သတင်း

တောင်သာတွင် စစ်တပ်နှင့် ပျူစောထီးများ ကျူးလွန်သည့် မုဒိမ်းမှုများ တိုင်ကြားခွင့်မရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ကျူးလွန်သည့် မုဒိမ်းမှု များအား အမှုဖွင့်တိုင်ကြားခွင့်မရဘဲ အရေးယူခံရခြင်းမှ ကင်းလွတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင် သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွေးက “ကျနော်တို့ လက်လှမ်းမီသလောက်ဆိုရင် တောင်သာနယ်ထဲမှာ စစ်အာဏာသိမ်းပြီးမှ စစ်သားကကျုးလွန်တဲ့ မုဒိမ်းမှု ၂ မှု၊ ပျုစောထီးခေါင်းဆောင်က ၁ မှု ရှိတယ်။ အဲဒီအမှုတွေက လက်ရှိအချိန်ထိ ဘယ်မှ တိုင်လို့မရဖြစ်နေတယ်။ အခြား ကျနော် တို့ မသိနိုင်တာတွေလည်း ရှိတယ်။ သတင်းအကြားအရဆို စစ်တပ်၊ ရဲ၊ ပျုစောထီးတွေကနေ ကျုးလွန်တဲ့ မုဒိမ်းမှု ၈ မှုလောက်ထိ ရှိတယ်။ ကာယကံရှင်တွေကိုယ်တိုင်က ဖွင့်မပြောကြလို့သာ ဖြစ်စဉ်အသေးစိတ်ကို မသိရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်က တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ဉာဏ်ရည်မမီသူ အမျိုးသမီးတဦးကို ဇဂျမ်းအထက်တန်းကျောင်းတွင် အစောင့်ကျနေသည့် စစ်သားတဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူစစ်သားအား ဒေသခံအမျိုးသမီး ၂/၃ ဦး အပါအဝင် ကျူးလွန်ခံရသူ၏ ညီမဝမ်းကွဲနှင့် ဖခင်ဖြစ်သူပါ မျက်မြင်သက်သေ ရှိသော်လည်း ဇဂျမ်းနယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ၌ အမှုဖွင့်ဖြေရှင်းပေး ခြင်း မရှိသလို စစ်တပ်ဘက်ကလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ ကျူးလွန်သူတပ်သားကို အစဖျောက်ပစ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကိုဇော်ထွေးက “အမှုကျုးလွန်သူဟာ စစ်သားပါလို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ ရှိနေပါလျက်နဲ့ စစ်သား တယောက် ဖြစ်နေတဲ့အတွက်ကြောင့်မို့ အမှုဖွင့်မပေးနိုင်တာလို့ သုံးသပ်ရတာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ ကျုးလွန် သူဟာ ဘယ်သူပဲဖြစ်နေဖြစ်နေ နစ်နာသူမိန်းကလေးအတွက် အမှန်တရား ပေါ်ပေါက်စေချင်တာပေါ့။ ကျုးလွန်ခံရတဲ့သူက စိတ်မူမမှန်တဲ့သူဆိုတော့ ပိုပြီးတော့ နစ်နာရတယ်။ အခုက ကျနော်တို့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ ယုတ်မာ ရက်စက်မှုကို အံကြိတ်ပြီး ခံနေကြရတယ်” ပြောဆိုသည်။

ထို့ပြင် ၂၀၂၁ နိုဝင်ဘာအတွင်းကလည်း တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှ တူဝရီး ၂ ယောက် နွားကျောင်းနေ စဉ် ဦးလေးဖြစ်သူအား စစ်ယူနီဖောင်းဝတ် ၄ ဦးက ရိုက်နှက်ခြိမ်းခြောက်ကာ ပြန်ခိုင်းပြီးနောက် တူမဖြစ်သူအား ဝိုင်းပြီး အဓမ္မပြုကျင့်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ်တွင်လည်း ကျူးလွန်ခံရသည့် ကာယကံရှင်ဘက်က အသတ်ခံရနိုင်သည်ဟူသော အကြောက်တရားကြောင့် မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမှ မတိုင်ရဲကြဘဲ ကျူးလွန်သူများမှာ ယခုအချိန်ထိ ကင်းလွတ်ခွင့်ရနေကြောင်း ကိုဇော်ထွေးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း စံဦးကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် မုဆိုးမတဦးကို ယင်းကျေးရွာမှ ပျုစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အမှုဖွင့်ခွင့်ရရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း သိရသည်။

ဒေသခံတဦးက “မုဆိုးမလေးက မုဒိမ်းပြုကျင့်ခံရတာကို ရဲစခန်းကို အမှုသွားဖွင့်ဖို့ လက်ရှိ အုပ်ချုပ်ရေးမှူး တာဝန်ယူထား တဲ့ စစ်မူထမ်းဟောင်းကို သွားပြောတော့ နင်တို့ဘာဖြစ်လို့ အမှုဖွင့်ရမှာလဲ။ အမှုဖွင့်စရာ မလိုဘူး။ ရွာမှာပဲ အပြီးရှင်း ဆိုပြီးတော့ ဖိအားပေးခံရတာကြောင့် အမှုမဖွင့်ရဲတဲ့ အနေအထား ရှိနေတယ်။ အဲဒီကိစ္စကို မုဒိမ်းပြုကျင့်ခံရတဲ့ ကောင် မလေးက မကျေနပ်ပေမယ့် အသက်အန္တရာယ် ရှိလာနိုင်တယ်ဆိုတဲ့အတွေးနဲ့ ရဲရဲရင့်ရင့် မပြောဝံ့ဘူး ဖြစ်နေတယ်” ဟု ရှင်းပြသည်။

တောင်သာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၇ စု၊ ကျေးရွာ ၂၄၃ ရွာရှိပြီး လူဦးရေ ၃ သိန်း ၁ သောင်းကျော် နေထိုင်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၂၅၀ ကျော်ရှိကြောင်း ဒေသတွင်း လှုပ် ရှားတက်ကြွသူများထံမှ သိရသည်။

ယင်းဒေသအတွင်း စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများ ရှိသော်လည်း စစ်ကောင်စီအား ထောက်ခံသူ များသောကြောင့် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းကာ စစ်ကောင်စီက လက်နက်များ တပ်ဆင်ပေးထားသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း မြို့နေပြည်သူလူထုအပေါ် ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ က ပြောသည်။

ဒေသတွင်း လေ့လာစောင့်ကြည့်နေသူတဦးက “ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေက ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်။ အဲဒီတော့ စကစ (စစ်ကောင်စီ) နဲ့ မပတ်သက်အောင်နေကြတဲ့ အနေအထားမျိုးတွေကြောင့် မုဒိမ်းမှုတွေကို ထဲထဲဝင်ဝင်ဝင် ကူညီပေးချင်ကြပေမယ့်လည်း ကူညီလို့မရဘူး ဖြစ်နေတယ်။ ပြီးတော့ စကစကနေ ဖမ်းသွားပြီး စစ်ကြောရေးမှာ သေသွား လို့ အလောင်းလာယူဆိုတာရယ်၊ ကျေးရွာထိပ်မှာ အရှင်လတ်လတ် သတ်ဖြတ်သွားတာမျိုးလည်းရှိတော့ တောသူတောင် သားတွေဆိုတော့ အကြောက်တရားတွေ ဝင်နေကြတယ်။ အဲဒါကြောင့်လည်း စကစနဲ့ ကင်းနိုင်သမျှကင်းအောင် နေနေကြ တယ်” ဟု မှတ်ချက်ပြုသည်။

You may also like these stories:

တောင်သာနယ်၌ ဉာဏ်ရည်မမီသူတဦးကို စစ်ကောင်စီတပ်သား အဓမ္မကျင့်

Loading