မေ့လျော့တတ်တာမျိုးကို လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။ မေ့တတ်တာဟာ မှတ်ဉာဏ်နည်းပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတဲ့ လက္ခဏာလို့ လူတွေက ထင်တတ်ကြပေမယ့် သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင် မေ့တတ်တာဟာ ဦးနှောက်ရဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုဖြစ်ပြီး မေ့တတ်တာဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့ လိုအပ်တဲ့ ကိစ္စတခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
Toronto တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာချက်တွေအရ မေ့တတ်ခြင်းဟာ ဉာဏ်ရည်ကို ပိုမိုကောင်းမွန်လာစေနိုင်ပြီး အာရုံစူးစိုက်မှု အားကောင်းလာစေဖို့အတွက် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုဖြစ်တာကြောင့် မေ့တတ်သူတွေဟာ သာမန်ထက်ပိုကာ ဉာဏ်ကောင်းနေကြတာလို့ ဆိုပါတယ်။
လေ့လာမှုတွေအရ လုပ်ငန်းခွင်မှာ လုပ်ငန်းနဲ့ ပတ်သက်တာတွေကို အလွယ်တကူ မှတ်သားနိုင်သူတွေနဲ့ ကျောင်းစာမှာဆိုရင်လည်း တခြားသူတွေထက် ပိုပြီး မှတ်သားအားကောင်းသူတွေဟာ တချို့ကိစ္စတွေမှာ ပြန်စဉ်းစားလို့မရအောင် မေ့တတ်သူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
ဒီလေ့လာတွေ့ရှိချက်ဟာ လူအများကြား အံ့အားသင့်စရာ ကိစ္စရပ်တခုလို ဖြစ်နေပြီး လူတိုင်း ထင်ထားကြတဲ့ ဉာဏ်ကောင်းသူတွေဟာ ဘယ်တော့မှ မမေ့တတ်ဘူးဆိုတဲ့ အချက်နဲ့လည်း လွဲချော်နေတာကြောင့် ဒွိဟဖြစ်စရာလည်း ဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး Toronto တက္ကသိုလ်က ပါမောက္ခ Blake Richland က “ဦးနှောက်က မှတ်ဉာဏ်တွေနဲ့ နေရာလွတ် မရှိအောင် ပြည့်ကျပ်နေတဲ့အခါ တခါတရံမှာ မေ့တာမျိုးတွေ၊ အမှတ်မှားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကစိုးရိမ်စရာ လက္ခဏာ မဟုတ်သလို ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး”
“မှတ်ဉာဏ် အဟောင်းတွေပေါ်မှာ မှတ်ဉာဏ်အသစ်တွေ ထပ်တိုးမှတ်လိုက်တဲ့အခါ ဘာကတော့ အရေးကြီးပြီး ဘာကတော့ အရေးမကြီးဘူး ဆိုတာကို ဦးနှောက်က သူ့အလုပ်သူ လုပ်သွားတဲ့ သဘောပါပဲ။ အရာရာကိုသာ အသေးစိတ် အမှတ်ရနေမယ်ဆိုရင် ဦးနှောက်က ပုံမှန်ထက်ပိုပြီး အလုပ်လုပ်နေရတာကြောင့် ရေရှည်မှာ မှတ်ဉာဏ် ချို့ယွင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်”လို့ ဆိုပါတယ်။
Ref. www.indy.com
You may also like these stories:
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်များ
အတွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ
မှတ်ဉာဏ်အား ကောင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာ ၈ မျိုး
မှတ်ဉာဏ် လျော့ကျလာခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်း ၅ ချက်