၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူခံတပ်ကြီး ကျသွား သည် နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ခြည်း ဆုတ်ခွာကြ၏။ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်သည် သိသာ ထင်ရှားစွာ တုန်လှုပ်ချောက်ချား လေပြီ။ မန္တလေးသို့ ထွက်ခွာမည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန္တလေး ဘူတာကြီးသို့ ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက် ဖြစ်နေသော စစ်ပြေးများက ရထားဘေးမှာ အလုအယက် ဆင်းကြတော့ ဘယ်ဆီ ဘယ်ဝယ် သွားရမည် မသိ၊ ယောင်လည်လည် ဖြစ်နေကြသည်။
အများစု စစ်ပြေးများက ဘူတာကြီးအနောက် ခြမ်း၊ တရုတ်တန်းနှင့် ဈေးချိုအကြား လမ်းကြိုလမ်းကြား မကျန် ပျားပန်း ခပ်နေ တော့သည်။ ရန်ကုန်မြို့ရှိ အစိုးရ ရုံးချုပ်ကြီးများက လတ်တလော အနေနှင့် မန္တလေးရုံးများနှင့် ပူးပေါင်းဖွင့်လှစ် ထားသည်။ သို့သော် ရုံးလုပ်ငန်းယန္တရားများကား ပျက်စီးသွား ချေပြီ။
ရန်ကုန်မြို့ရှိ မီးသတ် စက်ကြီးသည်ပင်လျှင် မန္တလေးသို့ ရောက်ရှိလာ၏။ မကြုံစဖူး မန္တလေးမှာ ထူးကဲစွာ စည်ကားနေ သည်။ နံနက်မိုးလင်းသည်နှင့် ကောလာဟလ သတင်းများဖြင့် စီစီညံနေတော့သည်။
ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁၀ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈ မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာများသို့ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင် လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ခြည်းရောက် လာကာ တမြို့လုံး တုန်လှုပ်ချောက်ချား ကြလေပြီ။
သို့သော် မန္တလေး သူရိယသတင်းစာက ၁၃၀၃ ခု၊ တပေါင်းလဆုတ် ၁၀ ရက် အင်္ဂါနေ့ (၁၀-၃-၁၉၄၂) နေ့ထုတ်တွင် ယခုအခါ မဟုတ်မမှန်သော ကောလာဟလသတင်းများ အနှံ့အပြား ထွက်ပေါ် နေသော်လည်း မန္တလေးမြို့၏ အခြေအနေမှာ ကောင်းမွန် ငြိမ်းချမ်းလျက် ရှိနေကြောင်း၊ ရှေ့အဖို့ တစုံတရာ ဖြစ်မည့်နိမိတ် လက္ခဏာလည်း ယခု အချိန်အခါ အထိ အရိပ်အမြွက်မျှ စဉ်းစားတွေးတော၍ မရနိုင်အောင် ရှိနေကြောင်း ရေးသား ဖော်ပြပါရှိခဲ့သည်။
ဒါပေမယ့် ၁၃၀၃ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန် လေယာဉ် ပျံတစင်း သည် သတင်းအရ မန္တလေးသို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ (မြန်မာ) ပြည် အသင်းတိုက်ကို ဗုံးကြဲ ဖျက်ဆီးသွားပြီး ဖြစ်သည်။ အိန္ဒိယမှ ပြန်လာသော ချန်ကေရှိတ် မန္တလေးသို့ ခေတ္တ ဝင်လာသည် ဟူသော သတင်း ကြောင့် ဤသို့ ဗုံးကြဲခြင်းဟု ဆိုကြ၏။ သို့သော် မန္တလေးသား များက အိမ်ထဲမှထွက်ကာ လမ်းပေါ်စုပြုံ ရပ်ကြည့်ပြီး စစ်ဘက်အဆောက်အဦများ ရှိရာ နန်းတွင်းသို့ ဗုံးကြဲသည့် လေယာဉ်အား ဩဘာလက်ခုပ်များ ပေးခဲ့ကြသည်။
စစ်ပြေးများဖြင့် ပြည့်နေသော မန္တလေးတွင် ရုံးများသာမက ဘဏ်များ၊ ကုန်တိုက်ကြီးများ၊ တိုက်ဆိုင်ကြီး များပါ ပြောင်းရွှေ့လာသဖြင့် ရသမျှသယ် လာသောပစ္စည်းများကို ငွေဖြစ်အောင် အလျင်အမြန် ရောင်းချကြသဖြင့် တရုတ်တန်းနှင့် ဈေးချိုမှာ မကြုံ စဖူး စည်ကားနေမှုအပေါ် ကျေနပ်ပျော်ရွှင်နေသဖြင့် အတွေ့အကြုံရှိသော အောက်သူ အောက်သားများက “ဒီလို စည်ကားနေတာ မကောင်းဘူး။ တနေ့နေ့ ဘေးတွေ့လိမ့်မယ်။ ရန်ကုန်မှာလည်း ဒီလို စည်ကားပြီး ဘာမှမကြာလိုက်ဘူး၊ ဗုံးကြဲခံလိုက်ရတာပဲ” ဟု သတိပေးကြသည်။ သို့သော် မန္တလေးသားများကား ကြောက်ဟန်ပင် မပြကြသေး။ ရောင်းကောင်း ဝယ်ကောင်းကြဆဲပင် ဖြစ်သည်။
မကြာလိုက် ဧပြီ ၃ ရက် သောကြာနေ့ နံနက် ၁၁ နာရီခန့်တွင် အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့မှ ဂျပန်လေယာဉ်ပျံကြီး ပျားအုပ်ကြီးများ ပျံလာသကဲ့သို့ ဝင်ရောက်လာကြသည်။ မန္တလေးသားများက ဗုံးကြဲရန် လာသည်ဟု သိသော်ငြား၊ မပုန်းအောင်းကြ၊ မရှောင်တိမ်းကြ။
ဂျပန်လေယာဉ်အုပ်ကြီးက မြို့လယ် လူနေရပ်ကွက်များကို မီးလောင် ဗုံးများဖြင့် ပေါက်ကွဲသေကျေ ပျက်စီးစေသော ဗုံးများ ကြဲချသည်။ နိမ့်နိမ့်ပျံ ဆင်းပြီး မြင်မြင်သမျှ အရပ်သားများကို စက်သေနတ်နှင့် ပစ်ခတ်သည်။ ဂျပန်လေယာဉ် ၈၀ လောက်က မြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပစ်ခတ်၍ တမြို့လုံးနီးပါး မီးလောင်ပျက်စီးကုန်၏။ မြို့သူမြို့သား ၂၀ဝ၀ ကျော် ၃၀ဝ၀ အတွင်း သေကျေပြီး ၃၀ဝ၀ ထက် မနည်း ဒဏ်ရာရရှိကြသည်။ မန္တလေး ရေစက်ရုံနှင့် ရန်ကုန်မြူနီစပယ် မီးသတ်စက်ကြီး များလည်း မီးလောင်ပျက်စီး သွားလေပြီ။
ထိုအခါမှ မန္တလေးသားများလည်း ထိတ်လန့်တကြားနှင့် တဦးနှင့်တဦး မကူနိုင် မကယ်နိုင် ကြတော့ဘဲ ကိုယ့်အသက်ကိုယ် လုကာ ပြေးလွှားကြရတော့သည်။ ပြန်လည် ဆုတ်ခွာသည့် အင်္ဂလိပ်ကလည်း မြို့၏ လူနေရပ်ကွက် တချို့ကို မီးရှို့ ဖျက်ဆီး သွားသဖြင့် တမြို့လုံး မီးလောင်တိုက် သွင်းကာ သတ်ကွင်းကြီး တခုအသွင် ရုတ်ခြည်း ပြောင်းလဲ သွားတော့သည်။ ဤသို့ဖြင့် မေ ၁ ရက်နေ့တွင် မန္တလေးကို ဂျပန်က လုံးလုံးလျားလျား သိမ်းပိုက် နိုင်လိုက်တော့သည်။
မန္တလေးအား ဂျပန်က သိမ်းပိုက်အပြီး မေလ ၁၂ ရက်နေ့တွင် စစ်အတွင်း ကနဦး အစောဆုံး သတင်းစာ အဖြစ် “တိုင်းချစ်သတင်းစာ” ထွက်လာသည်။ “ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ခွင့်ပြုချက်အရ မန္တလေးမြို့ လက်ဆည်ကန်ရပ် တိုင်းချစ် ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေတယ်” လို့ သတင်းစာရဲ့ ကျောဘက်အောက် ပိုင်းမှာ ရေးသားထားပြီး “အယ်ဒီတာ ဦးမောင်မောင်ခင်” က ခေါင်းကြီးပိုင်းမှာ “အရေးတော်ပုံ အောင်ပြီ” ဆိုတဲ့ ခေါင်းစဉ်နှင့် ရေးသားခဲ့သည်။
ကနဦးထုတ် တိုင်းချစ်သတင်းစာပါ သတင်းများအရ မန္တလေးမြို့သည် စစ်ဘေးဒဏ်ကြောင့် အိမ်ခြေ ၄ သောင်းရှိသည့် အနက် မီးမလောင်ဘဲ ကျန်ရစ်သော အိမ်များမှာလည်း တောကြောင်လူဆိုးများ လက်ချက်ဖြင့် ဘာမျှရစရာမရှိအောင် ပျက်စီးဆုံးရှုံးသွား ကြောင်း သိရှိကြရသည်။
မန္တလေးမြို့တွင် ယာယီဈေးများ အနေဖြင့် ရှင်အရဟံ သိမ်ဘုရားအနီး တဈေး၊ ဘုရားကြီး အနောက်ဘက် ငတက်ပြား ဈေး၊ ရတနာမဉ္စူဘုရား အရှေ့ဘက် တဈေး၊ စိန်ပန်းရပ်၌ တဈေး ဖွင့်လှစ် ရောင်းချနေကြောင်း တိုင်းချစ်သတင်းစာက ရေးသား ခဲ့သည်။ မန္တလေးမြို့တွင်း၌လည်း နန်းတွင်းရှိ ဘုရင်ခံ အိမ်တော်၊ လမ်း ၃၀ ရှိ ရုံးကြီးနှင့် ဈေးချိုတို့တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်၏ သုံးရောင်ခြယ် ဒေါင်းအလံများ လွှင့်ထူထားသည် ဟု ဆို၏။
ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသော အခါ ၁၉၄၂ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက် ကုန်းနှစ်ကုန်းကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ၊ သို့သော် မန္တလေးသိမ်းပြီး အထိ မြို့ပတ်ဝန်း ကျင်၌ ဗုံးသံ အမြောက်သံများ ကြားနေရကြရဆဲ ဖြစ်၏။ အိန္ဒိယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှနောက်သို့ ဂျပန်တပ် က ထက်ကြပ်မကွာ လိုက်ကာ တိုက်ခိုက်နေဆဲ ဖြစ်သည်။
အင်္ဂလိပ် အစိုးရက မိုးကုတ်ထောင်ထဲ ဖမ်းဆီးအကျဉ်းချ ထားခဲ့သော ဒေါက်တာဘမော်ကိုလည်း ထောင်ပြင်သို့ ရောက်အောင် တိတ်တဆိတ်ထုတ်ယူခဲ့ကာ မန္တလေးမြို့သို့ သားမယားများနှင့် တကွ ကျန်းမာစွာ ရောက်ရှိနေပြီဆို၏။ မန္တလေးသို့ ဂျပန်တပ် မဝင်မီကပင် ဒေါက်တာဘမော်ကို လိုလားသူ မျိုးချစ် ပုဂ္ဂိုလ်တစု၏ ကြံစည်မှုဖြင့် ထောင်မှ လျှို့ဝှက်စွာ ထုတ်ယူနိုင်ခဲ့ကြခြင်း ဖြစ်သည်။
မန္တလေးခရိုင် ဗမာ့လွတ်လပ်ရေး တပ်မတော် ဌာနချုပ်မှ ဗိုလ်ကျော်ခေါင်က သုံးရောင်ခြယ် ဒေါင်းတံဆိပ် လက်စည်း များမှာ ဗမာ့လွတ်လပ်ရေး တပ်သားများ အတွက်သာ ဖြစ်ပြီး ရိုးရိုးအရပ်သားများ တပ်ဆင်ရန် မလိုတော့ကြောင်း၊ အရပ်သားများ အနေဖြင့် ထိုလက်စည်း လက်ပတ်များ လက်ဝယ်ရှိ နေပါက မိမိတို့ စီရင်စုဆိုင်ရာ ဗမာ့လွတ်လပ်ရေး တပ်ရုံးများသို့ အမြန်ဆုံး ပြန်လည်ပေးအပ်ကြရမည်။ ထိုလက်စည်း လက်ပတ်များ၊ တံဆိပ်များကို အရပ်သားများက တပ်ဆင် အသုံးပြုပါက စစ်ဥပဒေအရ ပြင်းထန်စွာ အရေးယူလိမ့်မည်ဟု ကြေညာချက် ထုတ်ထား၏။
မန္တလေးမြို့၊ စိန်ပန်းရပ် ကလပ်လမ်းနှင့် ဘီအိုင်အေ ဈေးအနီးတွင် ၁၉၄၂ ခု၊ မေလ ၁၈ ရက်နေ့ ညနှင့် ၁၉ ရက်နေ့ ညတို့၌ လေဘာတီ အငြိမ့်ဖြင့် အောင်ပွဲခံ ကပြခဲ့သေးသည်။ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်နှင့် ၈၇ လမ်းတို့တွင် ရုံးစိုက် တပ်စွဲခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ဗဟို စစ်ရုံးကိုလည်း မန္တလေးတမြို့ လုံး ပြာကျကာ အစားအစာ၊ သောက်ရေ၊ သုံးရေစသည်ဖြင့် ခက်ခဲရှားပါး နေပြီး နားနေရန် အဆောက်အဦ က အစ၊ လေ့ကျင့်ရန်ကွင်း အထိ မရှိခြင်းကြောင့် အမရပူရသို့ ပြောင်းရွှေ့ ခဲ့ပြန်သည်။ မန္တလေးမြို့ ပြုပြင်ရေး အတွက် အဖွဲ့ လူကြီးများလည်း ခန့်အပ်ခဲ့၏။
၎င်းတို့မှာ ဦးငြိမ်း (ဥက္ကဋ္ဌ-မေယာ)၊ ဦးအောင်ပွင့် (ကော်မတီ)၊ ဦးကျော် (လမ်းနှင့် အဆောက်အဦ ဆိုင်ရာ ချယ်ရာမင်)၊ ဦးကျော်ရန် (ကျန်းမာရေး ချယ်ရာမင်)၊ ဦးတော် (ဈေးဌာန ချယ်ရာမင်)၊ ဦးဘစီ (တရားဌာန ချယ်ရာမင်)၊ ဦးစံရီ (လမ်းခရီးဆိုင်ရာ ချယ်ရာမင်)၊ ဦးဘသင် (အခွန်ဝန်)၊ ဦးစံလှဘော် (ဘဏ္ဍာရေး ချယ်ရာမင်)၊ ဦးညွန့် (အိုးအိမ်ရာ စီမံရေး ချယ်ရာမင်)၊ ဦးကျော် (မီးနှင့်ရေဘက် ချယ်ရာမင်)၊ အေရာဇတ် (သန့်ရှင်းစင်ကြယ်ရေး ချယ်ရာမင်) တို့ ဖြစ်ကြသည်။
ယာယီဖွင့်လှစ်ထားသော ဈေးများကိုလည်း ဖျက်သိမ်းပြီး ဈေးချို၊ ရဟိုင်းဈေး၊ ဘုရားကြီးဈေး၊ မင်္ဂလာဈေး၊ ညောင်ပင်ဈေး၊ ပုဏ္ဏားဈေး၊ ဂွမ်းရုံဈေးနှင့် နန်းရှေ့ဈေးများ၌သာ တရားဝင် ရောင်းဝယ်ဖောက်ကား ကြရန် ညွှန်ကြားခဲ့သည်။
မန္တလေးကို ဂျပန်က ဗုံးစတင်ကြဲသော အခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံး ဖြစ်သဖြင့် ဆရာမြို့မ ငြိမ်းတို့ မိသားစုသည်လည်း အမရပူရရှိ တောင်မြို့ ကိုလေးအိမ်သို့ ၂ လ၊ ၃ လမျှ သွားရောက်ခိုလှုံ ကြရ သည်။ ထို့နောက် မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီး ဦးနန္ဒိယ၏ တရုတ်တန်းကျောင်းသို့ ပြောင်းရွှေ့ ကြပြန်၏။ မြို့လုံးကျွတ် နီးပါး မီးလောင်ပြာကျပြန် သောအခါ ဧရာဝတီ တဖက်ကမ်း မင်းကွန်း သဲဖြူချောင်းရွာသို့ ပြေးကြရပြန်သည်။
ဂျပန်သိမ်းပြီးစ ကျောက်မဲက အတော်အတန် တည်ငြိမ်နေပြီဖြစ်၏။ သို့သော် စိတ်မချရသေးသဖြင့် ဆရာငြိမ်းက သူ့မိသားစုကို မြို့ပြင် နန့်ဟူးတောင်း ရွာ၌ပင် နေစေသည်။ သူကမူ တပည့်များဖြစ်သော မြစ်သား ကိုတင်မောင်၊ ကိုဘသင်၊ ကိုအေးမောင်တို့ စုစည်းဖွင့်လှစ်သည့် ဟိုတယ်အတွက် လေထီးစကြီး များဖြင့် လိုက်ကာများ ချုပ်ပေးခြင်း၊ နံရံချိတ် ပန်းချီကားများ ရေးဆွဲခြင်းများ ပြုလုပ်ခဲ့၏။ ဟိုတယ်တွင် ဂျပန်အရာရှိများ အများဆုံး လာတတ်သောကြောင့် ဂျပန်ကြိုက် အလှမွေးငါးပုံ၊ ချယ်ရီပန်းပုံ၊ ရှုခင်းများ ရေးဆွဲခဲ့ပြီး ပန်းချီကားဘောင်များကိုလည်း ဒေသထွက် ဝါးစိမ်း၊ ဝါးညိုများဖြင့် ဆန်းဆန်းပြားပြား တီထွင်ပေးခဲ့သည်။
ကျောက်မဲ၌ တနှစ်ခန့် ခိုလှုံပြီး မန္တလေးပြန်ဆင်း လာသောအခါ မန္တလေးသည် ဂျပန်၏ လက်အောက်၌ ထင်သလို မဟုတ်ဘဲ ပြားပြားမှောက်နေဆဲ ဖြစ်၏။ အပေါင်းအသင်းတွေလည်း စစ်ကိုင်းတောင်ရိုးမှာ စစ်ခိုစစ်ပြေးနေကြဆဲ ဖြစ်သည်။ ကိုရင်လေးက နိဗိ္ဗန္ဒချောင်မှာတဲ့။ နိဗိ္ဗန္ဒချောင်မှာ မြို့မအသင်းသား အများစု ရောက်နေကြသည်။ ဝါးချက်ရွာ ရွှေဇာလီ ချောင်မှာ စန္ဒရားဆရာ ကိုဘဒင် မိသားစုရှိနေသည်။
ဆရာငြိမ်း မိသားစုသည် မန္တလေးရောက်ရောက်ချင်း စစ်ကိုင်းသို့ ကူးကြပြန်သည်။ ဝါးချက်ရွာ ရွှေဇာလီချောင် အထက် ကိုက် ၃၀ဝ အကွာ တောင်နံရံ၌ ကျောက်ဂူတလုံးထွင်းပြီး စစ်ပြီးဆုံးသည်အထိ ဆရာငြိမ်းတို့ မိသားစု ခိုလှုံခဲ့ကြသည်။
တကယ်တော့ စစ်ခိုလှုံသည် ဆိုသော်လည်း စစ်ကိုင်းတောင်ရိုးသည် မန္တလေးတမြို့လုံး၏ ပရိသတ်ဖြင့် အေးချမ်းစွာ စည်ကားနေသည်။ ဝါးချက်ရွာ လောက်၌သာ ကနဦးအစက ဂျပန်လေယာဉ်၊ ဂျပန် စစ်သား အရောက်အပေါက်ရှိပြီး နောက်ပိုင်း၌ စစ်ကိုင်းတောင်ရိုးတခုလုံး အေးချမ်းသလောက်ဖြစ် နေသည်။
ထို့ကြောင့် စစ်ကိုင်း၌ စစ်ခိုနေကြသော မြို့မအသင်းသားများလည်း ဝါသနာအရင်းခံမို့ စုစည်း မိကြကာ အဆို၊ အတီး အလုပ်တွေ စတင်လာကြပြန်သည်။ နိဗိ္ဗန္ဒချောင်ရှိ ကိုရင်လေး၏ လက်ဖက်ရည်ဆိုင်မှာ နံနက်တိုင်း စုဝေးကြပြီး မန္တလေးမှာကဲ့သို့ပင် ဂီတအကြောင်း ပြောဆိုကြ၊ ဖန်တီးကြတော့သည်။
စစ်ကိုင်း၌ ရှိနေစဉ်ကာလ အတွင်း အလှူ၊ မင်္ဂလာ၊ ဘုရားပွဲ၊ ကျောင်းပွဲများ၌ မြို့မအသင်းက ရရာတူရိယာ ပစ္စည်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ စစ်ကိုင်းတောင်ရိုးရှိ ချောင်များမှ တရုတ် စံကားပင် အုတ်ပလ္လင်ကြီး များတွင် အောက်လင်းဓာတ်မီး ထိန်ထိန်ညီးကာ မြို့မတီးဝိုင်းကို အစဉ်အလာ မပျက် တီးကာ မှုတ်ကာ၊ သီကာ ဆိုကာ၊ ကကာ ခုန်ကာ တွေ့နေရမြဲ ဖြစ်ပါသည်။ စစ်ကိုင်းတောင် သစ္စာဝါဒီချောင်၌ စစ်ခိုလှုံနေကြရသော မန္တလေးမြို့ တရုတ်တန်းဈေး ပိုင်ရှင် အဝိန်ကိုး၏ သမီးမင်္ဂလာဆောင်၌ပင် မြို့မက မပျက်မကွက် ဧည့်ခံခဲ့ပါ သေး၏။
စစ်ကိုင်းတောင်၌ စစ်ခိုလှုံနေစဉ် ဆရာငြိမ်းသည် ကမ်းဆိပ်ရိပ်သာ သီတာရေယဉ် ဧရာခွေဝန်း၊ သောင်ထွန်းတဲ့ တဖက်ကျွန်းဆွယ်… အစချီ ရေချိုးဆိပ်သီချင်းနှင့် ပြာပြာမှိုင်းမှိုင်း မြူခိုးလွင် ဆိုင်းရီ၊ တောင်တွေ ညိုညို့ ညို့ဝေရီ အစချီ သီချင်း ၂ ပုဒ်ကို ရေးစပ်ခဲ့လေသည်။ အလားတူ မန္တလေးမြို့က သီချင်းရေးဆရာ တဦးဖြစ်သည့် ဆရာညှာကလည်း မင်းကွန်းတောင်ရိုးရှိ မဟာဂီရိချောင် သဲဂူထဲ၌ စစ်ပြေးရှောင်တိမ်းရင်း “စစ်အောင်နိုင်ရေး”၊ “သီရိဓမ္မာသောက” နှင့် “ပြည်တော်ဝင်” သီချင်း များကို ရေးစပ်ခဲ့လေသည်။
ဆရာမြို့မငြိမ်း၏ “ရေချိုးဆိပ်” သီချင်းသည် စစ်ကိုင်း သရက်ပင်ဆိပ်၏ ရှုခင်းအလှနှင့်အတူ မြန်မာအမျိုးသမီး ငယ်လေးများ ရေဆိပ်၌ ရေချိုး ဆင်းကြပုံ၊ လူငယ်သဘာဝ ဖိုမ ပိုးပန်းကြပုံများကို ပန်းချီကားတချပ်သဖွယ် လှလှပပ ခြယ်မှုန်းပြပြီး မြစ်ဆိပ်၏မြင်ကွင်းအား အနုစိတ်စရိုက်ပေါ်အောင် ပြသနိုင်ခဲ့သည်။
ဆရာညှာ၏ “ပြည်တော်ဝင်” ကလည်း စစ်ကြောင့် ခိုလှုံနေကြသော စစ်ကိုင်းတောင်ရှိ မန္တလေးသားများနှင့် ကျန်ရစ်ခဲ့ရှာသော မန္တလေးသားများကို မမေ့မလျော့ မေတ္တာမပျက် နှုတ်ခွန်းဆက်သကာ မြို့ပျက်ကြီးအား ပြန်လည် ထူထောင်ဖို့ အားမာန်များ တနင့်တပိုး ပေးစွမ်းနိုင်ခဲ့သည်။
မြရောင်လွှမ်း၍ သင်းသင်းမွှေးသော တရုတ် စကားရိပ်တွင် ၃ နှစ်တာမျှ စစ်ခိုလှုံကြအပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့၌ ရန်သူတဦး တယောက်မျှ မကျန်ရစ်ခဲ့တော့ဟု ကြေညာကာ မဟာမိတ်က ပြန်လည် သိမ်းပိုက်အပြီး စစ်ကြီး ပြီးဆုံးတော့သည်။
မတ်လ ၂၃ ရက်နေ့၌ စစ်ကိုင်းချောင်၊ မင်းကွန်းချောင် အသီးသီးတွင် ခိုလှုံနေကြသော မြို့မ အသင်းသား တွေ ကလည်း မန္တလေးသို့ တစုတဝေး ပြန်ကြလေပြီ။ အမရပူရ စံရွေးကူးတို့ဆိပ်မှ စစ်လက်ကျန် ထရပ် ကားကြီးပေါ် စုပြုံတက်ကာ ရရာ တူရိယာ ပစ္စည်းများဖြင့် မန္တလေးမြို့တွင်း အထိ သီဆိုတီးမှုတ်ခဲ့ကြ၏။ နားထောင် ကြည့်စမ်းပါဘိ။
“အခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့တတွေ … အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့် အတူတကွ လိုက်ပါနိုင်စေ… အောင်စည်ရွမ်းသံ ကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ´တဲ့။ ။