပာယ်သဘောသဘာဝ ကွဲလွဲနေသည်သာမက အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် မျှော်လင့်ထားတဲ့ ပုံသေအမြင်ကိုလည်း အားဖြည့်ပေးနေတဲ့ စကားလုံးဖြစ်တဲ့အတွက် မသုံးနှုန်းသင့်ပါဘူး။
ကျမတို့ရဲ့ နေ့စဉ်ဘဝတွေမှာဖြစ်ဖြစ်၊ သတင်းမီဒီယာ စာပေတွေမှာဖြစ်ဖြစ် အမျိုးသမီးတွေ၊ မိန်းကလေးတွေ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းတွေကို မူရင်းအဓိပ္ပာယ်အတိုင်း ပေါ်လွင်စေတဲ့ စကားလုံးမျိုးကိုသာ သုံးသင့်ပါတယ်။
စော်ကားသမုတ်တဲ့၊ ချိုးနှိမ် နှိမ့်ချ ခွဲခြားတဲ့၊ တဆင့်ခံ (indirect) ဖြစ်တဲ့၊ နားလည်ရခက်ခဲစေတဲ့ စကားလုံးအသုံးအနှုန်းတွေကို ရှောင်ရပါမယ်။ နက်နဲကျယ်ပြန့်လှတဲ့ ဗမာစာ စကားက အဓိပ္ပာယ်များစွာ ပေးစွမ်းနိုင်တဲ့အတွက် သတိမမူဘဲ အသုံးပြုလိုက်မယ်ဆိုရင် ဖတ်ရှုနားထောင်သူတွေအနေနဲ့ လွဲမှားတဲ့ သတင်းအချက်အလက်ကို ယူလိုက်မိမှာ ဖြစ်တယ်။
စကားလုံးတွေက အဓိပ္ပာယ်ပေါင်းများစွာကို ဖော်ပြနေပါတယ်။ ဂရုတစိုက် အသုံးပြုဖို့ ကျမတို့အားလုံး သတိမူကြစေချင်ပါတယ်။
(ဆာရာနွယ်သည် ဂျန်ဒါ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် စည်းရုံးလှုံ့ဆော်နေသူ (advocate) တဦးဖြစ်ပြီး စကားလုံးနှင့် ရုပ်ပုံများ၏ စွမ်းအားအကြောင်း လေ့လာသုံးသပ်သူ ဖြစ်သည်။)
You may also like these stories:
ဝက်လက်က သက်ငယ်မုဒိမ်းမှု အရေးယူပေးဖို့ NUG ကို တောင်းဆို (ရုပ်/သံ)
အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်
NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ
တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ
အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်
ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား
တောင်သာတွင် စစ်တပ်နှင့် ပျူစောထီးများ ကျူးလွန်သည့် မုဒိမ်းမှုများ တိုင်ကြားခွင့်မရ
သက်ငယ်မုဒိမ်း ဘာကြောင့် အဖြစ်များနေသလဲ
လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုတို့နဲ့ Harvey Weinstein ထောင် ၂၃ နှစ်ကျ













