ကျနော်သည် ကာတွန်းဆရာဖြစ်လာသည်နှင့် ထူးခြားသောနေ့များ နှစ်သစ်များကို ကာတွန်းဖြင့် သရုပ်ဖော်ခဲ့သည်။ ထိုကြောင့် 5.5.55 ငါး လေးလုံး၊ 6.6.66 ခြောက်လေးလုံး၊ 7.7.77 ခုနစ်လေးလုံး နေ့ရက်များကို သတင်းစာများတွင် ကာတွန်းဖြင့် သရုပ်ဖော် ရေးဆွဲခဲ့သည်။ သတင်းစာတိုက်များ ပြည်သူပိုင် လုပ်ပြီးသည့် နောက်ပိုင်းတွင် ကျနော်သည် သတင်းစာတွင် ရေးဆွဲခဲ့သော ခေါင်းကြီးကာတွန်း (Editorial Cartoon) များ ရေးဆွဲခြင်းကို တဖြည်းဖြည်း ရပ်ဆိုင်းလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာများတွင် လွတ်လပ်စွာ ရေးသားခွင့်များ မရှိတော့ဘဲ တဖြည်းဖြည်း တင်းကျပ်လာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာတွင် ကာတွန်းများ မရေးဆွဲတော့ဘဲ မဂ္ဂဇင်းများတွင်သာ ကျနော် ကာတွန်းရေးဆွဲပါတော့သည်။
စာရေးဆရာ မြတ်ထန်(ဗိုလ်မှူးကြီး တင်မောင်) ထုတ်ဝေသော “ချယ်ရီ” မဂ္ဂဇင်းက နှစ်ပတ်လည် အထူးထုတ် (သြဂုတ်လ)အတွက် ကာတွန်းတောင်းရာ ကျနော်သည် ထူးခြားသည့် နေ့များ၊ နှစ်များကို ရေးဆွဲခဲ့သည့်အတိုင်း စိတ်ကူးရထားပြီးသား ဖြစ်ပါသည်။ သြဂုတ်လသည် ၈ လမြောက် ဖြစ်သောကြောင့် ထိုအင်္ဂလိပ် ဂဏန်း နံပါတ် (8) သည် သံကွင်းနှင့် တူ၍ (8) များဆက်လိုက်လျှင် သံကြိုးနှင့်တူပါသည်။ ကျနော့်စိတ်ကူးမှာ အချုပ်အနှောင်ခံနေရသော လူတယောက် သံကြိုးကို ရုန်းဖြတ်လိုက်ရာ (8) ရှစ်လေးလုံးများ ပြတ်ထွက်ကုန်ပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နေပုံဖြစ်သည်။ အကယ်၍ ထိုလူတယောက်၏ ပုံကို မြန်မာအမျိုးသားပုံ ရေးဆွဲလိုက်ပါက ထိုကာတွန်းပုံမှာ “ဆင်ဆာ” လုပ်ခြင်းခံရမည်မှာ သေချာနေပါသည်။ ထိုကြောင့် ချယ်ရီ မဂ္ဂဇင်းနှင့်လည်း ဆီလျှော်အောင် ချယ်ရီပန်းများပွင့်ရာ ဂျပန်ပြည်မှ ဟီရိုရှီးမား ငြိမ်းချမ်းရေးရုပ်ထုကြီးက 8.8.88 ရှစ်လေးလုံး သံကြိုးများရုန်းကန် ဖြတ်တောက်နေပုံကို ရေးဆွဲလိုက်ပါသည်။ ထို့ပြင် ဟီရိုရှီးမား ရုပ်ထုကို ရေးဆွဲခြင်းအားဖြင့် သြဂုတ်လတွင် ဟီရိုရှီးမား အနုမြူဒဏ် ခံရခြင်းကို ပေါ်လွင်စေပါသည်။ ထိုကာတွန်းကို သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် အချိန်ကိုက် ပါလာစေရန် ဇွန်လကပင် ကြိုတင်ရေးဆွဲ၍ မဂ္ဂဇင်းတိုက် ပို့ထားရပါသည်။
ထိုနှစ် ထိုအချိန်က ၁၉၈၈ နှစ်ဆန်း လောက်ကပင် ကျောင်းသား ဆူပူမှုများ “စ” နေလေပြီ။ ကျောင်းသား ဆူပူမှုများ တစ တစ ကြီးထွားလာသည်။ သို့နှင့် ဇူလိုင် လကုန် ရောက်လာရာ သြဂုတ်လထုတ် ချယ်ရီ မဂ္ဂဇင်းလည်း ထွက်နေပြီ။ ကျနော့် (8.8.88) ရှစ်လေးလုံး ကာတွန်းလည်း ပါလာပါသည်။ ကျောင်းသားများလည်း ထူးခြားလှသည့် (8.8.88) နေ့မှာပင် ဆန္ဒပြပွဲကြီးကျင်းပရန် ကြေညာကြပြီး ချယ်ရီမှ ကျနော့် ရှစ်လေးလုံး ကာတွန်းကို မိတ္တူများပွား၍ ဖြန့်ဝေပါတော့သည်။ ကာတွန်းပုံတခုလုံး၏ အနှစ်သာရမှာ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း” ဖြစ်၍ ကျောင်းသားများ နှစ်သက်ကြခြင်း ဖြစ်ပါသည်။ ချက်ခြင်းပင် သက်ဆိုင်ရာ စာပေ စိစစ်ရေးရုံးမှ ဆူပူမှုကို လှုံဆော်သော ကာတွန်း အဖြစ် သတ်မှတ်ပြီး မဂ္ဂဇင်းတိုက်နှင့် ကျနော့်ကို အရေးယူကာ ဖြေရှင်းချက် တောင်းပါတော့သည်။
ကျနော်သည် ယခုမှသာ မဟုတ် (5.5.55) ငါးလေးလုံး၊ (6.6.66) ခြောက်လေးလုံး၊ (7.7.77) ခုနစ်လေးလုံး နှစ်တွေတုန်းကလည်း ကာတွန်းရေးခဲ့ကြောင်း၊ ယခုကိစ္စမှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ဖြေရှင်းချက်ရေးကာ ရုံးသို့ ချယ်ရီ အယ်ဒီတာ အောင်ပြည့်နှင့်အတူ သွားတင်လိုက်ပါသည်။ နောက်ထပ် တိုက်ဆိုင်မှုဟုပင် ဆိုရမည်။ ကျနော် ရုံးသို့ သွားတင်သောနေ့မှာလည်း 8.8.88 ရက်နေ့ ၁၀ နာရီ ဖြစ်ပါသည်။ ရုံးမှ အရာရှိကြီးများသည် ကျနော့်ကိစ္စကို စစ်မေးမြန်းခြင်းပင် မပြုဘဲ၊ ကျနော့်ဖြေရှင်းချက် စာရွက်စာတမ်းနှင့် အထောက်အထား ပုံများကိုသာ ယူထားလိုက်သည်။ တရုံးလုံး ခြောက်ခြားနေကြသည်။ “ယနေ့ပဲ တခုခု ဖြစ်တော့မလိုလို …” စိုးရိမ်နေကြဟန် တူပါသည်။ ဟုတ်ပါသည်။ “ရှစ်လေးလုံး အရေးအခင်း” သည် (8.8.88) နေ့လည်မှာပင် စတင် ပေါက်ကွဲပါတော့သည်။ ကျနော်၏ ရှစ်လေးလုံး ကာတွန်းသည်လည်း အလွန်ကျော်ကြားသွားပါသည်။
အရေးအခင်းတွင် ဆန္ဒပြ ကျောင်းသူကျောင်းသားများပါမက ပြည်သူများပါ အတော်သေကြေကြပါသည်။ နောက်ရက်များတွင် ဆန္ဒပြပွဲများ ပြင်းထန်လာသည်နှင့်အမျှ အပစ်အခတ်များ အသေအပျောက်များ များပြားလာပါသည်။ ကျနော်၏ ရှစ်လေးလုံး ကာတွန်းကြောင့် ကျနော်လည်း အရေးပါ အရာရောက်သူဖြစ်လာသောကြောင့် ဦးဝင်းတင်(အယ်ဒီတာ)က ကျနော့်ဆီ ဖုန်းဆက်ပါသည်။ “ကိုဖေသိန်း ကျနော်တို့ စာပေသမားတွေ တခုခု လုပ်မှ ဖြစ်တော့မယ်၊ လာခဲ့ဗျာ” ဟု ဦးဝင်းတင် ချိန်းဆိုရာ စပယ်ဦး ဦးတင်စိုး(ဘားလမ်း) အခန်းတွင် လူစုကြပါသည်။ စာပေနှင့် အနုပညာရှင်များက လက်မှတ်ထိုးပြီး စစ်အစိုးရကို အပစ်အခတ်ရပ်စဲရန် မေတ္တာရပ်ခံ တောင်းဆိုရန် ဖြစ်သည်။ ကျနော်တို့ ဝိုင်း၍ လက်မှတ် ထိုးပြီး ကျနော်က ပန်းချီ၊ ကာတွန်း ပညာရှင်များ၏ လက်မှတ်များရရှိရန် တာဝန်ယူပါသည်။ တခြား စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် ပညာရှင်များ၏ လက်မှတ်များ ရရန် ကြိုးစားကြပါသည်။ လက်မှတ်ရေးထိုးရာတွင် ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိသောနာမည်ကြီး အနုပညာရှင်များ ပါဝင်ကြပါသည်။
အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။ ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။ ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။
ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။ အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျနော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။
ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျနော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။
(ကွယ်လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း ရေးသားသွားခဲ့သော ရှစ်လေးလုံး ကိုယ်တွေ့ ဆောင်းပါးကို www.kaungkin.com မှ ပြန်လည်ကူးယူဖော်ပြပါသည်)