• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ

by Marwaan Macan-Markar
24 July 2019
in ဆောင်းပါး
A A
ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ရင်ထိုးနှင့် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် (ယာ) / Reuters

ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ရင်ထိုးနှင့် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် (ယာ) / Reuters

18.2k
VIEWS
Share on FacebookShare on Twitter

သံတမန်များ ဘန်ကောက်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံသည့် အချိန်တွင် သူတို့က အရာရှိများ ရာထူး အစီအစဉ်အတိုင်း ရပ်ကြသည့် အပေါ်တွင် သဲလွန်စရှာကြသည်။ အလွယ်တကူမြင်နိုင်သည့် အမှတ်အသား တခုမှာ ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ဖြစ်ပါသည်။ ၎င်းကို စစ်ဘက်ခေါင်းဆောင် အနည်းငယ်တို့၏ အစိမ်းရောင်ရင့်ရင့် စစ်ဝတ်စုံများ ဘယ်ဘက်ရင်အုံပေါ်တွင် ထိုးထားကြသည်။

လတ်တလော အဆိုပါရုပ်ပုံကို ဆင်မြန်းထားကြသူများထဲမှ တဦးမှာ ခက်ထန်၍ စစ်သွေးစစ်မာန် အပြည့်ရှိသော ကြည်း တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် Apirat Kongsompong ဖြစ်သည်။ “လူအနည်းငယ်ပဲ ပါဝင်တဲ့ ကွန်ရက်ကလေးတခုပဲ အဲဒါကို ဝတ်ဆင်ခွင့် ရှိပါတယ်” ဟု အနောက်တိုင်း သံတမန်တဦးက ဘုရင်အပေါ် အလွန်အမင်း သစ္စာစောင့်သိသူအဖြစ် နိုင်ငံခြားကိုယ်စားလှယ် အများအပြားက သရုပ်ဖော်ခြင်း ခံရသော ဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ပြောသည်။

ရင်ထိုးများနှင့် ၎င်းကို ဝတ်ဆင်ကြသူများစာရင်းက သစ္စာခံယူမှုကိုသာမက ဘုရင် ဗာဂျီရာလောင်ကွန်း၏ အုပ်ချုပ်ရေး အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ သြဇာအာဏာ အကြီးဆုံး အဖွဲ့အစည်း ၂ ခု ဖြစ်သည့် တော်ဝင်မိသားစု နှင့် တပ်မတော် တို့ကြားမှ ဆက်ဆံရေး၌ အဓိက အပြောင်းအလဲတခုကိုလည်း ဖော်ပြနေသည်။ အဆုံးမရှိဟု ထင်ရသည့် အာဏာသိမ်းယူခြင်း သံသရာ နောက်ပိုင်းတွင် တိုင်းပြည်က မည်သည့် အရပ်သို့ ဦးတည်မည်ဆိုသည်ကို ချိန်တွက်ရာတွင် အဆိုပါ အပြောင်းအလဲကို နားလည်ခြင်းက အရေးကြီးပါသည်။

ဘုရင်အသစ်က ချမ်းသာကြွယ်ဝသည့် စစ်ဘက်အထက်တန်းလွှာ မျိုးနွယ်တခုအဖြစ် ဝင့်ကြွားကြသော ဘန်ကောက် အခြေစိုက် ဂိုဏ်းခွဲတခု ဖြစ်သည့် ဘုရင့်အစောင့်တပ်ဖွဲ့မှ အကြီးတန်း ဗိုလ်ချုပ်ကြီးများ အပေါ်တွင် ယုံကြည်မှု ထားရှိကြောင်း အတွေ့အကြုံရင့်ကျက်သည့် လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးလောကမှ အတွင်းလူများက ပြောကြသည်။ သေချာသည်မှာ ထိုဂိုဏ်းခွဲက ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှုကို ဦးဆောင်ခဲ့သော၊ ၈ နှစ် အတွင်းတွင် ပထမဆုံးသော အထွေထွေရွေးကောက်ပွဲ ပြီးသည့်နောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် မကြာသေးမီကမှ သေချာသွားခဲ့သော ပရာရွတ် ချန်အိုချာ၏ ဂိုဏ်းခွဲ မဟုတ်ပါ။

ထိုင်းဘုရင်သစ် ဗာဂျီရာလောင်ကွန်း နန်းတက်အခမ်းအနား/Reuters

သစ္စာစောင့်သိမှုကို ဖော်ပြသည့် မင်းသားပုံ ရင်ထိုးကို ဝတ်ဆင်သူ နောက်တဦးမှာ ပထမ စစ်ဒေသ၏ တပ်မှူးဖြစ်သော ဗိုလ်ချုပ်ကြီး နရုန်ဖန် ဂျစ်ကီယိုးသဲ Narongphan Jitkaewthae ဖြစ်သည်။ သူက ၂၀၂၀ တွင် ထိုင်းတပ်မတော်၌ နှစ်စဉ် နေရာ အပြောင်းအလဲများ ပြုလုပ်သည့် အချိန်တွင် ဗိုလ်ချုပ်ကြီး အပီရတ် နေရာကို ဆက်ခံဖွယ်ရာရှိသူ အဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။ သူတို့ ၂ ဦးလုံးက ဘုရင့် အစောင့်တပ်ဖွဲ့မှ ဖြစ်ကြသည်။ ဗိုလ်ချုပ်ကြီး နရုန်ဖန်၏ နေရာကို ရရှိလိမ့်မည်ဟု မျှော်လင့်ကြသည့် ဘန်ကောက်အခြေစိုက် ပထမခြေလျင်တပ်မ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဆွန်ဝစ် နွန်းဖတ်ဒီး Songwit Noongpakdee သည်လည်း ထိုနည်းတူ ပင်ဖြစ်သည်။

ရှင်းအောင်ဆိုရလျှင် လာမည့် ဆယ်စုနှစ်တွင် ဘုရင့်အစောင့်တပ်ဖွဲ့က ထိုင်းတပ်မတော်ကို ကြီးစိုးချုပ်ကိုင်တော့မည့် အသွင် ဖြစ်သည်။

ယုံကြည်စိတ်ချရသည့် လက်ထောက်များရွေးချယ်မှုက ဘုရင့် ကိုယ်ပိုင် စစ်ရေးမှတ်တမ်းပေါ်တွင် အခြေခံသည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူများက ပြောကြသည်။ အိမ်ရှေ့မင်းသားအနေဖြင့် လက်ရှိ ဘုရင်က ဘုရင့်အစောင့်တပ်ဖွဲ့သို့ ၁၉၇၀ နှစ်များ အတွင်းက ဝင်ရောက်ခဲ့သည်။ ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် သစ္စာစောင့်သိသူများ၏ နောက်ထပ်အရင်းအမြစ်တခု ဖြစ်ပြီး ယခုအခါ ဘုရင်၏ ကိုယ်ရေး အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် လေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဆထစ်ဖုံ ဆတ်ဝီမိုး Sathitpong Sukwimol ဦးဆောင်သည့် လေတပ်သို့လည်း ဝင်ရောက်ခဲ့သေးသည်။

တိုင်းပြည်က ၅ နှစ်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်မှ အရပ်သားတပိုင်း အစိုးရအဖြစ်သို့ အသွင်ကူးပြောင်းနေသည့်အတွက် ထိုအချက်အားလုံးက ကျယ်ပြန့်သော ဂယက်ရိုတ်ခတ်မှုများ ရှိနေသည်။ တပ်ဖွဲ့များအပေါ် ဘုရင့်အစောင့်တပ်ဖွဲ့၏ သြဇာကို ပြိုင်ဘက် ဘုရင်မအစောင့်တပ်ဖွဲ့က ဆယ်စုနှစ် တခုကျော်ကြာ လွှမ်းမိုးထားခဲ့ပြီးနောက်တွင် စစ်အင်္ဂါစဉ်အသစ်တခုကို အတည်ပြုပေးခဲ့သည်။

ဘုရင်မ အစောင့်တပ်ဖွဲ့ လွှမ်းမိုးမှု၏ ဗိသုကာမှာ ၂၀၀၄ ခုနှစ်တွင် စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးပေးခြင်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝမ် Prawit Wongsuwan ဖြစ်သည်။ စစ်တပ်တွင်းနှင့် နိုင်ငံရေးအလွှာမှ ကျယ်ပြန့်သော သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သူ၏ ဂိုဏ်းမှ ဗိုလ်ချုပ်များ ရာထူးတိုးမြှင့်ခံရရေး အခြေခံအလုပ်များကို သူက ချမှတ်ခဲ့သည်။

ဘုရင်မ အစောင့်တပ်ဖွဲ့မှ စစ်သားများမှာ ဒုတိယ ခြေလျင်တပ်မမှ ၂၁ ခြေလျင်တပ်ရင်း လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ကြသည်။ အရှေ့ပိုင်း ကျားများဟုလည်း ခေါ်ကြသည်။ သူတို့က ဘန်ကောက် အရှေ့ဘက်ရှိ ပရာချင်ဘူရီ Prachin Buri ပြည်နယ်တွင် အခြေစိုက်သည်။ ပရာရွတ် ချန်အိုချာသည် ဘုရင်မ အစောင့်တပ်ဖွဲ့၏ အလံကိုင်စစ်သည်များထဲမှ တဦးဖြစ်ပြီး ပြီးခဲ့သည့် ၁၂ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဦးစီးချုပ် ၆ ယောက်အနက်မှ ၄ ဦးသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

စစ်အစိုးရ၏ ၅ နှစ်ကြာကာလအတွင်းတွင် ပရာဝတ် ဝေါင်ဆူဝမ်က ပရာရွတ် ချန်အိုချာ၏ လူယုံတော်အဖြစ် ဆက်လက်၍ ရှိနေခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဘုရင်မ အစောင့် တပ်ဖွဲ့မှ နောက်ထပ် စစ်ဦးစီးချူပ် ဟောင်းတဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး အနုပုံ ပေါင်ချင်ဒါ Anupong Paochinda ကလည်း ပရာရွတ်၏ အာဏာသိမ်းယူမှုနှင့် စစ်အစိုးရတွင် အရေးပါသည့် ပုံရိပ်တခု ဖြစ်ခဲ့သည်။

သို့သော်လည်း “ဘုရင်က စစ်ဘက်အာဏာကို မောင်းနှင်တဲ့ အချက်အချာနေရာမှာ သူပါဝင်တဲ့ ဂိုဏ်းဖြစ်တဲ့ ဘုရင့် အ စောင့် တပ်ဖွဲ့ကို အစားထိုးခြင်းအားဖြင့် စစ်တပ်ရဲ့ အနာဂတ်ကို ပုံဖော်ဖို့ ကြိုးစားနေပုံရပါတယ်” ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နရိန်စွန် Naresuan တက္ကသိုလ်မှ ထိုင်းအမျိုးသားလုံခြုံရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါလ်ချန်ဘာ Paul Chambers က ပြောသည်။ “ဒါက ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်က စစ်တပ်ဆိုတာကို ဘုရင်မ အစောင့်တပ်ဖွဲ့ရဲ့ သြဇာ အစား ဘုရင့်အစောင့်တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုကနေတဆင့် ရောင်ပြန်ဟပ်ပြထားပါတယ်။”

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦး ဖြစ်သော ကဆစ် ပီရုံယ Kasit Piromya က ဘုရင့်မ အစောင့်တပ်ဖွဲ့နှင့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကြီးသော ဗိုလ်ချုပ်ကြီးများကို ထိထိရောက်ရောက် အစွမ်းမဲ့စေခဲ့သည့် လုပ်ရပ်ကြောင့် အံ့သြ၍ မနေပါ။ “ဘုရင်က စစ်တပ်တွင်းမှာ ကွဲပြားမှုတွေ ဖြစ်စေနိုင်တဲ့ အနှောက်အယှက်တွေ၊ အဖွဲ့ကွဲနေတာတွေ မရှိတဲ့ ဒေါင်လိုက် အဆင့်ဆင့်ဖွဲ့စည်းပုံ တခုကို လိုချင်တာ ထင်ရှားပါတယ်” ဟု သူက Nikkei Asian Review သို့ ပြောကြားခဲ့သည်။ “သူက ဘုရင်မ အစောင့်တပ်ဖွဲ့ကို ဖောက်ပြန်မှုတခု၊ ပုံမှန်မဟုတ်တဲ့ တစုံတရာလို့ မြင်တယ်။ အဲဒါက သူ အိမ်ရှေ့မင်းသား ဘဝကတည်းက သတိပြုမိခဲ့တဲ့ ကိစ္စပါ။”

စစ်တပ်တွင်းမှ ဂိုဏ်းဂဏ ပြိုင်ဆိုင်မှုများက အကြိမ်ကြိမ် အာဏာသိမ်းယူခဲ့မှုများနှင့် ပတ်သက်နေခဲ့သည်ဟု ထိုင်းစစ်တပ် နှင့် ပတ်သက်၍ ကျွမ်းကျင်သူများက ပြောကြသည်။

၁၉၃၂ ခုနှစ်တွင် သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်၍ စည်းမျဉ်းခံ ဘုရင်စနစ် စတင်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် အစိုးရကို ဖြုတ်ချရန် ကြိုးစားမှု ၂၂ ကြိမ်ရှိခဲ့ရာတွင် ၁၃ ကြိမ် အောင်မြင်ခဲ့သည်။ ဘုံဖြစ်နေသည့် စရိုက်လက္ခဏာမှာ အောင်ပွဲ၏ အကျိုးအမြတ်ကို ခွဲဝေခဲ့ကြသည့် နည်းလမ်းဖြစ်သည်။ အနိုင်ရရှိသည့် ဂိုဏ်းက အဖွဲ့ဝင်မဟုတ်သူများကို ဘေးဖယ်၍ အဖွဲ့ဝင် ဗိုလ်ချုပ်များကို နေရာကောင်းများ ဆုအဖြစ်ပေးကြသည်။

ယခုအခါ အစဉ်အလာဟောင်းက နန်းတော်မှ ထွက်လာသည့် အပြောင်းအလဲ ဗုံသံတခု၏ အောက်တွင် ပျက်စီးလာနေသည်ဟု သြစတြီးယားနိုင်ငံသား ပညာရှင် တဦးဖြစ်သည့် ဂရီဂိုရီ ဗင်းဆင့် ရေမွန် Gregory Vincent Raymond က ဆိုသည်။ သူက “Thai Military Power: A Culture of Strategic Accommodation” အမည်ရှိစာအုပ်ကို မကြာသေးမီက ရေးသားခဲ့သည်။

“ကျနော်တို့က လုံးဝကို အသစ်ဖြစ်တဲ့ ခေတ်တခုထဲကို ဝင်လာနေပါတယ်။ စစ်တပ်က သူတို့နဲ့ ဘုရင်နဲ့ ဆက်ဆံရေးကို အခြေခံအားဖြင့် ပြန်လည်စေ့စပ် ညှိနှိုင်းနေရတဲ့အတွက် ဂိုဏ်းတွေရဲ့ အရေးပါမှုက ပျောက်ကွယ်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

ထိုဆက်ဆံရေးက ထိုင်းနိုင်ငံ၏ ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံ၏ အဓိက အချက်အချာနေရာတွင် ရှိနေသည်ဟု အချို့သော လေ့လာစောင့်ကြည့်သူများက ပြောကြသည်။ “ထိုင်းနိုင်ငံတွင် ဘုရင်နှင့် စစ်တပ်တို့က သူတို့၏ ကိုယ်ပိုင် အခွင့်အရေးအတွက် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုကြပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရည်ညွှန်း ကိုးကားခြင်းမပါဘဲ ပြုလုပ်လေ့ရှိကြသည်” ဟု ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း ဂျိမ်းဝှိုက် James Wise က မကြာသေးမီက ထုတ်ဝေခဲ့သော သူ၏ “Thailand: History, Politics and the Rule of Law” စာအုပ်တွင် ရေးသားခဲ့သည်။

သို့သော်လည်း သူ၏ ဂိုဏ်းဟောင်းနှင့် အပီရတ် အပေါ် ဘုရင်သစ် ဗာဂျီရာလောင်ကွန်း၏ ယုံကြည်မှုက စစ်တပ်၏ အခွင့်အာဏာကို ပေါင်းစည်းခြင်းထက် များစွာ ကျော်လွန်၍နေသည်။

စစ်တပ် အကြီးအကဲက ဘန်ကောက်တွင် စစ်တပ် ချထား တည်ရှိမှုဖြင့် အဓိက အပြောင်းအလဲတခုကို ဆောင်ရွက်နေသည်။ နောက်လာမည့် ၁၅ လ တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။ သူ၏ လုပ်ရပ်များထဲတွင် မြို့တော်မှ တပ်ဖွဲ့များကို အိမ်နီးချင်း ခရိုင်များသို့ ပြောင်းရွှေ့ချထားခြင်းလည်း ပါဝင်သည်။ အာဏာသိမ်းပွဲများ ဆင်နွဲရာတွင် အဓိက တပ်ဖွဲ့များ ဖြစ်သည့် အမှတ် ၁၁ ခြေလျင်တပ်ရင်းနှင့် အမှတ် ၄ သံချပ်ကာ ယန္တယားတပ်ကဲ့သို့သော တပ်ဖွဲ့များ ဖြစ်သည်။

အဆိုပါတပ်များအစား ဘန်ကောက်မြို့၏ လုံခြုံရေးက ဘုရင်ကို တိုက်ရိုက် အစီရင်ခံရသည့် လက်ရွေးစင် တော်ဝင် အစောင့်တပ်ဖွဲ့တခုဆီသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။ ထိုအဖွဲ့က လူအင်အား ၅၀၀၀ အထိ တိုးပွားလာသည်။ သူ အိမ် ရှေ့မင်းသားအဖြစ်နှင့် ရှိနေစဉ်က ဘုရင်အတွက် ကိုယ်ရေးကိုယ်တာ သက်တော်စောင့်များ ထောက်ပံ့ပေးခဲ့သော Rachawallop ၉၀၄ မှ တပ်သားများကို ယူလိုက်ခြင်းကြောင့်ဖြစ်သည်။ အမှတ် ၁ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို လည်း တော်ဝင်အစောင့် ၉၀၄ ဟု တရားဝင် ရည်ညွှန်းသည့် တော်ဝင် တပ်ဖွဲ့သစ်တွင် တာဝန်ချထားမည် ဖြစ်သည်။

“အဲဒီ တော်ဝင်အစောင့်တွေက အခမ်းအနားနဲ့ပဲ ဆိုင်တဲ့ တပ်ဖွဲ့တခု အဖြစ်ကနေ တိုက်ပွဲအတွက် အသင့်ရှိတဲ့ တပ်ဖွဲ့တခု ဖြစ်သွားခဲ့ပါပြီ” ဟု နိုင်ငံရေး လောကမှ အတွင်းလူတဦးက ပြောသည်။ “သူတို့က အလျှင်အမြန် တပ်ဖြန့်နေရာချထားမှု တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးတွေအတွက် အမှတ် ၁ ခြေလျင်တပ်မနဲ့ အမှတ် ၂ ခြေလျင်တပ်ရင်းက တပ်ဖွဲ့တွေနဲ့ အတူ လေ့ကျင့်နေပါပြီ”

အပီရတ် ကလည်း သူ၏ စစ်တပ်ဖွဲ့စည်းတည်ဆောက်ပုံ ချဲ့ထွင်ရေး တစိတ်တပိုင်း အနေဖြင့် ဘန်ကောက် အရှေ့ဘက် ခရိုင်တခု ဖြစ်သော ချာ့ချင်ဆောင် Chachoengsao မှ စစ်စခန်းတခုကို အားဖြည့်ရန် ကြိုးစားနေသည်။ ဥပက္ခောပြုထားခြင်း ခံထားရလေ့ရှိသည့် အဆိုပါပြည်နယ်အတွင်းမှ အမှတ် ၁၁ ခြေမြန်တပ်မကို ပိုမို အင်အားတောင့်တင်းစေရန် ဘန်ကောက်မှ တပ်ဖွဲ့များ ပြောင်းရွှေ့ချထားခြင်းအပြင် ထိုင်းစစ်တပ်က အသစ်မှာယူထားသည့် အမေရိကန်လုပ် M1126 Stryker သံချပ်ကာယာဉ် ၃၇ စီးကို ချာ့ချင်ဆောင်သို့ ပေးပို့မည် ဖြစ်ကြောင်း သူက မကြာသေးမီက ကြေညာခဲ့သည်။

“ချာ့ချင်ဆောင် ကို အားဖြည့်ဖို့က စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုပါ။ အဲဒါက အဓိက နိုင်ငံတကာ လေဆိပ်နဲ့ အဓိက ပင်လယ်ဆိပ်ကမ်းတွေနဲ့ နီးတာကြောင့် ဗျူဟာအရ တန်ဖိုးရှိပါတယ်” ဟု ထိုင်း စစ်ထောက်လှမ်းရေး သတင်းရင်း မြစ်တခုက သုဝဏ္ဍဘူမိ Suvarnabhumi လေဆိပ်နှင့် လမ်ချဘန် Laem Chabang ဆိပ်ကမ်းတို့ကို ရည်ညွှန်း၍ ပြောသည်။ “တပ်ဖွဲ့သစ်တခု ထူထောင်ဖို့ အခြေစိုက် စခန်းကောင်းတခုပါ။”

စစ်တုရင် ရုပ်များကို ရွှေ့နေခြင်းက ချာ့ချင်ဆောင်နှင့် အိမ်နီးချင်း Prachin Buri ပရာချင်ဘူရီ ခရိုင်ရှိ စစ်ခံတပ်တခုမှ သြဇာ အာဏာရှိနေဆဲ ဖြစ်သော ဘုရင်မအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ လက်အောက်ခံများကို စောင့် ကြည့် ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်ဟု အချို့က မြင်ကြသည်။

“တပ်ဖွဲ့တွေကို ဘန်ကောက်မြို့ပြင်က စခန်းတွေဆီ ပြောင်းရွှေ့ချထားတာက ကာကွယ်ရေး အဝန်းအဝိုင်း အသစ်တခုကို ဖန်တီးနေခြင်း ဖြစ်ပါတယ်။ ဘုရင်ရဲ့ တော်ဝင် အစောင့်တပ် ၉၀၄ က အလယ်ဗဟိုမှာ ရှိတဲ့ စစ်ရေးလမ်းစဉ် အသစ်တခုရဲ့ အစိတ်အပိုင်း ဖြစ်ပုံရပါတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ကမ္ဘာအဆင့် အဖွဲ့အစည်းတခု ဖြစ်သော Human Rights Watch မှ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီတယောက်ဖြစ်သည့် စူနိုင်းဖစွတ် Sunai Phasuk က ပြောသည်။ “အရင်က အစွမ်းရှိခဲ့တဲ့ ပလေယာတွေ အထူးသဖြင့် အရေးကြီးတဲ့ ခြေလျင်တပ်တွေ၊ သံချပ်ကာနဲ့ အမြောက်တပ်မတွေကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ပြန်လည်နေရာချခဲ့တယ်။”

၂၀၀၄ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံရေးတွင် အရိပ်မိုးနေခဲ့သော (၂၀၁၄ တွင် စစ်အာဏာသိမ်းယူမှုတခု ပြုလုပ်ခဲ့ပြီး ၂၀၀၆ ခု နှစ်တွင်လည်း နောက်တခုကို ထောက်ခံခဲ့သည့်) စစ်တပ်ဂိုဏ်းသို့ ပေးသည့် သတင်းစကားက ထင်ရှားပါသည်။ “အဲဒါက ဘုရင်မ အစောင့်တပ်က အရှေ့ပိုင်းကျားတွေရဲ့ သြဇာကို စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းမှာ နေရာ လုံးဝ မရှိအောင် ဖယ်ရှားဖို့ အားထုတ်မှုတခုပါ” ဟု စူနိုင်းဖစွတ်က ပြောသည်။

ပြန်လည် ဟန်ချက်ညှိခြင်းက တစုံတရာသော အချိန်အတွင်း ကြိုတင်စီစဉ် ထားခဲ့ပြီး ဖြစ်သည်။ အစောပိုင်း အရိပ်အမြွက် များ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပေါ်ထွက်ခဲ့သည်။ လက်ရှိ ဘုရင်က ကာလရှည်ကြာစွာ အုပ်စိုးခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန်သွားခဲ့သည့် ဖခင် ဘုရင် ဘူမိဘော အဒူလ်ယာဒတ်၏ အရိုက်အရာကို ဆက်ခံခဲ့သောအချိန်တွင် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကို ကျားကန်ပေးသော ထိုင်းတပ်ဖွဲ့များကို ယခု ဘုရင်သစ်က ပစားမပေးတော့/Reuters

ဘုရင်သစ်၏ ပထမဆုံး လှုပ်ရှားမှုများထဲတွင် တော်ဝင် အကြံပေးများ၏ အဖွဲ့တခုဖြစ်သည့် အတိုင်ပင်ခံကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သော သူ့ဖခင်၏ မဟာမိတ် ၈ ဦးကို အနားပေးရန် ဖြစ်သည်။ သူက ဘုရင့် အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ၂ ဦး အပါအဝင် အစားထိုးရန် ၅ ဦးကို ရွေးချယ်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
516
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
74
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
812

ယခုအချိန်တွင် အတိုင်ပင်ခံ ကောင်စီ၌ ဘုရင့် အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် အထူးတပ်ဖွဲ့များမှ ဗိုလ်ချုပ်ကြီး ၂ ဦး တို့ ပါဝင်နေကြသည်။ ဘုရင်မ အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် တယောက်မှ မပါခြင်းကို နန်းတော်ကို စောင့်ကြည့်လေ့လာနေသူ များက သတိမပြုမိဘဲ မနေကြပါ။ “ဒါက သမိုင်းမှာ ဘုရင်တွေ လုပ်လေ့လုပ်ထ ရှိတဲ့ ပုံစံပါပဲ။ ဘုရင်တွေက အုပ်ချုပ်မှုကို သူတို့ရဲ့ ကိုယ်ပိုင် မဟာမိတ်တွေနဲ့ စတင်လေ့ရှိကြပါတယ်” ဟု နိုင်ငံရေး အဆက်အသွယ်ကောင်းသည့် လေ့လာစောင့် ကြည်သူ တဦးက ပြောသည်။

ဘုရင် ဗာဂျီရာလောင်ကွန်း၏ လုပ်ပုံကိုင်ပုံထဲတွင် သူ့ဖခင်နှင့် နှိုင်းယှဉ်လျှင် ကွဲပြားခြားနားမှုတခုကိုလည်း ဝါရင့် ထိုင်းဂျာနယ်လစ်တဦးက သတိပြုမိခဲ့သည်။ ဖခင်ဖြစ်သူက သူ၏ တော်ဝင်နန်းတော်တွင် နိုင်ငံရေး အာဏာပွဲစားများနှင့် ကြားခံလူများကို မှီခိုခဲ့သည်။ “ဘုရင် ဘူမိဘောက သူ့ရဲ့ အစီအစဉ်ကို အထောက်အကူဖြစ်ဖို့ ကိုယ်စားလှယ်တွေကနေ တဆင့် အလုပ်လုပ်တယ်။ သူနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးကို တောင်မှပဲ အဲဒီလို လုပ်ခဲ့တယ်။ ဒါပေမယ့် ဘုရင်သစ်ကတော့ ကြားခံလူတွေ အပေါ်မှာ မှီခိုတဲ့ အဲဒီပုံစံနဲ့ အလုပ်မလုပ်ချင်ဘူး” ဟု အဆိုပါ ဂျာနယ်လစ်က ပြောသည်။

အလားတူပင် ဘုရင်က ဘဏ္ဍာရေးနှင့် အခြားသော ကိစ္စများအတွက် လက်တွေ့ကျသော ချဉ်းကပ်မှုတခုကို သုံးစွဲသည်။

၂၀၁၇ ခုနှစ် အလယ်ပိုင်းတွင် သူက Crown Property Bureau က စီမံခန့်ခွဲသည့် ပိုင်ဆိုင်မှုများ၏ ပုဂ္ဂလိထိန်းချုပ်မှုကို ရယူလိုက်သည်။ ထိုပိုင်ဆိုင်မှုများက လွန်ခဲ့သော ၃ နှစ်က ခန့်မှန်း တွက်ချက်မှုများအရ ထိုင်းဘတ်ငွေ ၁.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ) ရှိပြီး ဘန်ကောက်မှ အဆင့်မြင့် အိမ်ခြံမြေများမှသည် Siam ဘိလပ်မြေ၊ Siam ကူး သန်း ရောင်းဝယ်ရေး ဘဏ်တို့ကဲ့သို့ စတော့ဈေးကွက်တွင် နာမည်ကောင်းရသည့် ကုမ္ပဏီများ၏ အဓိက အစုရှယ်ယာများ အထိ ပါဝင်ပါသည်။ သို့သော်လည်း သူ (ဘုရင်)က အစုပေါ် အမြတ်ငွေများကို အခြားသော မည်သည့်နိုင်ငံသား ကဲ့သို့မဆို အခွန်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘုရင်က တိုက်ရိုက် ထိတွေ့ ဆောင်ရွက်ခြင်းကို ပိုသဘောကျသည်ဟု အဆိုပါ ဂျာနယ်လစ်က ပြောသည်။ “စစ်တပ်နဲ့ ပတ်သက်လို့ သူလုပ်ခဲ့သလိုပေါ့။”

စစ်ဘက်ဆိုင်ရာ အစီအစဉ်သစ်များနှင့် ပတ်သက်၍မူ ဗိုလ်ချုပ်ကြီး အပီရတ်က အခရာဖြစ်သည်။ ဘုရင့် အစောင့်တပ်ဖွဲ့ကို လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်တွင် ပြန်လည်ရောက်ရှိစေခြင်းနှင့် ဘန်ကောက်မြို့က တော်ဝင် အစောင့်တပ် ၉၀၄ ၏ စောင့်ကြည့်မှုအောက်သို့ ရောက်လာခြင်းနှင့် တွဲလိုက်သည့် အခါ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကဆစ် အတွက် လတ်တလော အနာဂါတ် အတွက် အလွန်တရာမှ ထိုင်းမဆန်သော အလားအလာကို ခန့်မှန်းရန် ဖြစ်လာစေခဲ့သည်။

“အာဏာ သိမ်းတာတွေ မဖြစ်တော့ဘူး။”

(Nikkei Asian Review ပါ All the king’s men: Thai military power shifts away from Prayuth ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

ထိုင်းလက်နက်ဈေးကွက် စိန်ခေါ်မှုများ

ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ

ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တောကို ယူနက်စကို အသိအမှတ်ပြုရေး မအောင်မြင်

Your Thoughts …
Tags: ထိုင်းစစ်အာဏာထိုင်းဘုရင်သစ်ထိုင်းဝန်ကြီးချုပ် ပရာရွတ်
Marwaan Macan-Markar

Marwaan Macan-Markar

Contributor

Similar Picks:

No Content Available
Next Post
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်  သစ်တောကဏ္ဍ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် တွေ့ရသော ဒေါက်တာစိန်ဝင်း (လက်ဝဲစွန်မှ ဒုတိယ) / ဧရာဝတီ

သစ်မှောင်ခိုလုပ်ငန်းက မူးယစ်ဆေးဝါးပြီးရင် အမြတ်အစွန်း အများဆုံး

ကမ္ဘာကျော် ရုပ်ရှင်မင်းသား Leonardo DiCaprio

ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved