ဆောင်းပါး

ဖိနှိပ် ခြိမ်းခြောက်မှုများကြားက ကာကွယ်ပေးသူ ရှေ့နေများ

နိုင်ငံတော်အာဏာကို လက်နက်နဲ့ခြိမ်းခြောက်ရယူပြီး လူထုအပေါ် လိုသလို လိမ်ညာခေါင်းစဉ်တပ်ကာ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ တရားမဲ့ပြုကျင့်မှုတွေအပေါ် ဥပဒေအရ ခုခံချေပ၊ ထောက်ပြပြောဆိုနေတဲ့ ရှေ့နေတွေအပေါ် ဖိနှိပ်ခြိမ်းခြောက်မှု တွေ ခပ်စိတ်စိတ်လုပ်လာပါတယ်။

အထူးသဖြင့် နိုင်ငံရေးနဲ့ဆက်နွယ်ပြီး စွပ်စွဲဖမ်းဆီးခံရသူတွေအတွက် အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေအပေါ် စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံသူတွေဟာ မျက်မုန်းကျိုးကြပြီး စောင့်ကြည့်ဖိအားပေးတာ၊ စွပ်စွဲဖမ်းဆီးဖို့ လှုံ့ဆော်တာတွေကို ပြုလုပ်နေကြပါတယ်။

မကြာသေးမီက အင်းစိန်ထောင်ဝင်စာလက်ခံဌာန ဗုံးပေါက်ကွဲ၊ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ အမှုသည်နိုင်ငံရေး အကျဉ်းသားရဲ့ မိခင်ဖြစ်သူနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာရေးသားတဲ့ ရှေ့နေအမျိုးသမီးတဦးကို စစ်တပ်လိုလားသူတွေက ဖမ်းဆီးဖို့ လှုံ့ဆော်နေ ကြတာတွေ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ အပြစ်မဲ့အရပ်သား သေဆုံးမှုအပေါ် လူသားချင်းစာနာမှုအရ ဝမ်းနည်းကြောင်းပြသမှုကိုပင် စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ မလိုလားကြောင်း ပြသနေတာဖြစ်သလို ယုတ္တိမတန်တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေတွေကို ပစ်မှတ်ထား ဖိအားပေး နှောက်ယှက်နေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Kyaw Swar အကောင့်မှာ “ ဒီလိုအကြမ်းဖက်အားပေး ရှေ့နေမျိုးတွေကို ဒီအတိုင်းကြည့်နေတာ အန္တရာယ်မများလွန်းဘူးလား၊ အစိုးရရှေ့နေရုံး လဝ (လျှို့ဝှက်) ကိစ္စတွေကို အကြမ်းဖက် ပြည်ဖျက်တွေဆီပို့ သူလျှို့လုပ်နေမှာ မစိုးရိမ် ကြဘူးလား၊ ဒီရှေ့နေမကို ခေါ်စစ်သင့်တယ်၊ အနီပရိုဖိုင်ပေါ်တင် တင်ထားတာက တည်ဆဲအစိုးရကို ဂရုမစိုက်တဲ့သဘောပဲ” လို့ ရေးသား လှုံ့ဆော်ထားတာဖြစ်ပါတယ်။

ဒီလို ရှေ့နေတွေအပေါ် ဖိနှိပ်အကြမ်းဖက်ချင်တဲ့ လုပ်ရပ်တွေဟာ အခုမှတော့ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ရှေ့နေ ၂၀ ဦးထက်မနည်းဟာ အကြမ်းဖက်ပုဒ်မတွေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က လို ပုဒ်မတွေနဲ့ စွပ်စွဲဖမ်းဆီးခံ ထားရပါတယ်။

ရှေ့နေတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ ပါဝင်ခဲ့တာ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) တို့နဲ့ ဆက်သွယ်ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက် ဖမ်းဆီးခံကြရတာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေထဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေဒေါ်ရွက်နု အောင်နဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးဖူးသူတွေဟာလည်း စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရကြသလို တချို့သော ရှေ့နေတွေဟာလည်း ဖမ်းဝရမ်းထုတ်ခံရတာကြောင့် တိမ်းရှောင်နေရတာတွေလည်းရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့ပေါ်တွင် မြင်တွေ့ရသည့် ဆန္ဒပြပွဲများ (ဓာတ်ပုံ – ဧရာဝတီ)

ဒါနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေတဦးက “အဓိကတော့ သူ့ရဲ့အလုပ် ရပ်သွားစေချင်တာပေါ့၊ နောက်တခုက သူ့ကို အရေးယူလိုက်ခြင်းအားဖြင့် ကျန်တဲ့ရှေ့နေတွေမှာလည်း ဒါမျိုး လုပ်ဖို့ကိုင်ဖို့ စိုးရိမ်ပြီးတော့ တွန့်သွားတာမျိုး ဖြစ်သွားစေချင်တာပေါ့” လို့ သုံးသပ်ပါတယ်။

ရှေ့နေတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအထဲမှာ အမှုနဲ့ ပတ်သက်လို့ ဆွေးနွေးထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်အောင်လည်း ပုဒ်မ- ၁၄၄ ထုတ်ပြန်ကာ ခံဝန်လက်မှတ်ရေးထိုးစေတာတွေ လုပ်ဆောင်ထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေလည်း ခံဝန်ထိုးထားရပြီး အမှုအကြောင်း ပြည်တွင်းပြည်ပက မီဒီယာတွေ၊ အဖွဲ့အစည်းတွေနဲ့ ပြောဆိုတာတွေမလုပ်ဖို့ တားမြစ်ခံထားရတဲ့အတွက် စစ်ကောင်စီရဲ့ တ ဖက်သတ်စွပ်စွဲတရားစွဲဆိုမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံချေပချက်တွေကို လူထုက သိခွင့်မရကြပါဘူး။

ဒီလို ဖိနှိပ်ခြိမ်းခြောက်မှုတွေနဲ့ ပစ်မှတ်ထားခံရတဲ့ ရှေ့နေတွေဟာ ဖမ်းဆီးခံရပြီဆိုရင် စစ်ကြောရေးနဲ့ အချုပ်ခန်းတွေမှာ စစ်ကောင်စီ တပ်သားတွေရဲ့ ပိုမိုအငြိုးထားခံရပြီး ကြမ်းပြင်ဒူးထောက်စေကာ လက်ပြန်ကြိုးတုပ်ထားတာတွေ၊ ရိုင်းဆိုင်းစွာ ဆဲဆိုခြိမ်းခြောက်တာတွေကို ကြုံတွေ့ရတယ်လို့ အမျိုးသမီးရှေ့နေတဦးက ပြောပါတယ်။

၎င်းက “စစ်ကြောရေးက သူတွေက ဘယ်သူရယ်သိပ်မသိဘူး၊ ဒီကောင်က ရှေ့နေလား၊ ရှေ့နေဆိုရင် လည်မျိုတက်နင်းပစ်၊ လျှာထွက်လာရင် အဲဒီလျှာကို ဖြတ်ပစ်လိုက်တဲ့၊ အဲဒီလိုကိုပြောတာ” လို့ ကြုံတွေ့ကြားသိရတာကို ပြောပြပါတယ်။

ဒါဟာ ရှေ့နေတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင်၊ အကြောက်တရားဝင်အောင် တမင်ဖိနှိပ်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးမခံရသေးတဲ့ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေထဲကမှ အမှုတွေကို ရဲရဲတင်းတင်း လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေဟာလည်း ပစ်မှတ်ထား စောင့်ကြည့်ခံရတာတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် အခမဲ့မှုလိုက်ပေးတယ်လို့ ပြင်ပမှာနာမည်ကြီးနေတဲ့ ရှေ့နေတွေဟာ ပိုပြီး ပစ်မှတ်ထား စောင့်ကြည့်တာကို ရင်ဆိုင်ကြရပါတယ်။

သတိပေး မေးမြန်းတာကို ကိုယ်တိုင် ကြုံတွေ့ခံရတဲ့ ရှေ့နေတဦးက “အမှုလိုက်တဲ့အခါမှာ နည်းနည်းပြောရဲဆိုရဲဆိုရင် မရဘူး၊ ခြိမ်းခြောက်တာမျိုးတွေရှိတယ်၊ အမတို့ဆိုရင် သတိပေးခံရတယ်၊ လက်မှတ် တောင်ထိုးရတယ်။ ငါက ပါသွားပြီပဲ ထင်တာ၊ ထောင်မှာ၊ အဲဒီတုန်းက စစ်သားတွေ သေနတ်တွေနဲ့ လာခေါ်သွားတာ၊ အမှန်တကယ်တော့ သူတို့လုပ်ချင်နေတာ ကြာပြီ။ အကြောင်းပြချက်မတွေ့သေးတာ၊ နောက်ပြီးသူတို့ တအားသိချင်တာ၊ ဒီရှေ့နေတွေ ဘာလို့အခမဲ့နဲ့ လိုက်နိုင်တာလဲ၊ ဘယ်က ပိုက်ဆံတွေရသလဲ” လို့ စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ ပြောပါတယ်။

တကယ်တမ်း ဥပဒေပညာကို အသက်မွေးဝမ်းကြောင်းလို ရပ်တည်နေရတဲ့ ရှေ့နေတွေဟာ အမှုတွေကို အခမဲ့လိုက်ပေးဖို့ အင်မတန်ခက် ခဲကြပါတယ်။

တချို့သော နိုင်ငံရေးဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေဟာ နေအိမ်တွေချိတ်ပိတ်ခံရတာ၊ မိသားစုဝင်တွေ ထွက်ပြေး ပုန်းရှောင်နေရတာတွေကြောင့် အမှုအတွက် ငွေကြေးပေးဖို့ဆိုတာ မဖြစ်နိုင်သလောက်အခြေအနေမှာ ရှေ့နေတွေဟာ အမှုသည်တွေနဲ့ ထပ်တူ လိုက်ပါ ရုန်းကန်ကြရပါတယ်။

ရန်ကုန်အခြေစိုက် ရှေ့နေတဦးက “ရောက်လာတဲ့သူ တော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အခမဲ့အမှုလိုက်တယ် ဆိုတာထက် သူတို့ကိုယ်တိုင်က ပိုက်ဆံပေးဖို့ကိုမရှိတာ၊ ပိုက်ဆံပေးနိုင်တဲ့ အနေအထားမရှိတာ၊ ကျနော်တို့က ဒီပညာရပ်ကိုသင်ထားတယ်၊ ဒီအလုပ် ကိုလုပ်တယ်၊ ကိုယ့်ကိုအားကိုးပြီးရောက်တာတဲ့သူက ငွေပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ ကူညီရင်းနဲ့ ဒီအမှုတွေက များလာတာပေါ့လေ” လို့ ပြောပါတယ်။

ဒီကြားထဲ တရားရုံးဝန်ထမ်း၊စာရေးတွေရဲ့ မတရားလာဘ်ငွေတောင်းခံတာကြောင့် ရှေ့နေတွေဟာ ပိုပြီးအခက်တွေ့ရတာတွေ ရှိလာပါ တယ်။ တရားဝင်သတ်မှတ်ချက်အရ တရားရုံးစာရွက်စာတမ်းမိတ္တူဈေးနှုန်းဟာ တမျက်နှာ ကျပ်တရာသာကုန်ကျပေမယ့် လက်ရှိမှာတော့ စာရေးတွေရဲ့ ကုန်ကျငွေဟာ ပါးစပ်ထဲမှာပဲရှိနေပါတယ်။

ကိုယ်တိုင်ကြုံတွေ့ဖူးသူ ရှေ့နေတဦးက “အတောင်းကြမ်းတာပေါ့၊ စာမျက်နှာလေး နည်းနည်းကူးဖို့ကို ကျပ်ငါးထောင်ပေးတာကို နည်းလို့တဲ့၊ စာမျက်နှာများတဲ့ အခါမျိုးဆို နှစ်သိန်းကျော်အထိ အတောင်းခံရဖူးတယ်။ ရန်ကုန်မှာ အထူးသဖြင့် ခရိုင်တရားရုံးတွေက တော် တော်ဆိုးတယ်၊ တချို့ခရိုင်ရုံးဆို ပေါ်တင်ကိုတောင်းတာ၊ မင်္ဂလာဒုံခရိုင်တရားရုံးဆိုရင် တအားမိုက်ရိုင်းတယ်၊ ပေါ်တင်ကိုတောင်းတာ၊ လက်မှတ်တခါထိုးပေးခဆို ကျပ်တသောင်း၊ နှစ်သောင်း အဲဒီလိုကိုတောင်းတာ၊ အမှန်တော့ ဒါတွေကမဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

သို့သော်အမှုကို ခုခံချေပနိုင်ဖို့ မဖြစ်မနေလိုအပ်နေတဲ့ ရှေ့နေတွေဟာ ငွေမပေးရင် အမှုတွဲတောင် တရားခွင်စာရေးက မိတ္တူစာရေးဆီ မပေးတာတွေအထိ ကြန့်ကြာမှုတွေဖြစ်လာတဲ့အတွက် အမှုတွဲမိတ္တူကူးဖို့စရိတ်ကို အခက်အခဲတွေကြားကပဲ ဖြေရှင်းကြရပါတယ်။

ဒီလိုမျိုး ရှေ့နေတွေအပေါ် ဖိနှိပ်ခြိမ်းခြောက်တာတွေနဲ့ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး စွပ်စွဲဖမ်းဆီးခံရသူတွေအပေါ် ဥပဒေအရ အကာအကွယ် မပေးနိုင်ဖို့ အာဏာစ သိမ်းကတည်းက စစ်ကောင်စီက ဖန်တီးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က ပြင်ဆင်ပြဌာန်းခဲ့တဲ့ ရှေ့နေတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ရေးဆွဲထားတဲ့ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြန်လည်ပြင်ဆင်ကာ ကောင်စီအဖွဲ့ဝင်တွေကို ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ခန့်အပ်ရမယ့်အချက်ကို ပယ် ဖျက်လိုက်ပါတယ်။ အဲ့ဒီအစား စကစ က၎င်းတို့ရဲ့ လက်အောက်ခံ တရားသူကြီးချုပ်၊ တရားလွတ်တော်ချုပ်နဲ့ ရှေ့နေချုပ်တို့က အမည်စာရင်းတင်သွင်း သူတွေနဲ့သာဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် စွပ်စွဲဖမ်းဆီးခံရသူတွေကို ဥပဒေအရ အထောက်အကူပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးပါ အခွင့်အရေးတွေကိုလည်း စစ်ကောင်စီက ပယ်ဖျက်ပြင်ဆင်တာတွေလုပ်ခဲ့ပါတယ်။

ဥပဒေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ “ ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်း ထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက် စေရန်” ဆိုတဲ့အချက်ကို ပယ်ဖျက်ခဲ့တာပါ။

ဒါဟာ လူထုကို သူတို့စိတ်ကြိုက်ဖမ်းဆီးကာ တရားမဲ့ပြုကျင့်မှုတွေပြုလုပ်ရာမှာ ဥပဒေအကာအကွယ်မရနိုင်ဖို့နဲ့ တရားစီရင်ရေးနဲ့ ဥပဒေတွေကို ဖိနှိပ်ရေးယန္တရားအဖြစ် စစ်ကောင်စီက အသုံးချနေတာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌလည်းဖြစ်၊ မြန်မာနိုင်ငံရှေ့နေများကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ အသက် ၇၉ နှစ်အရွယ် NLD ထိပ်ပိုင်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးဉာဏ်ဝင်းဆိုရင်လည်း စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားစဉ် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့ပေါ်တွင် မြင်တွေ့ရသည့် ဆန္ဒပြပွဲများ (ဓာတ်ပုံ – ဧရာဝတီ)

ဒီ့အပြင် စစ်အုပ်ချုပ်ရေးကြေညာပြီးတော့လည်း စွပ်စွဲဖမ်းဆီးထားသူတွေကို စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာ၊ ခုခံချေပခွင့်မရှိတဲ့ စစ်တရားရုံးတွေနဲ့ သေဒဏ်လို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ လွယ်လွယ်ချမှတ်နေတာ၊ သေဒဏ်ပေးတာ စတာတွေကို စစ်ကောင်စီက အတိုင်းအဆမရှိလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဥပဒေတွေကို မျက်ကွယ်ပြုပြီး ဖိနှိပ်အကြမ်းဖက်မှုတွေကို လက်နက်နဲ့အာဏာရယူ ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်မှာ စွပ်စွဲဖမ်းဆီးခံရသူတွေအတွက်က ရှေ့နေပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တရားမျှတမှုရရှိဖို့နဲ့ အမှုကလွတ်ဖို့မျှော်လင့်လို့မရဘဲ အချိန်တန်ရင် ထောင်ချခံရတာပဲဖြစ်ပါတယ်။

ရှေ့နေတဦးက “သူတို့က ချကိုချမယ်လို့ ဆုံးဖြတ်ပြီးတော့ ညွှန်ကြားမှုတခုနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ဆိုကြပါစို့။ ၅၀၅-က နဲ့ စွဲခံရတယ်ဆိုရင် ရှေ့နေ မပါလည်း ၃ နှစ်ပဲ၊ ရှေ့နေပါလည်း ၃ နှစ်ပဲ၊ ဘာမှ သိပ်ပြီးမထူးခြားပါဘူး။ မြန်မာပြည်တပြည်လုံးမှာ နိုင်ငံရေးနဲ့နွယ်တဲ့ပုဒ်မတွေနဲ့ တရားစွဲခံလိုက်ရပြီဆိုရင် အပြစ်မရှိလို့ လွတ်သွားတယ်ဆိုတာမျိုးမရှိပါဘူး” လို့ ပြောပါတယ်။

ဒါဆိုဘာကြောင့် ရှေ့နေတွေဟာ ဖိနှိပ်ခြိမ်းခြောက်မှုတွေကြားမှာ ထောင်နှုတ်ခမ်းနင်းပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် အမှုတွေ လိုက်ပေးနေကြသလဲဆိုတဲ့ မေးခွန်းအတွက် ရှေ့နေအားလုံးနီးပါးမှာ တူညီတဲ့အဖြေတွေရှိနေကြပါတယ်။

စွပ်စွဲဖမ်းဆီးခံရလိုက်ရသူတွေကို မိသားစုနဲ့အဆက်အသွယ် ရနိုင်ဖို့၊ ညှင်းပမ်းနှိပ်စက်ခံရမှုတွေ လွန်လွန်ကျူးကျူး မဖြစ်အောင် တစုံတရာ ကာကွယ်ပေးနိုင်ဖို့၊ အရေးပေါ်လိုအပ်တဲ့ ဆေးဝါး၊ စားစရာ စသည်တို့ကို ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ဖို့အပြင် တရားစွဲခံရချိန်မှာလည်း စွပ်စွဲတဲ့ ပုဒ်မတွေကို အပြစ်မရှိကြောင်း ချေပသက်သေပြနိုင်ဖို့နဲ့ တရားစီရင်ရေးသမိုင်းအတွက် နောင်တချိန်မှာ ခိုင်မာအားကောင်းတဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေကြပါတယ်။

“တရားစီရင်ရေးရဲ့ သမိုင်းအတွက်ကျ အရမ်းအရေးကြီးပါတယ်။ကျနော်တို့ ဒီကနေ့ ဒီလိုအမှုတွေကို လိုက်ပါဆောင်ရွက်နေခြင်းရဲ့ အဓိက အကြောင်းကလည်းပဲ ဒါပါပဲ။ ၈၈ လဲ ကြုံခဲ့ပြီးပြီး၊ အခု ၂၀၂၁ လဲကြုံရတယ်။ တရားဥပဒေစိုးမိုးရေး ပျက်ပြားတဲ့အချိန်ပေါ့၊ သာမန်အချိန် တွေထက်စာရင် ရှေ့နေရှေ့ရပ်တွေကို ပိုပြီးတော့လည်း လိုလည်းလိုအပ်တယ်၊ ဒီလိုအချိန်ကတော့ ရှေ့နေရှေ့ရပ်အနေနဲ့ သူ့ရဲ့အလုပ်ကို တကယ်အကျိုးရှိရှိ လုပ်နိုင်တဲ့ အချိန်မျိုးပါပဲ” လို့ ရန်ကုန်အခြေစိုက်ရှေ့နေတဦးက ပြောပါတယ်။

ဒီကာလမှာ တရားရုံးတွေဟာ စွပ်စွဲခံရသူတွေကို တရားဥပဒေနဲ့အညီစစ်ဆေးခဲ့သလား၊ ထွက်ဆိုချက်တွေကို ညှင်းပမ်းနှိပ်စက်ပြီးမှ ရယူခဲ့ သလား၊ သက်သေတွေဟာ မှန်ကန်ရဲ့လား၊ စစ်ဆေးချက်တွေနဲ့ ကွဲလွဲသုံးသပ်ပြီး ပြစ်ဒဏ်တွေစီရင်ခဲ့သလားဆိုတဲ့အချက်တွေဟာ တချိန် မှာ ပြည်သူသိအောင် ဖော်ထုတ်ရှင်းလင်းရမယ့် ငြင်းမရတဲ့သက်သေတွေပဲ ဖြစ်ပါတယ်။

တရားရုံးစာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တရားသူကြီးတွေ၊ တရားစွဲအဖွဲ့အစည်းက ရဲတွေ၊ ဥပဒေအရာရှိတွေနဲ့ သက်သေတွေ၊ ရှေ့နေတွေဟာ နောင်တချိန် တရားဥပဒေစိုးမိုးတဲ့အချိန်မှာ ပြည်သူလူထုကို ချပြရှင်းလင်းရတဲ့အခါ ငြင်းမရတဲ့သက်သေတွေလည်း ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးက “နိုင်ငံရေးဆိုတာ အပြောင်းအလဲရှိတယ်၊ တချိန်ပြောင်းလဲဦးမှာပဲ၊ ဒီနေရာက တသက်လုံးကိုယ်နေရမှာ မဟုတ်ဘူး၊ လူမှု အသိုင်းအဝိုင်းထဲ ပြန်သွားရမှာ။ ထိုင်ခုံရှိနေတုန်း၊ ပါဝါရှိနေတုန်းမှာ လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ အစဉ်အ လာလေးတခုကို ချပေးစေချင်တာ၊ ရှေ့နေတိုင်းအပြစ်မရှိဘူးလို့ ပြောနေတာမဟုတ်ဘူး။ လိုက်နာရမယ့် ထုံးတမ်းတွေကိုလိုက်နာဖို့ အင်မတန်အရေးကြီးတယ်” လို့ သုံးသပ်ပြောပါတယ်။

You may also like these stories:

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်

ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ

မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ

သေဒဏ်ချမှတ်ခံထားရသူများအား နေရာရွှေ့ပြောင်း၍ သီးခြားစုစည်းထား

Loading