“ကျနော်တို့အဖွဲ့ ဆင်သတ်ဂိုဏ်းစခန်းနာ းကပ်သွားတော့ လူ ၄ ယောက် တဲပေါ်မှာ စကားထိုင်ပြောနေတယ်။ သေနတ် ၂ လက်ကို မလှမ်းမကမ်းမှာ ထောင်ထားတယ်။ ကျနော့်တပ်ဖွဲ့ဝင် ၂ ယောက်က ပြေးတက်သွားပြီး သူတို့သေနတ်ကို ၀င်လုတယ်။ အဲဒီလူတွေကလည်း ရဲတွေမြင်တော့ သေနတ်ဆီ ပြေးဆင်းအလာတာမှာ ကျနော်တို့အဖွဲ့ ၀ိုင်းဖမ်းတော့ ၁ ယောက် ဖမ်းမိပြီး ကျန်တဲ့ ၃ ယောက် ထွက်ပြေးသွားတယ်” ဟု ပြန်ပြောပြသူမှာ ငပုတောမြို့နယ်တွင် တာဝန် ထမ်းဆောင်နေသည့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ဒု ရဲအုပ် ဟိန်းဇော်ထွန်း ဖြစ်သည်။
ငပုတောမြို့နယ်၊ မြစ်တစ်ရာ ကြိုးဝိုင်းအတွင်း၌ တောဆင်များကို သတ်ဖြတ်နေသည့် ဆင်သတ်ဂိုဏ်းတခုအား သစ်တော ရဲတပ်ဖွဲ့ ဦးဆောင်သည့် စစ်ကြောင်းဖြင့် ဇူလိုင်လ ၆ ရက်နေ့က ၀င်ရောက် ဖမ်းဆီးခဲ့ရာ ဆင်သတ်ဂိုဏ်း အဖွဲ့က ပြန်လည် ခုခံမည့်အခြေအနေ ကြံုခဲ့ရပုံကို ဒု ရဲအုပ် ဟိန်းဇော်ထွန်းက ရှင်းပြနေခြင်း ဖြစ်သည်။
“ဆင်သတ်ဂိုဏ်း အဖွဲ့တွေက သူတို့ သေနတ်တွေထဲမှာ ယမ်းအပြည့် ထည့်ထားပြီး ကျနော်တို့ လာဖမ်းရင် အဆင်သင့် ပစ်နိုင်အောင် လုပ်ထားတာ။ ကျနော်တို့က သူတို့ ပစ်ကွင်းနေရာက မဝင်ဘဲ အနောက်ဘက် ခြံုတောထဲကနေ ပတ်ဝင်လိုက်လို့။ ပစ်ကွင်းနေရာကသာ ၀င်ဖမ်းလို့ကတော့ သံဘောစိတွေ ထည့်ထားတဲ့ သူတို့သေနတ်နဲ့ ပစ်ချရင် ကျနော်တို့အဖွဲ့ ထိခိုက်သေဆုံးတာတွေတောင် ဖြစ်သွားနိုင်တယ်” ဟု စစ်ကြောင်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ဟိန်းဇော်ထွန်းက ပြောပြသည်။
သစ်တောရဲ၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့၊ ငပုတော သစ်တောဌာနနှင့် နယ်မြေခံ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းထားသည့် စစ်ကြောင်းဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့သည့်အတွက် ဆင်သတ်ဂိုဏ်းအဖွဲ့ဝင် မောင်ထား ဆိုသူကို ဖမ်းမိခဲ့ပြီး ပြောင်းရှည် တူမီးသေနတ် ၂ လက်၊ ဆင်ပစ်ရာတွင် အသုံးပြုသည့် အဆိပ်များ၊ ဘောစိများ ဆင်အရေခွံ ၁၃ ပိဿာခွဲ၊ ဆင်အသားခြောက် ၁ ပိဿာနှင့် ဆင်စွယ် ၂ ချောင်း၊ သိမ်းဆည်းရမိခဲ့သည်။
ဇူလိုင်လ ၆ ရက်နေ့က နောက်ဆုံး ဖမ်းဆီးရမိသည့် ဆင်သတ်မှုမှာ ဧရာဝတီတိုင်းအတွင်း ၄၂ ခုမြောက် ဖြစ်သည်။ ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ပုသိမ်၊ ငပုတော၊ ငရုတ်ကောင်းနှင့် ချောင်းသာဒေသရှိ သစ်တော ကြိုးဝိုင်းများအတွင်း၌ ၂၀၁၁ ခုနှစ် ကစတင်၍ ဆင်သတ်မုဆိုးများက တောဆင်ရိုင်းများကို စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်ကြခြင်း ဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၆ ခုနှစ် အတွင်း တောဆင်ရိုင်း ၄၂ ကောင် အသတ်ခံခဲ့ရကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းများအရ သိရသည်။
အလွန်အကျွံ သစ်ခုတ်သဖြင့် သစ်တောပြုန်းတီးခြင်း၊ လူတို့ ကျူးကျော်နေထိုင် စိုက်ပျိုးခြင်းများကြောင့် ဆင်စားကျက်များ ပျောက်ဆုံးကုန်သည့်အတွက် အစားအစာနှင့် နေစရာ ရှားပါးလာသည့် တောဆင်ရိုင်းများမှာ လူနေကျေးရွာများအနီး လာရောက် အစာရှာကြရာမှ ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် သေဆုံးကြရခြင်း ဖြစ်သည်။
“ဆင်သတ်ခံရတဲ့ အချိန်တွေက နွေရာသီ ရေခမ်းချိန်၊ အစာရေစာ ရှားပါးချိန်မှာ ဆင်တွေက စားကျက်အသစ် လိုက်ရှာတယ်၊ အစာရှိတဲ့ နေရာတွေကို ပြောင်းလာကြတယ်၊ အဲဒီမှာ ဆင်ပစ်မုဆိုးတွေက ခြေရာခံပြီး သတ်ဖြတ်ကြတာ” ဟု ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းမြင့်ထူးက ရှင်းပြသည်။
တောဆင်ရိုင်းများမှာ ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းအထိ သွယ်တန်းနေသည့် ရိုးမတလျှောက် အုပ်လိုက် သွားလာ၍ ကျင်လည် ကျက်စားလေ့ရှိပြီး ဆင်သတ်ဂိုဏ်းများကြောင့် အကောင်ရေ တဖြည်းဖြည်း လျော့နည်းလာကာ မျိုးတုန်းမည့်အန္တရာယ် ရင်ဆိုင်နေရသည်။ ဧရာဝတီတိုင်း မြန်မာ့သစ်လုပ်ငန်းဌာန အဆိုအရ ရိုးမတလျှောက်တွင် ဆင်ရိုင်းအကောင်ရေ ၁၂၀၀ မှ ၁၆၀၀ ကြား အရေအတွက်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ဆင်သတ်မုဆိုးတွေက ဘယ်သူတွေလဲ
ဧရာဝတီတိုင်းရှိ တောဆင်ရိုင်းတို့၏ သေမင်းတမန်များဖြစ်သည့် ဆင်သတ်မုဆိုးများမှာ ဧရာဝတီ တိုင်းသားများ မဟုတ်ကြပါ။ မကွေးတိုင်း ဒေသကြီးရှိ ငဖဲ၊ စေတုတ္တရာ၊ မင်းတုန်းနှင့် မင်းဘူးဒေသတို့မှ တောလိုက် ကျွမ်းကျင်သည့် မုဆိုးများက ဧရာဝတီတိုင်းသို့ လာရောက်ပြီး ဆင်ပစ်ကြခြင်း ဖြစ်သည်ဟု ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။
“သူတို့က တောရိုင်းတိရိစ္ဆာန်ပစ္စည်း ရောင်းဝယ်တဲ့ ကုန်သည်နဲ့ ချိတ်ဆက်ပြီးတော့မှ မိုးအကုန် ဆောင်းအကူး နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ဧရာဝတီတိုင်းကို ဆင်းလာတယ်။ ပြီးတော့ ပုသိမ် – မော်တင်ကားလမ်း နံဘေးက သစ်တော ကြိုးဝိုင်းတွေထဲမှာ လှုပ်ရှားပြီး တောဆင်တွေကို သတ်ဖြတ်တာတွေလုပ်ကြတာ” ဟု ဒု ရဲမှူးကြီး ဝင်းမြင့်ထူးက ရှင်းပြသည်။
ဆင်သတ်ဂိုဏ်းများမှာ ၄ ဦးတဖွဲ့၊ ၅ ဦးတဖွဲ့ စသည်ဖြင့် လှုပ်ရှားကြပြီး ဆင်ပစ်မည့် တူမီးပြောင်းရှည် သေနတ်များကို တစစီဖြုတ်၍ သိုဝှက်စွာ သယ်လာကြသည်။ တောတွင်းရောက်မှ သေနတ်ကို တခုချင်းစီ ပြန်တပ်ကာ အသုံးပြုလေ့ ရှိသည်။ ဆင်သတ်ဂိုဏ်း တဂိုဏ်းလျှင် တူမီးသေနတ် ၂ လက်၊ ၃ လက် စသဖြင့် ကိုင်ဆောင်ကြပြီး တောဆင်တွေ့ရှိချိန်၌ သေနတ်ထဲသို့ အဆိပ်သုတ်ထားသည့် သံဘောစိများထည့်၍ တောဆင်ရိုင်းကို ပစ်ခတ်သတ်ဖြတ်ကြကြောင်း ငပုတောမြို့နယ်၊ တင်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ရှင်းပြသည်။
“ဆင်သတ်ဂိုဏ်းတွေက တူမီးသေနတ်ထမှာ အဆိပ်သုတ်ထားတဲ့ သံဘောစီ အလုံး ၃၀၊ အလုံး ၄၀ ထည့်ပြီး ပစ်တာ။ တောဆင်က ရန်သူတွေ့တာနဲ့ ခေါင်းတည်ပြီး ရင်ဆိုင်တဲ့အချိန် သူတို့က ခေါင်းတည့်တည့်ကို ပစ်ချတာ။ ယမ်းအားပြင်းချက်ကတော့ ဆင်တောင် ဖင်ထိုင်ကျတယ်” ဟု သူက ပြောပြသည်။
အဆိပ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ကြောက်လန့်တကြား ထွက်ပြေးသွားသည့် ဆင်နောက်သို့ ဆင်သတ်ဂိုဏ်း အဖွဲ့က ခြေရာခံ၍ လိုက်လေ့ရှိပြီး ဆင်သေမည့်အချိန်ကို စောင့်ဆိုင်းကြသည်။ အဆိပ်မိသည့်ဆင်က ရေငတ်သည့်အတွက် စမ်းချောင်းရှိရာသို့ ဦးတည်သွားရင်း လမ်းခုလတ်တွင် လည်းကောင်း၊ စမ်းချောင်း နံဘေးတွင် လည်းကောင်း သေဆုံးလေ့ရှိကြသည်။
ဆင်သေပြီဆိုသည်နှင့် အစွယ်ရှိပါက နှာမောင်းဖြတ်၍ အစွယ်နုတ်ယူကြပြီး၊ ဆင်၏ ကျောကုန်းထက်မှ အရေခွံများကို ၅ လက်မ၊ ၆ လက်မ၊ ရ လက်မစသဖြင့် လေးထောင့်ကွက်ပုံစံ လှီးဖြတ်ယူလေ့ရှိကြသည်။ တောတွင်း၌ နေထိုင်စဉ် စားသောက်ရန်အတွက် ဆင်၏ ကျောရိုးမကြီး ဘေးဘက်မှ အသားများကို ဆင်သတ်ဂိုဏ်းများက လှီးဖြတ်ယူပြီးနောက် ၎င်းတို့အတွက် အသုံးမလိုတော့သည့် သွေးသံရဲရဲ ဆင်ခန္ဓာကိုယ်ကြီးကို ဒီအတိုင်းပင် ပစ်ထားခဲ့လေ့ရှိကြသည်။
ဆင်သတ်ဂိုဏ်းများမှာ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ အစောပိုင်းကာလများက အစွယ်ရယူလို၍ စွယ်စုံ ဆင်များကို ရွေးချယ် သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သစ်တောကြိုးဝိုင်းအတွင်း၌ စွယ်စုံရှိသည့် တောဆင်ရိုင်းများ ရှားပါးခဲ့သည့်နောက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်က စတင်၍ ဆင်ရွေးချယ်ခြင်း မပြုတော့ဘဲ မြင်သမျှ တောဆင်ရိုင်းများကို သတ်ဖြတ်ကာ အရေပြား၊ အသား၊ အမြီှး စသဖြင့် အသုံးဝင်မည့် ပစ္စည်းများ လှီးဖြတ် ယူငင်ကြကြောင်း ငပုတော ဒေသခံများက ပြောပြသည်။
ဆင်သတ်မုဆိုးတို့အတွက် ဆင်ခန္ဓာကိုယ်မှ လှီးဖြတ်ထားသည့် လတ်ဆတ်နေသော ဆင်အရေခွံများကို
အသားစိမ်း အတိုင်း ခရီးဝေးသယ်သွားရန် မလွယ်ချေ။ ထို့ကြောင့် ဆင်သတ်ပြီးချိန်၌ ရေရှိရာချောင်းနှင့် မလှမ်းမကမ်းနေရာတွင် တဲထိုး၍ ဆင်အရေခွံများ၊ အသားများကို မီးခိုးဖြင့် မှိုင်းတိုက် ကျပ်တင်ကာ ကြာရှည်ခံအောင် ပြုလုပ်ကြလေ့ရှိသည်။
ဆင်ထွက်ပစ္စည်းများ သယ်ရာလမ်း
ဆင်အရေခွံများ၊ အသားများ ကျပ်တင်ပြီးချိန်တွင် ဆင်သတ်မုဆိုးတို့က တောတွင်းသို့ ၎င်းတို့ယူဆောင် လာသည့် မိုဘိုင်းဖုန်းများဖြင့် ဆင်ထွက်ကုန်ပစ္စည်း ဝယ်မည့်ကုန်သည်ကို ဆက်သွယ်ကြလေ့ရှိသည်။ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ အဆိုအရ ကုန်သည်များမှာ မန္တလေးမြို့မှ တရုတ်လူမျိုးများဖြစ်ပြီး ပုသိမ် – မော်တင် ကားလမ်းတွင် အချိန်းအချက် ပြုလုပ်၍ အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။
“ဆင်သတ်ဂိုဏ်းတွေက ပစ္စည်းသယ်လို့ ရပြီဆိုတာနဲ့ သူတို့ ဝယ်လက်တွေကို ဖုန်းနဲ့လှမ်းချိတ်တယ်။ ဝယ်လက်က ပုသိမ် – မော်တင် ကားလမ်းအတိုင်း ဆင်းလာပြီး လာသယ်တယ်။ ဆင်အရေပြားဆိုရင် ပိဿာ ၁၀၀ လောက် ပြည့်တဲ့အခါမျိုးမှာ လာသယ်တတ်တယ်” ဟု ဒု ရဲမှူးကြီး ဝင်းမြင့်ထူးက ရှင်းပြသည်။
ဆင်ထွက်ကုန်ပစ္စည်းများ လာသယ်ကြသည့်ကားများမှာ Parado ၊ Alphared စသည့် ဇိမ်ခံကားများဖြင့် ဖြစ်ပြီး ညဘက် လူခြေတိတ်ချိန် လာရောက် သယ်ဆောင်၍ ညတွင်းချင်းပင် ပြန်ထွက်သွားလေ့ရှိကြောင်း ငပုတောဒေသခံများက ပြောပြသည်။
ဧရာဝတီက စုံစမ်းသိရှိရသည့် ဆင်ထွက်ပစ္စည်း အရောင်းအဝယ်စျေးနှုန်းများမှာ ဆင်အရေခွံ ၁ ပိဿာလျှင် ၃ သောင်း ကျပ်၊ ဆင်စွယ် ၁ ပိဿာလျှင် အရည်အသွေးပေါ် မူတည်၍ ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်စျေးရှိပြီး ကြက်ဥနှစ်ရောင် ဆင်စွယ်မှာ စျေးအကောင်းဆုံး ဖြစ်ကြောင်း သိရသည်။
တရုတ်ကုန်သည်များမှာ ဆင်အရေခွံ ၁ ပိဿာလျှင် ၃ သောင်းကျပ် စျေးဖြင့် ပုသိမ်သို့ ဆင်းဝယ်ပြီးနောက် မန္တလေး စျေးကွက်တွင် တပိဿာ ၅ သောင်း ကျပ်နှုန်းဖြင့် တရုတ်ပြည်ပို့မည့် ကုန်သည်များထံ တဆင့်ပြန်လည် ရောင်းချလေ့ ရှိသည်။ ထို့ကြောင့် ဆင်ထွက်ပစ္စည်း မှောင်ခိုကုန်ကူးသည့် လုပ်ငန်းက တခေါက်လျှင် ကျပ်သိန်း ဆယ်နှင့်ချီ၍ အမြတ်အစွန်းရသည့် တရားမဝင် လုပ်ငန်းတခု ဖြစ်နေသည်။
ဆင်ထွက်ပစ္စည်း မှောင်ခိုကုန်ကူးသူများ အတွက် အထူးကံကောင်းနေသည့်အချက်က ပုသိမ်မှ မန္တလေးသို့ ပစ္စည်းသယ်ရာ လမ်းတလျှောက်တွင် သစ်တောထွက်ပစ္စည်းနှင့် သဘာဝ တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှုများကို အထူးကြပ်မတ် စစ်ဆေးသည့်ဂိတ် တခုတလေမျှ ရှိမနေခြင်း ဖြစ်သည်။ ထို့ကြောင့် ကားအကောင်းစားများဖြင့် မှောင်ခို ကုန်ကူးသူများအဖို့ ပုသိမ်နှင့် မန္တလေး ကူးလူးသွားလာသည့်လမ်းမှာ အတားအဆီးမရှိဘဲ အဆင်ပြေ ချောမွေ့နေသည့် အခြေအနေတွင် ရှိနေသည်။
မန္တလေးသို့ ရောက်ရှိသွားသည့် ဆင်ထွက်ပစ္စည်းများမှာ မန္တလေး – မူဆယ်လမ်းမှတဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိသွားပြီး ဆင်စွယ်နှင့် ဆင်အရေခွံများကို လူ့အသုံးအဆောင် ပစ္စည်းများအဖြစ် ပြောင်းလဲ ထုတ်လုပ်ကြောင်း သိရသည်။
(ဆက်လက်ဖော်ပြပါမည်)