ဆောင်းပါး

တောဆင်ရိုင်း သတ်ဖြတ်ကုန်သွယ်မှု နောက်ကွယ်မှာ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဥက္ကံမြို့နယ်ထဲက ချောင်းစောက်နဲ့ကျောက်ပြင်သာ ရွာနှစ်ရွာကြားမှာ စီးဆင်းနေတဲ့ ဆားငန်ချောင်းထဲ အရေပြားခွာခံထားရတဲ့ တောဆင်ရိုင်း ကိုယ်လုံးတခု၊ နှာမောင်းမရှိတော့တဲ့ ဦးခေါင်းပြတ် တခု မျောပါလာရာမှာ အနီးအနားက ဒေသခံတွေ ထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။

ဆင်မုဆိုးတွေ ပဲခူးရိုးမထဲ တောလိုက်နယ်မြေချဲ့ထွင်လာခဲ့ကြရာကနေ အလွန်အေးချမ်းတဲ့ဒေသတခုမှာ အခုလို မြင်ကွင်း မျိုးတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။

ဆင်မုဆိုးတွေဟာ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်လို့ လက်ရှိအုပ်ချုပ် ရေးမှူးက ရှင်းပြပါတယ်။

“သူတို့တွေ(ဆင်မုဆိုး) ကျနော်တို့ရွာနားကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလလောက်ကတည်းက စတင် စတည်းချတာ။ စရောက် တုန်းကတော့ လိပ်ပြာဥတို့ ဘာတို့လာရှာသလိုလိုနဲ့ ကျနော်တို့ရွာနဲ့ ၃ မိုင် လောက်ဝေးတဲ့ ပဲခူးရိုးမအစပ်က လယ်ကွင်းထဲမှာ တဲထိုးနေကြတာ”လို့ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်ဝင်းက ဆိုပါတယ်။

“အခု အဖမ်းခံနေကြရတဲ့သူတွေဟာ တောဆင်ရိုင်းတွေကို ပစ်ခတ်တဲ့ မုဆိုးတွေ မဟုတ်ဘူး။ မုဆိုးတွေကို ရိက္ခာထောက် ပံ့ပေးတဲ့သူ၊ လမ်းပြပေးတဲ့သူ၊ သယ်ယူပို့ဆောင်ပေးတဲ့သူတွေဖြစ်ဖို့ များပါတယ်”

မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းတွေကို တရားမဝင်သတ်ဖြတ်ကုန်သွယ်နေမှုတွေမှာ အဓိကပုဂ္ဂိုလ်တွေဟာ နောက် ကွယ်တွေမှာသာ ရှိနေပြီး ဆင်သတ်မုဆိုးတွေ၊ ပါဝင်ပတ်သက်တဲ့ ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲလို့သာ ကျူး လွန်ကြတာဖြစ်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူး တ ယောက်ဖြစ်တဲ့ ဒေါက်တာနိုင်ဇော်ထွန်းက Myanmar Now ကို ပြောပါတယ်။

တောဆင်ရိုင်းသတ်ဖြတ်မှုဖြစ်စဉ်တွေမှာ လွတ်မြောက်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ သစ်တောဦးစီးဌာနရဲ့အင် အားတခုတည်းနဲ့ မလုံလောက်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်တယ်လို့ ဒုတိယညွှန်ကြားရေး မှူးက ဆိုပါတယ်။

ဥက္ကံရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ဒီဒေသမှာ တောဆင်ရိုင်းကို ပစ်ခတ်တဲ့ မုဆိုး ၂ ဦးအပါအဝင် ၁၁ ဦး လွတ်နေတယ်၊ ဆင်မုဆိုးအဖွဲ့ဝင်တွေလို့ ယူဆရသူ ၉ ဦးကို ဖမ်းဆီးရမိထားတယ်၊ အဲဒီထဲမှာ ချောင်းစောက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဟောင်းလည်း ပါဝင်တယ်လို့ ပြောပါတယ်။

“ဘယ်သူဟာ ဘယ်အခန်းကဏ္ဍမှာ ပါတဲ့သူဆိုတာကို အတိအကျပြောလို့မရသေးဘူး။ အခုဖမ်းဆီးခံရတဲ့သူတွေမှာလည်း ဝန်ခံတဲ့သူရှိသလို ဥပဒေကို လက်တလုံးခြားလုပ်ပြီး ဝန်မခံတဲ့သူလည်း ပါကောင်းပါမှာပဲ” လို့ ရဲအုပ်က ဆိုပါတယ်။

ဆင်သတ်မှုကို ဥက္ကံရဲစခန်းမှာ သားရိုင်းတိရစ္ဆာန်များကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်က ပြောပါတယ်။ ဒီပုဒ်မဟာ ဒဏ်ငွေ ကျပ် ၅ သောင်းကနေ ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံး လည်း ချမှတ်နိုင်တဲ့ ပုဒ်မပါ။

ဆင်သတ်မှုမှာ ပါဝင်တယ်လို့ ယူဆရသူတို့ကို ရုံးထုတ်စစ်ဆေးတဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ကြီးမြို့နယ် တရားရုံးကို သွားရောက်သူများ

တောဆင်ရိုင်းများသတ်ဖြတ်မှု

မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါးမျိုးစိတ် ၂၃၃ မျိုး ကျက်စားနေထိုင်တဲ့ဂေဟစနစ်များ၊ နေရင်းဒေသများ ရှိ နေတယ်၊ အဲဒီထဲမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့မျိုးစိတ် ၃၇ မျိုး၊ မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့ မျိုးစိတ် ၆၅မျိုး ပါဝင်နေ တယ်၊ မျိုးစိတ်ကြွယ်ဝတဲ့ ဒီနိုင်ငံမှာ မြေနိမ့်အပူပိုင်းသစ်တောတွေ၊ ဒီရေရောက် သစ်တောတွေလို ကမ္ဘာလုံးဆိုင်ရာ ခြိမ်း ခြောက်မှုနဲ့ ကြုံတွေ့နေရတဲ့ ဂေဟစနစ်တွေ ရှိတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ)Wildlife Conversation Society (WCS) ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံမြေပြင်ဧရိယာရဲ့ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၆ ခုရှိတယ်၊ ဒါတွေကို ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရေးအတွက်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ဝဒသမ ၂ ရာခိုင်နှုန်းမျှသာ သုံးနေတယ် လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

၂ဝ၁၆ ခုနှစ်အတွင်းတောဆင်ရိုင်းသတ်ဖြတ်မှုအတွက် ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၉ မှုအထိရှိပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူ ဆရသူ ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်၊ ဆင်ရဲ့အစွယ်၊ အစိတ်အပိုင်းတွေကို သယ်ဆောင်တာ၊ လက်ဝယ်ထားရှိတဲ့ အမှု ၄ ခု ရှိပြီး ၅ ဦးဖမ်းဆီးနိုင်ခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူး တယောက်ဖြစ်တဲ့ ဒေါက်တာနိုင်ဇော်ထွန်းဆီက ရရှိတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
၂ဝ၁၁ ကနေ ၂ဝ၁၅ အတွင်း တောဆင်ရိုင်းသတ်ဖြတ်မှု၊ အစိတ်အပိုင်းတွေကိုသယ်ယူမှု၊ လက်ဝယ်ထားရှိမှုပေါင်း ၂၂ မှု ရှိခဲ့တယ်လို့ အဲဒီမှတ်တမ်းတွေက ဆိုပါတယ်။

၁၉၉၄ မှာ ပြဋ္ဌာန်းခဲ့တဲ့သားရိုင်းတိရစ္ဆာန်များနဲ့ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပါ ငွေဒဏ်၊ ထောင်ဒဏ်တွေဟာ ခေတ်စနစ်နဲ့ လျော်ညီခြင်းမရှိတော့တဲ့အတွက် နိုင်ငံတကာကပါ လက်ခံနိုင်အောင် ပြင်ဆင်ပြီး အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တင်ပြထားတယ်လို့ ဒေါက်တာနိုင်ဇော်ထွန်းက Myanmar Now ကို ပြောပါတယ်။

မြန်မာပြည်မှာ တောဆင်အရေအတွက် ၂,ဝဝဝ ကနေ ၃,ဝဝဝ ကြားမှာ ရှိတယ်လို့ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ တဲ့ တောဆင်ရိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်တဲ့ ပညာရှင်တွေ၊ ဌာနဆိုင်ရာတွေက ခန့်မှန်းကြပေမယ့် သေသေချာချာ စာရင်းကောက်ယူနိုင်ခြင်းမရှိနိုင်သေးဘူးလို့ သစ်တောဌာနအရာရှိဟောင်း WCS ရဲ့ မြန်မာနိုင်ငံတာဝန်ခံ တောဆင်ရိုင်း ကျွမ်းကျင်ပညာရှင် ဦးစောထူးသာဖိုးက ဆိုပါတယ်။

“အခုဆို မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအထီးတွေ သိပ်မကျန်တော့ဘူး။ အမတွေပဲများနေပြီ” လို့ ဦးစောထူးသာဖိုးက ပြော ပါတယ်။

“ဟိုတုန်းကတော့ ဆင်စွယ်ကို အဓိက လိုက်ကြတာ။ အခုနောက်ပိုင်းတော့ အရေပြား၊ နှာမောင်း၊ ခွာ၊ အသား၊ ဆင်အံ၊ ဆင် သို(ဆင်အထီးလိင်အင်္ဂါ) တို့အထိ ကုန်သွယ်နေကြပြီ။ ရှမ်းပြည်နယ်၊ မိုင်းလားဒေသမှာဆို ဆင်သားရေအခြောက် ပုတီးလုံး အထိ လုပ်လာကြပြီ”

မိရိုးဖလာတိုင်းရင်းဆေးတချို့မှာဆိုရင်လည်း ဆင်သားရေကို ပြာချပြီး နှမ်းဆီနဲ့ ရောကာ နှင်းခူနာများကို လိမ်းကြသလို ဆင်အံကို သွေးပြီး မျက်နှာအသားလှအောင်၊ ပွေး၊ ညှင်းတို့လိုအရေပြားရောဂါတွေအတွက် အသုံးပြုကြတာလည်းရှိတယ် လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ ဆင်စွယ်ရောင်းဝယ်မှုကိုပိတ်ဆို့တဲ့ ဥပဒေပြဋ္ဌာန်းလိုက်တာကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေ အလွန်သတိထားရတော့မယ်၊ မြန်မာနိုင်ငံလို ဥပဒေစိုးမိုးမှု အားနည်းနေတဲ့ နိုင်ငံတွေအနေနဲ့ ဆင်စွယ်နဲ့ ဆင်ခ န္ဓာကိုယ် အစိတ်အပိုင်းတွေကို အများအပြား တရားမဝင်ရောင်းချနေတဲ့ ဈေးကွက်ကြီး ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ဖို့ မလွယ်ကူသေးဘူးလို့ လန်ဒန်အခြေစိုက် သားရိုင်းတိရစ္ဆာန်တရားမဝင် ရောင်းဝယ်မှုတားဆီးကာကွယ်ထိန်းသိမ်းရေးအဖွဲ့ (TRAFFIC)ရဲ့ အကြီးတန်းဆက်သွယ်ရေး အရာရှိအဲလိဇဘက်ဂျွန်က Myanmar Now ကို အီးမေးလ်နဲ့ ပြောပါတယ်။

“မှောင်ခိုသမားတွေအနေနဲ့ တားဆီးပိတ်ဆို့မှုအနည်းဆုံးလမ်းကြောင်းတွေကို ရွေးချယ်မှု တိုးမြှင့်လာတယ်။ စစ်ဆေးရေး ဂိတ်တွေကို ရှောင်ဖို့ နည်းလမ်းအသစ်တွေ၊ လမ်းကြောင်းအသစ်တွေကို ရွေးချယ်ကြသလို တခြားနိုင်ငံတွေကိုလည်း ဈေး ကွက်အသစ်တွေ ချဲ့ထွင်ကြမှာပါ။ ဒါကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့နဲ့ သတိပိုမိုထားကြဖို့ လိုအပ်နေပါပြီ” လို့ သူက ဆိုပါတယ်။

ဆင်သေ မြှုပ်နံခဲ့ရာ မြောင်းမကြီးရေထိန်းတံခါးဝန်းကျင်ကို ပြသနေတဲ့ ဒေသခံများ

ကာကွယ်တားဆီးရေး

အစိုးရသစ်အနေနဲ့ တောဆင်ရိုင်းထွက်ကုန်တွေကို ဈေးကွက်မရောက်အောင် တားဆီးတာထက် တောဆင်ရိုင်းတွေ ရှိရာ နေရာကို ဆင်မုဆိုးတွေ ဝင်လာတာနဲ့ တားဆီးထားသင့်တယ်လို့ ဦးစောထူးသာဖိုးက ပြောပါတယ်။ ကိုယ့်နိုင်ငံထဲက တော ဆင်ရိုင်းတွေကို ဆုံးရှုံးသွားမှာကို ကာကွယ်နိုင်တာကြောင့် ဒါဟာ ပထမအဆင့် လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါအပြင် ကြားပွဲစားအဆင့်ဆင့်ကိုလည်း ဖြတ်တောက်တားဆီးနိုင်ဖို့လိုသလို နယ်စပ်ဈေးကွက်ကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။ ဘေးမဲ့ကာကွယ်ထိန်းသိမ်းရေးသစ်တောအတွင်းက သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ထွက်ကုန်တွေ ဈေးကွက်ထဲသွားနေတာကို ကာကွယ်လာနိုင်ပေမယ့် တခြားသော ဘေးမဲ့မဟုတ်တဲ့ သစ်တောကြိုးဝိုင်း တွေထဲ တောဆင်ရိုင်း အများအပြားသတ်ဖြတ်ခံနေရတယ်လို့ သူက ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုးအရင်တုန်းက ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီးလုပ်စားခဲ့ကြတော့ လွတ်ထွက်သွားတာပဲ။ အခုဥပဒေ စိုးမိုးရေးအရ ရဲကနေ သေသေချာချာဖမ်းမယ်ဆိုရင် မိစရာအကြောင်းရှိပါတယ်။ အခုလည်း အစိုးရဌာနက ဒီလုပ်ငန်းကို တော်တော်လေး ဇောက်ချလုပ်လာပါတယ်” လို့ သူက ဆိုပါတယ်။

“သစ်တောဝန်ထမ်းတွေ အင်အားဖြည့်၊ သစ်တောရဲတွေ ထားပြီး တားဆီးမယ့်အဖွဲ့တွေ အင်အားတောင့်တင်းလာမယ်၊ ကြား ပွဲစားတွေကို ထိန်းဖို့ သတင်းထောက်လှမ်းမယ့်ရဲလုပ်ငန်းတွေကို တိုးမြှင့်မယ်၊ ဈေးကွက်က မဝယ်နိုင်အောင် နိုင်ငံခြား အစိုး ရတွေနဲ့ ပေါင်းပြီး တားဆီးနိုင်မယ်ဆိုရင် တဖြည်းဖြည်းလုပ်နိုင်မှာပါ”

ဆင်သတ်မုဆိုးတွေဟာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆက်သွယ်ပြီး လွန်ခဲ့တဲ့နှစ်ဆန်းပိုင်းထဲက ဒီနေရာမှာအခြေချလာတာကို အာဏာပိုင်တွေ မသိခဲ့ဘူးဆိုတဲ့အချက်ကို မယုံနိုင်ဘူးလို့ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော် လှိုင်ဝင်းက ပြောပါတယ်။

ဆားငန်ချောင်းထဲကို ဆင်သေ မျောလာမှ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ သစ်တောအဖွဲ့တွေ လာတော့မယ်ဆို တာနဲ့ ဒီအုပ်ချုပ်ရေးမှူးဟောင်းဟာ ဆင်မုဆိုးတွေကို ရှောင်ခိုင်းနိုင်တဲ့အထိ သတင်းကြိုတင်ရရှိခဲ့တာကလည်း သံသယ ဖြစ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

ဥက္ကံမြို့မရဲတပ်ဖွဲ့ စခန်းမှူးကလည်း ဆင်သတ်ဂိုဏ်း နှိမ်နင်းရေးကို အထူးလျှို့ဝှက်လုပ်ကိုင်ခဲ့ရတယ်လို့ Myanmar Now ကို ရှင်းပြပါတယ်။

“ကျနော်ဖမ်းရမယ့်လူစာရင်းကို ညလုံးပေါက် စဉ်းစားသုံးသပ်ပြီး စာရွက်ပိုင်းလေးမှာ ချရေးတယ်။ ဒီစာရင်းကို ကျနော့် တပည့် နယ်ထိန်းခေါင်းဆောင်တောင် အသိမပေးရဲဘူး။ ပေါက်ကြားသွားမှာ စိုးလို့။ ဒါတောင်မှ ပထမဦးဆုံးဖမ်းတဲ့နေ့မှာ ၄ ယောက်ပဲမိတယ်။ နောက်မှ ကျန်တဲ့သူတွေကိုမိတာ” လို့ သူက ဆိုပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် သားရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု နာမည်ကြီးခဲ့တဲ့ အာဖရိကတိုက်နိုင်ငံတချို့လို အဖြစ်မျိုးဒီမှာမကြုံတွေ့ရအောင် လုပ်ဆောင်ဖို့လိုမယ်လို့ ဦးစောထူးသာဖိုးက သုံးသပ်ပါတယ်။

“ဥပမာ …အာဖရိကတိုက်က ဇင်ဘာဘွေလိုပေါ့။ အခုဆို တော်တော်ကို ထိန်းသိမ်းလာနိုင်ပေမယ့် ဆင်အကောင်ရေက သိပ် မကျန်တော့ဘူး။ ကာကွယ်နိုင်ပြီ၊ တားဆီးနိုင်ပြီဆိုတဲ့အချိန်လည်းကျရော ဘာမှမကျန်တော့ဘူး” လို့ ဦးစောထူးသာဖိုး က ပြောလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading