အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ကံမကောင်း အကြောင်းမလှသော ဇာတ်ဆရာများသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်စလင်များအား စစ်ဘက်က အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာဖိအားကို တွန်းလှန်ရန် အချိန်နှောင်းသော အားထုတ်မှုတခု ပြုလုပ်နေသည်။
အခြေအနေကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ သို့မဟုတ် ပြည်ပ စုံစမ်းစစ်ဆေးရေးမှူးများကို ခွင့်ပြုခြင်းထက် ပြည်တွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခြင်းသည် လူမျိုးစုသုတ်သင်သည်ဟူသော စွပ်စွဲချက်များကို အပြီးအပြတ် ဖြေရှင်းနိုင်မည်ဟု သူတို့မျှော်လင့်နေသည်မှာ ထင်ရှားသည်။
မေလ ၃၁ ရက်နေ့က ထို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချိန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) တို့နှင့် ဘင်္ဂလားဒေ့ရှိ စခန်းများမှ ဒုက္ခသည်များကို ပြန်လည်လက်ခံရေးတွင် ကူညီရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထုံးစံအားဖြင့် ငြင်းတတ်ပြီး ခေါင်းမာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းမှာ မုန်တိုင်းထန်လှသော အစီအစဉ်ဖြစ်သည်။ ထိုကော်မရှင်သည် ရခိုင်ပြည်နယ်မှ ARSA အကြမ်းဖက်တိုက်ခိုက်မှုများနောက်ပိုင်းတွင်ဖြစ်ပေါ်သော လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ဆက်စပ်ပြဿနာများကို စုံစမ်းစစ်ဆေးမည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တဦး အပါအဝင် အဖွဲ့ဝင် ၃ ဦးပါမည်ဖြစ်ပြီး ၎င်းတို့ကို ပြည်တွင်းနှင့်နိုင်ငံတကာမှ ဥပဒေနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ကူညီမည်ဟု လည်း ထိုကြေညာချက်ကဆိုသည်။ ကော်မရှင်ကို နိုင်ငံတကာ ယုံကြည်မှုရှိရေးအတွက် အရေးပါလှသော နိုင်ငံတကာမှ အဖွဲ့ဝင်အတွက် အစိုးရက မည်သူကို ခန့်ထားရန် ရည်ရွယ်သည်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်များ ထွက်နေသည်။
ဂုုဏ်သိက္ခာ ထိခိုက်နိုင်ခြေရှိသောကြောင့် ပါဝင်မည့် နိုင်ငံတကာမှ ပုဂ္ဂိုလ် မရှိသလောက်ပင်ဖြစ်နေသည်။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလမသဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘေလ် ရစ်ချတ်ဆန်တို့အကြား လူသိရှင်ကြား ထိပ်တိုက်ပြဿနာ ဖြစ်ပြီးနောက် ထိုသို့သော အခန်းကဏ္ဍတွင် နိုင်ငံတကာမှ ပါဝင်လိုသူ နည်းပါးလှသည်။
ရစ်ချတ်ဆန်သည် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များပါဝင်သည့် အစိုးရ အကြံပေးအဖွဲ့တွင် ခဏတာမျှ ပါဝင်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ ချက်ကို အကောင်အထည်ဖေါ်ရာတွင် အစိုးရကို အကြံပေးရန် ထိုအဖွဲ့ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်များကို ARSA က မတိုက်ခိုက်မီ နာရီပိုင်းအလိုတွင် ကော်မရှင် အပြီးသတ် အစီရင်ခံစာကို တင်သွင်းခဲ့သည်။
၂၀၁၈ ခုနှစ် အစောပိုင်းက ကျင်းပသော ထိုအကြံပေးအဖွဲ့၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွင် ယခင် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချတ်ဆန်က ရခိုင်ပြည်နယ်အတွင်း အင်းဒင်ရွာ သတ်ဖြတ်မြှုပ်နှံမှုအား သတင်းဖေါ်ထုတ်ခဲ့သော Reuters သတင်းထောက် နှစ်ဦး အဖမ်းခံရသည့် ကိစ္စအား ဒေါ်အောင်ဆန်းစုကြည်ကို ပြောသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒေါသ ပေါက်ကွဲခဲ့သည်။
“ရိုးသားတည်ကြည်မှုနဲ့ စွမ်းရည်ကို အပြည့်အဝယုံကြည်ရတဲ့သူကိုပဲ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ခန့်မှာ” ဟု လွန်ခဲ့သော အပတ်က NHK သတင်းဌာနနှင့် ပြုလုပ်သည့် ရှားပါးလှသော တွေ့ဆုံမေးမြန်းမှုတခုတွင် ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
ယခင်အာဏာရ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းကို ဆန့်ကျင်ကြသည်။ ဇွန်လ ၁၁ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် စိုင်း ကျော်မိုးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ် ၂၀ က စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မည့် ဆုံးဖြတ်ချက်ကို နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် ပြန်လည်ရုပ်သိမ်းရန် အဆိုတင်သွင်းပြီး အစိုးရကို တောင်းဆိုခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် အခြားလွှတ်တော်အမတ်များကလည်း လူမျိုးစု သုတ်သင်ရှင်းလင်းသည်ဆိုသည့် စွပ်စွဲချက်များသည် သတင်းတုများနှင့် အနောက်မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ချဲ့ကားသော သတင်းများ၊ အစီရင်ခံစာများကို အခြေခံသည်ဟူသည့် အစိုးရ၏ သဘောထားကို လက်ခံကြသည်။ နိုင်ငံတကာ ဖိအားသည် တရားမဝင် ဝင်ရောက်လာသူများဟု ၎င်းတို့ ယုံကြည်သည့်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာ သီးသန့် ဒေသတခု ဖန်တီးရန်ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။
နိုင်ငံတကာ အသိုင်းအဝန်း၏ မယုံကြည်မှုနှင့် သံသယများကို တန်ပြန်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လိုအပ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပြောဆိုသည်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အများအပြားက ဖိအားပေးနေတဲ့အချိန်၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ အမှုဖွင့်ဖို့လုပ်နေတဲ့အချိန်၊ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံကို ပိုမိုစွပ်စွဲနေတဲ့အချိန် အန္တရာယ်ဖြစ်စေနိုင်တဲ့ အတိုင်းအတာကို ကျနော်တို့အားလုံး နားလည်ဖို့လိုတယ်”ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများသည် နိုင်ငံတကာ တရားစီရင်ရေး အစီအစဉ်၏ ရှုပ်ထွေးမှုကို အပြည့်အ၀ နားလည်သည် သို့မဟုတ် မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးရန် အရှိန်အဟုုန်မြင့်မားလာခြင်း၏ လေးနက်မှုကို သေသေချာချာ နားလည်သည်ဟု ရှင်းလင်းစွာ မသိရသေးပေ။ ထိုစုံစမ်းစစ်ဆေးမှုများက လူမျိုးစု သုတ်သင်ရှင်းလင်းခြင်း နှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုမြောက်ကြောင်း တွေ့ရှိပါက ထိခိုက်မှုကြီးမားသော အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်လာနိုင်သည်ဟု အချို့က ယူဆနေကြသည်။
ထိုသို့သော အခြေအနေမှာ ဖြည်းဖြည်းနှင့် မှန်မှန်ဖြစ်လာနေသည်။ လွန်ခဲ့သော ဧပြီလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့လည်း သွားရောက်ခဲ့သည်။ ကော့ဗဇားရှိ ဒုက္ခသည် စခန်းများမှ ကြားသိရသော ဇာတ်လမ်းများသည် အလွန်ဆိုးရွားကြောင်းနှင့် ထိုဇာတ်လမ်းများသည် စနစ်ကျသော စုံစမ်းစစ်ဆေးမှုနှင့် ကွဲလွဲနေကြောင်း ထိုခရီးစဉ်အတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ကာရင် ပီးယာ့စ် ကပြောသည်။
“တာဝန်ခံမှုရှိဖို့ သက်သေသာဓက စံနှုန်းနဲ့အညီ စနစ်တကျ စုံစမ်းစစ်ဆေးဖို့လိုတယ်” ဟု သူက ပြောသည်။ “ဒီလိုလုပ်ဖို့ နည်းလမ်းနှစ်ခုရှိတယ်။ တခုက နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲဖို့ဖြစ်ပြီး နောက်တနည်းက မြန်မာ အစိုးရက သူတို့ဘာသာ စုံစမ်းစစ်ဆေးဖို့ဖြစ်တယ်။ကျမတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဒါတွေကို ဆွေးနွေးနိုင်ခဲ့တယ်” ဟုလည်း ပြောသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန် အစိုးရက စီစဉ်ခြင်းဖြစ်နိုင်သည်။ ထိုနောက် နိုင်ငံတကာ အသိုင်းအဝန်း ပါဝင်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်မည့် အစိုးရ၏ ကတိကဝတ်ကို ထောက်ခံကြောင်း၊ နိုင်ငံတကာစုံစမ်း စစ်ဆေးသူများကို လာရောက်ခွင့် ပေးရန်တောင်း ဆိုကြောင်း၊ အစိုးရ၏ ကတိကဝတ်ကို လက်တွေ့အကောင်အထည်ဖေါ်ရန်နှင့် လူ့အခွင့်အရေးချိုးဖေါက်သူများကို အရေးယူရန် တောင်းဆိုသော စာတစောင်ကို လုံခြုံရေးကောင်စီက မြန်မာအစိုးရထံ ပေးပို့ခဲ့သည်။
ဒုက္ခသည် ၈၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးစေသည့် ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများမတိုင်မီ မတ်လက စတင် အခွင့်အာဏာပေးအပ်ခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှုာဖွေရေး ကော်မရှင်ကို မြန်မာနိုင်ငံအတွင်း စုံစမ်းစစ်ဆေးရန် ခွင့်မပြုပေ။
အချက်အလက်ရှာဖွေရေးအဖွဲ့မှ ကျွမ်းကျင်သူ သုံးဦးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့သည် အိမ်နီးချင်းနိုင်ငံများတွင် လုံခြုံတပ်ဖွဲ့များ၊ အစိုးရနှင့် အစိုးရမဟုတ်သော ပါဝင်ပတ်သက်သူများ၏ ချိုးဖေါက်မှု ပုံစံနှင့် အသေးစိတ်များကို သုတေသနပြုနေသည်။ ထို့ကြောင့် ARSA နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ၏ ချိုးဖေါက်မှုများကိုလည်း စုံစမ်းစစ်ဆေးမည့် သဘောဖြစ်နေသည်။
အချက်အလက်ရှာဖွေရေးအဖွဲ့သည် စက်တင်လာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး လွန်ခဲ့သော နှစ် သြဂုတ်လက လုံခြုံရေးတပ်စခန်းများကို ARSA တိုက်ခိုက်မှုကြောင့် ပြုလုပ်သော တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများမှ ရက်စက်ကြမ်းကြုတ်မှုကို နိုင်ငံတကာ အာရုံစိုက်မှု ဖြစ်လာစေနိုင်သည်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ စုံစမ်းစစ်ဆေးမှုလည်း ဖြစ်လာနိုင်ခြေရှိသည်။ ထိုအချက်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအရာရှိများနှင့် စစ်ဘက်ခေါင်းဆောင်များကို စိတ်အနှောင့်အယှက် ဖြစ်စေသော အချက်ဖြစ်သည်။
လူအများအပြားကို အတင်းအကျပ်မောင်းထုတ်ခြင်း သို့မဟုတ် အတင်းအကျပ် လွှဲပြောင်းခြင်းကို တားမြစ်ပိတ်ပင်သည့် ုပြဌာန်းချက်အရ မြန်မာနိုင်ငံသည် ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးရန် ရောမ သဘောတူညီချက်အရ ဆုံးဖြတ်ခွင့်အတွက် နိုင်ငံတကာရာဇဝတ်တရားရုံးမှ ရှေ့နေ ဖက်တူး ဘန်ဆူဒါ က တရားသူကြီး ထံ ဧပြီလ အစောပိုင်းက လျှောက်ထားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထို သဘောတူညီချက်တွင် အဖွဲ့ဝင်ဖြစ်နေသောကြောင့် နိုင်ငံတကာ ရာဇဝတ် တရားရုံးသည် လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်ခွင့်ရှိပြီး ထိုသို့လျှောက်ထားခြင်းသည် အောင်မြင်နိုင်သည့် အလားအလာရှိနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာတို့၏ အခြေအနေများကို လေ့လာတွေ့ရှိချက်များအား စာဖြင့်ရေးသားပေးပို့ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံအား တောင်းခံထားသည်။
“နိုင်ငံတကာ ရာဇဝတ်တရားရုံးက တောင်းခံထားတဲ့အချက်အလက်တွေ၊ ကျနော်တို့အတွေ့အကြုံအရ သိထားတာတွေ အားလုံးကို ပေးပို့ထားပြီးပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အရေးယူဆောင်ရွက်မှုရှိတဲ့ တာဝန်သိနိုင်ငံဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး ရှာရီယာ အလမ်ကပြောသည်။
ရိုဟင်ဂျာများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် အရေးယူရန် မြန်မာနိုင်ငံကို ဆက်လက်ဖိအားပေးရေးကိုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟက်ဆီနာက မကြာသေးမီက ကနေဒါတွင် ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။
ဟက်ဆီနာသည် နိုင်ငံတကာရာဇဝတ်တရားရုံး စုံစမ်းစစ်ဆေးမှုအတွက် တွန်းအားပေးရန် နိုင်ငံတကာ မကျေနပ်ချက်များကို အသုံးချနေသည့်သဘော ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ် လွှတ်တော်ဥက္ကဌဟောင်း ဦးရွှေမန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မုန်းသည့် အမျိုးသားရေးဝါဒီများ၏ လေသံဖြင့် သူ၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားခဲ့သည်။ “သူတို့တွေက တကျိတ်တည်း တဉာဏ်တည်း။ ဒါကြောင့် ကျနော်တို့တွေ ညီညွတ်ဖို့လိုတယ်” ဟု သူရေးခဲ့သည်။
အစိုးရ၏ ယခင် စုံစမ်းစစ်ဆေးမှုများသည် လုံလောက်ခြင်းမရှိဘဲ မပိမရိ ဖုန်းဖိခြင်းသာ ဖြစ်သည်ဟု အကျယ်အပြန့်လက်ခံကြသည်။ သို့သော် ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများကို အနောက်နိုင်ငံများ တစုံတရာ နားလည်အောင်ရှင်းပြရန် တခုခုလုပ်ရမည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောက်ဆုံးတွင် နားလည်လာခဲ့သည်။
တရုတ်၊ ရုရှား၊ ဂျပန်နှင့် မွတ်စလင်အများစုရှိသော မလေးရှားနှင့် အင်ဒိုနီးရှားမှအပ အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင်များသည် ထိုအကြမ်းဖက်မှုများကို သိပ်အလေးမထားကြဘဲ ယခင်အတိုင်းသာ ဆက်လက်လုပ်ကိုင်လိုကြသည်။ သို့သော် အမေရိကန်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့၏ ဖိအားသည် မကြာမီ လျှော့ကျသွားမည် မဟုတ်ပေ။
အသစ် ခန့်အပ်ခံရသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရန်နာ ဘာဂျန်နာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓါတ်နှင့် အတိုင်းအတာကို ဖေါ်ပြရန် နောက်ထပ် အခွင့်အလမ်းဖြစ်သည်။ သို့သော် မသိနားမလည်သော နိုင်ငံတကာ ဝေဖန်မှုဟု အစိုးရကမြင်သော မထေမဲ့မြင်လေသံကို ဆက်ထိန်းထားရန် ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်။
နေပြည်တော်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆန္ဒရှိသလောက် ထုတ်ပြန်ကြေညာနိုင်သော်လည်း ရိုးသားတည်ကြည်မှု အလုံအလောက် မထောက်ပံ့နိုင်သည်မှာ ထင်ရှားနေပေသည်။
( David Scott Mathieson သည် ရန်ကုန်အခြေစိုက် လွတ်လပ်သော သုံးသပ်ဝေဖန်သူ ဖြစ်သည်။ Asia Times ပါ ၎င်း၏ Myanmar scrambles to avoid its day in court ကို ဘာသာပြန်ဆိုသည်။)