• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာ့ ပြဿနာ ရှင်းတဲ့နေ့

by အောင်သင်း
23 April 2023
in ဆောင်းပါး
A A
ကမ္ဘာ့မြေပုံ / kid of the village ၊ အင်တာနက် စာမျက်နှာ

ကမ္ဘာ့မြေပုံ / kid of the village ၊ အင်တာနက် စာမျက်နှာ

9k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ မြေပုံကို မြင်လိုက်တိုင်း လှစ်ခနဲ ဝင်ရောက်လာပြီး လှစ်ခနဲ ပျောက်သွားတတ်သော အတွေးလေး တခု အကြောင်းကို ကျနော် မည်သူ့ကိုမျှ ပြောမပြခဲ့မိချေ။

ပြောပြလောက်အောင် အရေးပါသည့် ကိစ္စတစ်ခုလည်း မဟုတ်ပါချေ။

သို့သော် ခက်နေသည်က စိတ်ဆိုတာက အရေးပါ အရောရောက်မှသာ မှတ်မိနေတတ်သည် မဟုတ်။ သူ့ဘာသာ မှတ်ချင်တာကို မှတ်ထားလိုက်သည်ဟုသာ ပြောရမည်ကဲ့သို့ ရှိတော့သည်။ ကိုယ့်ကိုယ်ကိုယ် အစိုးမရသလို ကိုယ့်စိတ်ကိုလည်း အစိုးမရဟုသာ ပြောလိုက်ချင်မိတော့သည်။

ဘင်္ဂါလီ ကဗျာဆရာကြီး ရာဘင်ဒရာ နတ်သ် တဂိုး ပြောသော စကားလေး တခုကို သွားပြီး သတိရမိပြန်သည်။

ဆရာကြီးက မှတ်ဉာဏ်သည် ဓာတ်ပုံဆရာနှင့် မတူ၊ ပန်းချီဆရာနှင့် တူသည်တဲ့။ ဓာတ်ပုံဆရာသည် မြင်လိုက်သည့် အရာကို အရှိအတိုင်း မှတ်တမ်းတင်သည်။

ပန်းချီဆရာကတော့ ထိုသို့မဟုတ်၊ သူ့ရှေ့က ပစ္စည်းကို နောက်သို့ ပို့ချင် ပို့ပစ်လိုက်သည်။ နောက်နားမှာ ရှိနေသော သစ်ပင်ကို ရှေ့နား ရွှေ့ချင် ရွှေ့ထားလိုက်သည်။

မှတ်ဉာဏ်ကလည်း ထိုနည်းတူပါပဲတဲ့။

ကျနော့် စိတ်ထဲတွင် ဆရာကြီးနှယ် ပြောမှ ပြောတတ်ပလေ။ အကွက်လည်း ကျပါပေ့၊ လှလည်း လှပါပေ့၊ ကဗျာကဝိ ပညာရှိ ကဗျာကလည်း မြူးပါပေ့၊ အတွေးကလည်း စူးပါပေ့ဟု အောက်မေ့မိပါသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
69
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
284
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

ဆရာကြီး ပြောသလို ကျနော့် မှတ်ဉာဏ်ကလည်း တကယ့် ပန်းချီဆရာပါပဲ။ အလွန် အရေးကြီးသည့် ကိစ္စတွေကို နောက်တန်းသို့ ပို့ပစ်တတ်သောကြောင့် ကသိကအောက် ဖြစ်ခဲ့ရသည်မှာ မကြာခဏပါပဲ။

ကမ္ဘာ့မြေပုံ / kid of the village ၊ အင်တာနက် စာမျက်နှာ

ဘယ်နေရာမှ သုံးမဖြစ်၊ ဘယ်သူ့ကိုမှ ရေးရေးရာရာလုပ်ပြီး ပြောပြစရာ မဟုတ်သော ကိစ္စတွေကိုတော့ ရှေ့တန်း ပို့ထားသောကြောင့် တလှစ်လှစ် သတိရနေမိတတ်သည်။ ပြီးတော့ ဘာမှလည်း မဟုတ်။

ကမ္ဘာ့ မြေပုံကို မြင်လိုက်တိုင်း သည်အတွေးလေးက မခေါ်ပင့်ချေဘဲ လှစ်ခနဲ ရောက်လာတတ်ပြီး လှစ်ခနဲပင် ပျောက်သွားတတ်သည်။

“လှစ်ခနဲ” ဟု ပြောလိုက်ရသည်ကပင် ကြာနေသေးတော့သည်။ ရှိတ်ခနဲ ဟု ဆိုပြန်ရင်လည်း ကြာနေသေးသည်ပါပဲ။

ပြောပြလို့ မရနိုင်သည့် “ခဏလေး” ဟုပဲ ဆိုလိုက်ပါရစေတော့။

သည်လောက်ကြီး ထိအောင် စွဲစွဲလမ်းလမ်း မှတ်မိနေရအောင် သေရေး ရှင်ရေး ကိစ္စလည်း မဟုတ်၊ မနေ့ တနေ့က ကိစ္စလည်း မဟုတ်၊ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက် ရှိခဲ့ပြီ။

သည်အခါတွင် ကျနော်က စတုတ္ထတန်း ကျောင်းသားလေးပါ။ အသက်က ၉ နှစ် သာသာလေးပေါ့။ ထိုစဉ်က လေးတန်း ပထဝီဝင်တွင် ကမ္ဘာ့ မြေပုံနှင့် တိုက်ကြီး ၅ တိုက်ကို သိအောင် သင်ရသည်။ အိန္ဒိယပြည် အကြောင်းကို ပဓာနထားပြီး သင်ရသည်။ မြန်မာပြည် အကြောင်းကိုတော့ တတိယတန်းတွင် ထိုက်သင့်သလောက် သင်ခဲ့ပြီးပြီ။

သည်တော့ လေးတန်းသို့ ရောက်လိုက်ပြီး၍ ပထဝီ သင်ခန်းစာ စလိုက်သည်နှင့် ပထဝီ မှတ်စု ဗလာစာအုပ်တွင် ဘယ်ညာ မျက်နှာပြည့် ကမ္ဘာ့ မြေပုံကြီးကို ကူးဆွဲရသည်။ နည်းတဲ့ လုပ်ငန်းကြီးလား။ ၉ နှစ်သားလောက် အရွယ်လေးမှာ ကမ္ဘာကြီး တခုလုံးကို ကိုင်တွယ်နေရပြီကိုး။

ကျနော်လည်း ကြိုးစားပမ်းစား ဆွဲပါသည်။ ပေးသည့်အချိန်က တနာရီလောက်တော့ ကြာသည် ထင်ပါရဲ့။ ဆွဲပြီးသူတွေက ဆရာ့ စားပွဲမှာ သွားပြီးထပ်ကြရသည်။ ဆရာက ပုံကိုကြည့် တိမ်းလွန်း ဆောင်းလွန်းလျှင် နည်းနည်း ပြင်ပေး၊ လက်မှတ်ထိုး ရက်စွဲ တပ်ပေးလိုက်သည်ပါပဲ။

ကျနော်တို့ ခေတ်က ပညာကလည်း ယခုခေတ်လောက် အရေးမပါသေး။ လူဦးရေကလည်း သည်လောက် မများသေး။ သည်တော့ ကျနော်တို့ မူလတန်း ကျောင်းကလေးက ကျနော်တို့ စတုတ္ထတန်းတွင် ကျောင်းသား ဦးရေက ၁၂ ယောက်ပဲ ရှိသည်။

ယခုခေတ်လို စားပွဲ ကုလားထိုင်နှင့် ထိုင်ရသည် မဟုတ်၊ ကျောင်းသားရော ဆရာပါ ကြမ်းပြင်ပေါ်မှာပဲ ထိုင်ကြရသည်။ စာရေးတော့ ဝပ်ပြီးရေးပေါ့။ ဆရာကတော့ ငုတ်တုတ် စားပွဲလေးနှင့်။

အားလုံး ကျောင်းသားတွေ သူတို့ ပထဝီ စာအုပ်တွေကို ဆရာ့ရှေ့ သွားပြီး ထပ်နေကြပြီ။ ဆရာကလည်း စစ်ဆေး လက်မှတ် ထိုးပေးနေပြီ။

ကျနော်ကလည်း ဆွဲလိုက်၊ စိတ်တိုင်း မကျလိုက် ခဲဖျက်နှင့် ပွတ်လိုက်၊ သည်လိုနှင့်ပဲ နောက်ဆုံးတော့ ကွမ်းတယာ ရေတမှုတ် မပါဘဲ ကိုဗျတ္တ အားလျှော့လိုက်ပြီး စာအုပ်ကို မယောင်မလည် လွယ်အိတ်ထဲ ထိုးထည့်ထားလိုက်သည်။

အိမ်ရောက်မှပဲ သေချာ ပြန်ဆွဲမည်၊ နောက်တနေ့မှပဲ ဆရာ့ဆီ တင်ပါတော့မည်ပေါ့။

ပြောရပါဦးမည်။ ကျနော်တို့ ငယ်ငယ်က မူလတန်းကျောင်းကလေးပင် ဖြစ်သော်လည်း “ပညာအုပ်” ဆိုတာက တနှစ်ကို နှစ်ခါ သုံးခါ လောက်တော့ လာတတ်သည်။ “ပညာဝန်” ဆိုတာလည်း လာတတ်သည်။ ရှောင်တခင်လာပြီး စစ်ဆေးတာမျိုး တော့ ဟုတ်မည် မထင်ပါ။

ဘာကြောင့်လဲ ဆိုတော့ နောက်တနေ့မှာ ပညာအုပ် လာတော့မည် ဆိုလျှင် ဆရာက ကြိုတင် သတိပေးလိုက်သည်။ အဝတ်အစား သန့်သန့်ရှင်းရှင်း ဝတ်ခဲ့၊ ခေါင်းဖြီးခဲ့၊ လက်သည်း ညှပ်ခဲ့ ဆိုတာမျိုးပေါ့။ မှတ်မိသေးသည်။ တချို့ ကျောင်းသား ကျောင်းသူ ဆိုလျှင် ပိုးလုံချည်တွေ ဘာတွေနှင့် ဘုရားသွား ကျောင်းတက် ပုံစံမျိုးပင် ဝတ်လာကြသည်။

ကမ္ဘာ့မြေပုံ / kid of the village ၊ အင်တာနက် စာမျက်နှာ

ခုမှ ပြန်လည် စဉ်းစားမိသည်က ထို ပညာအုပ်ဆိုသည်က သင်ရိုးညွှန်းတမ်းကို အချိန်မီပြီးပါရဲ့လား၊ ဆရာက ညာဝါးနေသည်လား ဆိုတာကို စစ်ဆေးသည် ဖြစ်မှာပဲပေါ့။ ကျောင်းသားတွေ စာအုပ်ကို ဆွဲယူကြည့်ပြီး သင်ခန်းစာ ရက်စွဲတွေ ဘာတွေကိုလည်း ကြည့်ချင် ကြည့်သည်ပေါ့။

ကျနော့်ရဲ့ “ကမ္ဘာ့ပြဿနာကြီး” ကတော့ သည်အတိုင်း တိုးလို့တန်းလန်းပါပဲ။ ဟိုနေ့ ပြီးအောင် ဆွဲတော့မလို၊ ဒီနေ့ ပြီးအောင် ဆွဲတော့မလိုနဲ့ အပြီးကို မသတ်နိုင်တော့။

ကျနော်လည်း ပထဝီချိန်တွင် ဆရာက ခေါ်ပေးသော မှတ်စုတွေကိုတော့ မပျက်မကွက် လိုက်ကူးသည်။ သို့သော် ကူးပြီး စာအုပ်ကို ဆရာ့ဆီမှာ ထပ်ကြပြီ ဆိုလျှင်တော့ အသာလျှိုပြီး လွယ်အိတ်ထဲ ထိုးထားလိုက်သည်။
သို့သော် စိတ်ထဲတွင်တော့ တထိတ်ထိတ်ပေါ့။

ထိုမျှသာလျှင် မဟုတ်သေး။ သွားရင်း လာရင်း ကလေးဘာဝ ဆော့ကစားနေရင်းပင် ကမ္ဘာ့ မြေပုံကို သတိရလိုက်မိလျှင် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတတ်သည်ကို ယခုထက်တိုင် သတိရနေမိသေးသည်။ ဒိတ်ခနဲသာ ဖြစ်သွားလိုက်သည်၊ လက်တွေ့တွင်တော့ဖြင့် ဆွဲကို မဆွဲဖြစ်။ ဆော့ကစားလိုက်သည်နှင့် မေ့ပျောက်သွားပြန်လောတော့သည်။

သို့သော် တကယ်မေ့သလား ဆိုတော့လည်း တကယ်မမေ့။ တထိတ်ထိတ်။

ပြောရဦးမည်။ တက္ကသိုလ် ရောက်လို့ နောက်ဆုံးနှစ်မှာ “ကျစွာမင်းကြီး အမိန့်တော် ပြန်တမ်း” ကျောက်စာကို သင်ရတော့ “ကမ္ဘာ့မြေပုံ” ပြဿနာကို သွားပြီး သတိရလိုက်မိသေးသည်။

မရဘဲ နေနိုင်ပါ့မလား ခိုးဝှက် လုယက် စားသောက်သူများသည် မျက်မှောက်ဘဝမှာပင် ဆင်းရဲကြီးစွာ ရောက်တတ်ကြပုံ ကို သရုပ်ဖော်ထားတာ ကြည့်ပါဦး –
“သူ့ဥစ္စာ ပစ္စည်းကို လုယက် ခိုးဝှက် စားသော သူတို့ကား မမိသော်ကြားလည်း အိပ်သော၊ နေသော၊ ရပ်သော၊ သွားသောက စသဖြင့်လည်း မချမ်းသာကြ” တဲ့။

ဤသို့နှင့်ပင် တနေ့မှာတော့ ကမ္ဘာ့ မြေပုံကို ကျနော် ပြီးအောင် ဆွဲပစ်လိုက်သည်။ ဆေးရောင်တွေ ဘာတွေပင် ခြယ်လိုက်သေးသည်။ ဆေးရောင် ဆိုတာကလည်း နီပြာတံလောက်ပါပဲ။

ပြီးသာ ပြီးသွားသည်၊ ပထဝီ ချိန်တွင်တော့ တထိတ်ထိတ်ပါပဲ။ စာအုပ်ကို မထပ်ဝံ့သေးဘဲကိုး။ နှစ်စလောက် ကတည်းက ဆရာ့ စစ်ဆေးမှု လက်မှတ် မပါခဲ့လေတော့ ဘယ်မှာ ထပ်ဝံ့ပါမည်နည်း။

သို့သော်လည်း မြေပုံက ပြီးသွားပြီမို့ ရင်အေးသလိုလိုတော့ ဖြစ်သွားသည်။

ဒါပေမယ့် ကျစွာမင်းကြီး အမိန့်တော် ပြန်တမ်းတွင် “ခိုးသူတို့သည် ၂ နှစ်၊ ၃ နှစ်ထက်ပို၍ ရှောင်တိမ်းခြင်းငှာ မစွမ်းနိုင်၊ မိတော့သည်သာ” ဆိုသကဲ့သို့ ကျနော်လည်း ၂ လ၊ ၃ လ လောက်ရှိတော့ မိတော့သည်ပါပဲ။

အဲဒီနေ့မှာ စာအုပ်တွေ ထပ်ကြတော့ ဆရာက သူ့ဘာသာသူ အမှတ်မထင်ဘဲ စောင့်ကြည့်နေသည်။ ဘာရယ်လို့တော့ ဟုတ်ဟန် မတူပါ။ သို့သော် ကျနော်က သူ့မျက်စိအောက် ရောက်လေတော့ မနေဝံ့တော့ပြီ။

သို့နှင့် ဖြစ်ချင်ရာ ဖြစ်စေလို့ အောက်မေ့ပြီး သူများတွေနှင့် ရောပြီး ထပ်လိုက်သည်။ ဆရာက စာအုပ်တွေကို တအုပ်ပြီး တအုပ် စစ်ဆေး လက်မှတ်ထိုးသွားသည်။

ကျနော့်မှာလည်း “ဆရာ တွေ့တော့မည်၊ ဆရာ တွေ့တော့မည်” နှင့် ရင်တဖိုဖိုပေါ့။

ရောက်ပါပြီ။ ကျနော့် စာအုပ်ကို ကောက်ကိုင်လိုက်သည်။ လက်ရှိ သင်ခန်းစာ အစပိုင်းကို ကြည့်လိုက်တော့ သူ့လက်မှတ်ကို မတွေ့၊ မျက်မှောင် ကုပ်သွားသည်။ နောက် တရွက်ကို ပြန်လှန်လိုက်သည်။ မတွေ့။

ဆက်တိုက် လှန်ကြည့်လိုက်လို့ လက်မှတ်ကို တခုမှမတွေ့လေတော့ ဒေါပွသွားပြီး စာအုပ်အဖုံးက နာမည်ကို ကြည့်လိုက်သည်။ သွားပြီ။

“အောင်သင်း လာစမ်း” တဲ့။ ကျနော်က သူ့ရှေ့မှာ လက်ကလေးပိုက်ပြီး မတ်တတ်ကလေး ရပ်လို့။

“ဒီမှာ ကြည့်စမ်း တခုမှ လက်မှတ် မထိုးရသေးဘူး။ ဒီစာအုပ်တွေကို ထပ်ရမယ် ဆိုတာ နင်မသိဘူးလား”

ကျနော်က ဘာမှ မပြော။ ဆရာက ကြိမ်ကို ကောက်ကိုင်လိုက်သည်။ ကြိမ်လို့သာ ပြောလိုက်ရသော်လည်း တကယ့် ကြိမ်အစစ် မဟုတ်ပါ။ ဝါးခြမ်းစိတ်ကလေး တခုကို လုံးချော လုပ်ထားခြင်းသာ ဖြစ်ပါသည်။

ကျနော် လုံးဝကို မကြောက်တော့ပါ။

လုံးဝ မကြောက်တော့တာ အကြောင်း ရှိပါသည်။ ဆရာ့နာမည်က ဦးသိန်းမောင်တဲ့။ အလွန်ကို သဘောကောင်းသည့် ဆရာ ဖြစ်သည်။ ရိုက်ခဲဘိခြင်း၊ ရိုက်လျှင်လည်း ဘယ်တော့မှ နာနာပြင်းပြင်း ရိုက်လေ့ မရှိ။ စတိလောက်သာ ရိုက်တတ်သည်။

“လာစမ်း လက်ဖြန့်” ဆိုတော့ ကျနော် လက်ကလေး ဖြန့်ပေးလိုက်သည်။ ဝါးခြမ်းလုံးကလေးနှင့် ၃၊ ၄ ချက်လောက် ရိုက်လိုက်သည်။

ပြီးတော့ ကျနော့် စာအုပ်ထဲက သင်ခန်းစာတွေကို ကြည့်လိုက်၊ တခြား ကျောင်းသား တယောက်၏ စာအုပ်က ရက်စွဲတွေနှင့် တိုက်ကြည့်ပြီး လက်မှတ်ထိုး ရက်စွဲ တပ်လိုက်။ လက်မှတ်ထိုး ရက်စွဲ တပ်လိုက် ဆိုလို့ လွယ်လွယ် မထင်လိုက်ပါလေနှင့်။

ကျနော်တို့ ခေတ်က ဆရာများမှာ မင်နီ ဖောင်တိန်ကို ကိုင်လေ့ မရှိကြ။ ကလောင်နှင့် မင်နီအိုးကို လှမ်းပြီး တို့လိုက်၊ လက်မှတ် ထိုးလိုက်၊ မင်နီကို ခြောက်သွားအောင် မြေဖြူခဲနှင့် လှိမ့်လိုက် လုပ်ရသည် ဖြစ်တော့ ဆရာက လက်မှတ်တွေ ထိုးနေရင်း စိတ်က ထပ်ပြီး တိုလာဟန်တူသည်။

“တကယ့်ကို ကြည့်စမ်း လက်မှတ် တခုမှ မပါဘူး၊ သယ် ဒီအကောင် ငါထပ်ပြီး ရိုက်ပြန်ရော့မယ်” တဲ့။

သူ့ဘာသာသူ ထပ်ပြီး ရိုက်ချင်ရိုက် မရိုက်ချင်နေ၊ သူ့ဘာသာသူ ဘယ်လောက်ပဲ ထပ်ပြီး စိတ်တိုနေနေ ကျနော်ကတော့ စိတ်ပေါ့ လက်ပေါ့ ဖြစ်သွားလိုက်တာ ထပြီး ကွေးနေအောင်တောင် ကပစ်လိုက်ချင်သေးသည်။ တကယ်ပါ။

ဆရာက နောက်မှ ရုတ်တရက် သတိရလိုက်ဟန်နှင့် “ဟဲ့ကောင် တခြားစာအုပ်တွေ ယူခဲ့စမ်း၊ အဲဒါတွေကော လက်မှတ်မှ ပါရဲ့လား မသိဘူး” တဲ့။
ဒါကိုတော့ ကျနော်က လုံးဝ မကြောက်။ ပထဝီ စာအုပ် တခုသာ ပျက်ခဲ့သည်ကိုး။

ဆရာက စာအုပ်တွေကို သေချာ လှန်လှောကြည့်ပြီး “ဒါတွေတော့ အကုန် ပါသားပဲ၊ ဒါတွေကို တင်ခဲ့ရက်သားနဲ့ ဘာကြောင့် ဟိုစာအုပ်ကို မတင်ခဲ့တာလဲ။ ငါလေ ထပ်ပြီး ရိုက်ပြန်ရော့မယ်” ဟု ဆိုပြီး ဝါးခြမ်းလုံးကလေးကို ကောက်ကိုင် လိုက်ပါသေးသည်။ သို့သော် မရိုက်တော့ပါ။

ထိုနေ့ ကျောင်းဆင်းတော့ ပေါ့ပါး ပျော်ရွှင်လိုက်သည့် ဖြစ်ခြင်း။

ကျနော်တို့ မြန်မာမှာ ဆိုရိုးစကား တခု ရှိသည်။ ယောက်ျား တယောက်အဖို့ “အပျော်ဆုံးနေ့” သုံးနေ့ရှိ ဆိုပဲ။

ဒါတွေက ရှင်လိင်ပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်က ထွက်တဲ့နေ့ တဲ့။

တကယ်ပါ။ ကျနော် အဲဒီ သုံးနေ့စလုံးကို ကြုံခဲ့ဖူးပါသည်။

ကျနော့် အဖို့ “ကမ္ဘာ့ ပြဿနာ ရှင်းတဲ့နေ့” လောက် တခုမှ ပျော်စရာ မကောင်းပါခင်ဗျား။ ။

(စာရေး ဆရာကြီး အောင်သင်း လွန်ခဲ့သော နှစ် ၂၀ ကျော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို Future Publishing House စာပေတိုက်က ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “ကမ္ဘာ့ပြဿနာ ရှင်းတဲ့နေ့ နှင့် ရသစာတမ်းငယ်များ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Your Thoughts …
Tags: ကမ္ဘာ့ မြေပုံကျစွာမင်းကြီးပထဝီမှတ်ဉာဏ်
အောင်သင်း

အောင်သင်း

Similar Picks:

မှတ်ဉာဏ် အားကောင်းစေသော အစားအစာများ

မှတ်ဉာဏ်အား ကောင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာ ၈ မျိုး

by ဟယ်လ်သင်
28 February 2018
13.1k

ဘရိုကိုလီမှာ ဗီတာမင် K နဲ့ Antioxidant တွေ ကြွယ်ဝစွာ ပါရှိတာကြောင့် ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးမှုကို မြှင့်တင် ပေးနိုင်ပါတယ်။

အာရုံစူးစိုက်မှု အားနည်းခြင်းဟာ အခုနောက်ပိုင်း လူငယ် လူရွယ်တွေ အများစုမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခု ဖြစ်လာပါတယ်

မှတ်ဉာဏ် လျော့ကျလာခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်း ၅ ချက်

by ဟယ်လ်သင်
20 July 2018
21.5k

မနက်စာ မစားခြင်းဟာလည်း မှတ်ဉာဏ် လျော့ကျစေတဲ့ အကြောင်းအရင်းတခုပဲ ဖြစ်ပါတယ်။ မနက်စာ မစားခြင်းကြောင့် သွေးတွင်း သကြားဓာတ်ကို နိမ့်ကျစေပြီး ဦးနှောက်ရဲ့ စွမ်းရည်တွေကိုပါ နိမ့်ကျစေပါတယ်။

ကဗျာဆရာကြီး တင်မိုး

ပွင့်ဦး အစမ်းစာ

by တင်မိုး
28 May 2023
4.6k

မနက်တိုင်းသည် လှ၏။ နွေမနက်သည် ရိုးရိုးရဲရဲ လှ၏။ မိုးမနက်သည် အုံ့ပျပျ လှ၏။ ထိုအလှ၌ စိတ်ဝင်စားသော ပီတိ စိတ်သည် ရောင်စုံ မီးပန်း ဖြာသကဲ့သို့ အလှဆုံး ဖြစ်နေပေလိမ့်မည်။

မှတ်ဉာဏ်ကောင်းမွန်အောင် ဦးနှောက်ကို ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်

မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး

by ဟယ်လ်သင်
14 February 2019
17.7k

သီချင်းနားထောင်ခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

စာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ်

အဖြစ်အပျက်လေး တခု

by မင်းသုဝဏ်
27 May 2023
7.4k

ထိုခြောက်နှစ်လောက် ဆီက ကြုံခဲ့ရသော အဖြစ်အပျက်ကလေးကား ကျွန်ုပ်အား ဟီရိသြတ္တပ္ပ တရားရေး ရေဖြင့် သုတ်သင် ဆေးကြောပေး၍ ကျွန်ုပ် အကျင့်စရိုက်အား ပြုပြင်စေလျက် ကျွန်ုပ် မျှော်လင့်ချက်နှင့် ရဲစွမ်း သတ္တိတို့ကို အားပေးကာ မျက်စိရှေ့တွင် ဇာတ်ခင်းလျက်...

လေ့လာမှုတွေအရ မေ့တတ်တာဟာ ဦးနှောက်ရဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလို့ ဆိုပါတယ်

မေ့တတ်သူတွေဟာ သာမန်ထက်ပိုပြီး ဉာဏ်ကောင်းသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ

by ဟယ်လ်သင်
5 October 2019
64.1k

တခြားသူတွေထက် ပိုပြီး မှတ်သားအားကောင်းသူတွေဟာ တချို့ကိစ္စတွေမှာ ပြန်စဉ်းစားလို့မရအောင် မေ့တတ်သူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

Next Post
KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား မိသားစုများမှ ကလေးငယ်များ ကျောင်းတက်ရန် ပြင်ကြစဉ်/ Unicef

ဒီမိုကရေစီကို ပုံဖော်ရန် ပညာရေး ကျွမ်းကျင်မှုသစ်များ လိုအပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved