နွေမနက် မိုးမနက်
မနက်သည် အင်သစ်အားသစ် အဓိပ္ပာယ်ကို ဆောင်၏။ ကိုယ်ပန်း စိတ်ပန်းမှန်သမျှ ပြေပျောက်ချိန် ဖြစ်၏။ နေ့ဟူ၍ ရှိသမျှ မနက်လည်း ရှိရမည်သာပင်။
နွေတနေ့တွင် ကျနော်သည် မနက်စောစော အိပ်ရာနိုးသည်။ ညက အိပ်စက်၍ မရနိုင်အောင် ပူလောင်ခဲ့သည်။ ကိုယ်ခန္ဓာသည် အပူဒဏ် နှိပ်စက်သဖြင့် နွမ်းလျက်ရှိခဲ့သည်။
မနက်ခင်းကား အပူရှိန် အကင်းသေပြီ။
ကျနော်သည် အတော် လန်းလန်းဆန်းဆန်း ဖြစ်သွားပါသည်။ ညဦးက ပျော်တဝက် နိုးတဝက်နှင့် မဝတဝ အိပ်စက် ခဲ့ရသည်ကို မေ့နိုင်သွားပါသည်။
အပြင်တွင်ကား နံနက်ဦး၏ လေညင်းသည် ဣန္ဒြေ ရရနှင့် သွေးဆဲ။ ကောင်းကင်သည် မှောင်နှင့် မည်းမည်း။ နွေဦး သစ်ရွက်ခြောက်တို့သည် ခပ်မောမောနှင့် အိပ်ပျော်နေကြကုန်သည်။
လမ်းဘေးတွင် အရိုးပြိုင်း ရရိုင်းနှင့် သစ်ပင်တို့လည်း မှောင်ရိပ်ခိုနေကြသည်။ ကြယ်ရောင် ဖွေးဖွေးတို့သည် ရဲရဲတင်းတင်း နှင့် တဖျပ်ဖျပ် မျက်တောင် ခတ်နေကြကုန်သည်။
သစ်ရွက်နံ့၊ ပန်းနံ့တို့သည် လတ်လတ်ဆတ်ဆတ် ဦးဦးဖျားဖျား ပြေးလာကြသည်။ လေပြည်သည် မွှေးနေပေ၏။
စာကလေးတို့လည်း အိပ်ရာမှ စောစောနိုးနှင့်ကြသည်။ နိုးသည်နှင့် တပြိုင်နက် တကျစ်ကျစ် မည်မဆုံး။ အိမ်တံစက်မြိတ်တွင် သူတို့ ဝင်လာသည်။ သစ်ပင် တပင်မှ တပင်သို့ ပျံသည်။
ပြတင်းပေါက်မှ မြင်နေရသော သီးပင်မှာ အကိုင်းအခက် ထီးတည်းနှင့် ဖြစ်၏။ သို့သော်လည်း စိုပြည်မှု ကင်းကာ လုံးဝ ခြောက်သွေ့နေသည်တော့ကား မဟုတ်။
တချို့အကိုင်းတွင် ရွက်သစ် တရွက်စ နှစ်ရွက်စ စိမ်းလဲ့လဲ့။ တချို့ အကိုင်းတွင် ပုရစ်ဖုကလေးများ အပြိန်းအပြိန်း ထလျက်။ အကိုင်းဖျားတွင် စိမ်းမြမြ ရွက်သစ် ရွက်နုကလေးများသည် နောင်အခါတွင် သာယာလှပလာဦးမည့် နိမိတ်ကို ဆောင်၏။
ကြွေခဲ့ပြီးသော သစ်ရွက် ဝိုင်းဝိုင်းကလေးများမှာ မြေပြင်တွင် ပြန့်ကျဲနေသည်။ အနှံ့အပြား ငြိမ်ဝပ်နေကြ၏။
အိမ်ရှေ့ မန်ကျည်းပင်ကား ရွက်ဟောင်း ခြွေ၍ မပြီးတတ်သေး၊ အိမ်ပေါ်နှင့် ဝိုင်းထဲတွင် မန်ကျည်းရွက်များ တဖွဲဖွဲ ကြွေကျဆဲပင် ဖြစ်သည်။
နွေဦး နံနက်သည် ဖရိုဖရဲနှင့် စည်းကမ်းကလနားမဲ့ လှပလျက် ရှိပေ၏။
အချုပ်အချယ်မဲ့ လွတ်လပ်စွာ လှပလျက်ရှိသော နွေမနက်ခင်းကို မြင်ရသည်မှာ စိတ်ဓာတ် တက်ကြွလောက်သည်။ ပျိုလွင်သောစိတ် ရှိရှိသမျှကို နိုးကြွလာစေသည်။
နွေမနက်သည် သစ်ရွက်ဟောင်းတို့ကို ခြွေခဲ့သည်။ ဤသည်မှာ အိုမင်းခြင်းကို မှုတ်ထုတ်လိုက်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် နွေမနက်သည် အသစ်၏ လှပပြေပြစ်ခြင်း၊ အားသစ်ထုထည် ရှိခြင်းကို ဖော်ပြပေသည်။ ရဲရင့်သော နွေအရုဏ်ပေတကား။
ကျနော်သည် မိုးအရုဏ် မနက်ခင်းကိုလည်း စိတ်ဝင်စား၏။ မိုးသည် စိမ့်လျက်ရှိရာ အရုဏ်ဟူသော နေတံခါးပင် မပွင့်နိုင်ပေ။ မိုးစက် မိုးပေါက် မိုးပွင့်များသည် မနက်ကို ဖုံးထားကြပေ၏။ မနက်ကို သတ္တဝါတို့ ရှေ့မှောက် မရောက်လာ စိမ့်သောငှာ ဝှက်ထားကြပေ၏။
သို့ရာတွင် မနက်ဟူသော အချိန်ကို မည်သူ ဖျောက်နိုင်အံ့နည်း။ အချိန်ကို ဖျောက်ဖျက်ပစ်နိုင်သော တန်ခိုးတော်ရှင် ဟူ၍ မရှိ။
စာကလေး နှင့် ကျီးကန်းတို့သည် နာရီ မရှိဘဲလျက် မနက်ချိန်ကို သိတတ်ကြ၏။ မန်ကျည်းပင်ပေါ်က သူတို့ အသိုက်သည် မိုးစိုလျက်ရှိ၏။ သူတို့၏ ကိုယ်သည် မိုးရေ စိုရွှဲလျက် ရှိ၏။ ငှက်မွေး ငှက်တောင်တို့သည် မကော့ပျံနိုင်တော့ဘဲ ကုပ်ကုပ် ရုပ်ရုပ်သာ ရှိရှာတော့သည်။
မျက်ဝန်းရစ်ကလေးများသည် အားငယ်သော အသွင်ကို ဆောင်သည်။ မိုးပေါက်မှန်ထားသဖြင့် ချမ်းတုန်နေရှာသော သူတို့၏ ကိုယ်ကာယသည် သေးလှီခဲ့လေသည်။
အစာရှာ ထွက်ချိန်တန်သဖြင့် အသံကျစ်ကျစ်ကို ပြု၏။ သို့ရာတွင် မိုးခိုစရာ မရှိသော ကွင်းလဟာတွင် အစာကောက်နိုင်ရန် ခက်ခဲလှမည်ကို စိုးရိမ်၍ တိုင်ပင်နေကြပုံ ရလေသည်။
အရှေ့မိုးပြင်၌ စိုးစဉ်းမျှ အနီရောင် မသမ်း။ နီမြန်းခြင်း မရှိ။ တိမ်ပြေး တိမ်ညိုများသာလျှင် လှုပ်လှုပ်ရွရွ တက်ကြွနေကြ ကုန်၏။ သို့ရာတွင် တိမ်မည်း အဆိုင်အခဲအကြားတွင် ကွက်လပ်ကြိုးကြား ပေါ်လာတိုင်း အဖြူရောင် ပြေးနေသည်ကို တွေ့ရတတ်သည်။ အလင်းသည် တိမ်မှောင်ထုအကြားမှ ထိုးထွက်ရန် အခွင့်ကောင်း ချောင်းလျက် ရှိလေ၏။
မိုးမနက်တွင် မြေသင်းနံ့ မွှေး၏။ မိုးနံ့လည်း မွှေး၏။ ချိုသင်းသင်း အေးမြမြ။
မန်ကျည်းပွင့် ဆီးပွင့်တို့သည် မြေပြင်၌ စံမြန်းနေကြ၏။ ဖုန်နှင့် ရောထွေး၍ အပွင့်ကလေးတို့ ညှိုးကုန်သည်လည်း ရှိ၏။ မိုးရေနှင့် လန်းဆန်း၍ ပုံပန်းမျက် မြေပြင်တွင် ရွရွကလေး ထင်နေတတ်သည်လည်း ရှိ၏။
ဈေးလှည်းတို့သည် မန်ကျည်းပင်ကြီးအောက်မှ ဖြတ်၍ ခြူသံလေးလေးနှင့် မောင်းနှင်နေကြသည်။
ပုရစ်ကောင်ကလေးတို့သည် တွင်းထဲကနေ၍ ကျွမ်းပစ်ကာ ထွက်လာကြသည်။ အိမ်ရှေ့တလင်းတွင် ပုရစ်ကောင်တို့ ခုန်ပေါက်နေကြလေသည်။ အိမ်တလင်း နံဘေးတွင်ကား မြက်နုတို့သည် ထလာကြလေသည်။ မြက်ပင်၏ စိမ်းစိုမှုသည် မိုးရာသီ၏ အမှတ်အသားပေတည်း။
ကောင်းကင်ပြင်တွင်ကား ကြယ်မှုန် ကြယ်ပြောက် မထင်။ တိမ်ပြင်သာလျှင် ရှိ၏။ တိမ်တို့လည်း ခြေငြိမ် လက်ငြိမ် နေနိုင်အားကြသည် မဟုတ်၊ လေချီရာ တိမ်းလိုက်နေရခြင်း ဖြစ်ပေ၏။ မှုန်ရီရီ တချို့ ဖြူညို့ညို့ တတန်ပါပေ။
ကျနော်သည် ကောင်းကင်ကို ကြည့်၏။ ကြည့်လေ ကြည့်လေ ဘယ်မဆုံး၊ တိမ်တို့ကို မြင်၏။ အသွေး အရောင်ကို မြင်၏။ အပြောင်းအလဲကို မြင်၏။ အပါးအလွှာကို မြင်၏။ အနက်အရှိုင်းကို မြင်၏။ ပုံ အမျိုးမျိုးကို မြင်၏။ အယဉ်အကျေးကို မြင်၏။ အရိုင်းအကြမ်းကို မြင်၏။ မြင်တတ်လျှင် ဘယ်မဆုံးနိုင်ပြီ။
မိုးမနက်သည် ခပ်အုံ့အုံ့။
နွေမနက်သည် ခပ်လှုံ့လှုံ့သွေးကို လှုံ့တတ်သော နွေမနက်နှင့် စိတ်ကို အုံ့စေတတ်သော မိုးမနက်တို့ကို ကျနော် အာရုံ စိုက်မိခဲ့၏။ ငေးမိခဲ့၏။ ယှဉ်မိခဲ့၏။
နွေမနက်ကိုလည်း နှစ်သက်သူမဟုတ်။ မိုးမနက်ကိုလည်း လက်ခံသည် မဟုတ်။ အလှည့်ကျ တွေ့မြင်ရသော ရာသီကို ကျနော် ငြင်းစရာလည်း မလို။ အခိုက်အတန့်အားဖြင့် ကြုံလာသမျှတို့ကို အလိုက်သင့် အလျားသင့် ကြည်နူး ရွှင်ပြ လိုသည်သာ ဖြစ်သည်။
နွေမနက်ကိုမှ နှစ်သက်သည် ဟူသော လှေနံဓားထစ် အစွဲအလမ်းလည်း မထား။ မိုးမက်ကိုသာ ကြုံလိုပါသည် ဟူသော တရားသေ တံခါးပိတ် စိတ်ကိုလည်း မမွေး။
သူ့အရေးအခါ သူ့သဘာဝနှင့် ကြုံလာလျှင် နှစ်သက်စရာ တကွက်ကို တွေ့တတ်စမြဲ ဖြစ်သည်။ ထိုနှစ်သက်စရာ တကွက် (ဝါ) အလှကွက်ကို ရွေး၍ ရှုငေးလိုသော စိတ်သည် နှလုံးသား၌ ခိုအောင်းလျက် ရှိခဲ့ပြီ။
ထို့ကြောင့် နွေကိုလည်း လွမ်းပါ၏။ မိုးကိုလည်း လွမ်းပါ၏။
မည်သည့်အခါ ရာသီပင် ဖြစ်စေ၊ မနက်ခင်းတိုင်းသည် သာယာတတ်သည်။ မနက်ခင်း၏ မြင်ကွင်း မြင်ကွက်တို့သည် အသက်ဝင် လှုပ်ရှားတတ်သည်။ မနက်ခင်း၏ လှုပ်ရှားဟန် အမူအရာတို့သည်လည်း လွတ်လပ် ရဲရင့်တတ်သည်။ တက်ကြွ တတ်သည်။ မနက်ခင်းမှန်သမျှ၏ ယေဘုယျ သဘောသည် ကျက်သရေနှင့် စိုပြည်တတ်ပေသည်။
သဘာဝတွင် အမှားအယွင်း ဟူ၍ မရှိနိုင်ချေ။ အမှန်ဟူ၍လည်း မရှိနိုင်ချေ။ မိမိသဘောအလျောက် လှုပ်ရှားနေကြခြင်း မျှသာတည်း။
မနက်တိုင်းသည် လှ၏။ နွေမနက်သည် ရိုးရိုးရဲရဲ လှ၏။ မိုးမနက်သည် အုံ့ပျပျ လှ၏။ ထိုအလှ၌ စိတ်ဝင်စားသော ပီတိ စိတ်သည် ရောင်စုံ မီးပန်း ဖြာသကဲ့သို့ အလှဆုံး ဖြစ်နေပေလိမ့်မည်။
သဘာဝ အလှကို ဖမ်းယူ ပုံကူးထားသော လူ့စိတ်နှလုံး၏ အလှသည် အယဉ်ဆုံး အကြော့ဆုံး ဖြစ်တန်ရာသည်။ ။
မှတ်ရန်
မနက်ခင်းက အင်အားသစ်ကို ပေးတတ်ပုံ။
နွေမနက်၏ ရှုခင်း အလှအပ။
နွေမနက်ခင်းက အဟောင်းကို နှင်ထုတ်၍ အသစ်ကို ဖိတ်ခေါ်ပုံ။
မိုးတွင်း မနက်ခင်းနှင့် ကျေးငှက်ကလေးများ သဘာဝ။
ကြည်နူးဖွယ် မိုးမနက်၏ လှုပ်ရှား အသက်ဝင်လာပုံ။
တိမ်တောင် တိမ်လိပ်တို့၏ အနေအထား။
နွေမနက် နှင့် မိုးမနက်တို့၏ ကိုယ်စီအလှ၊ ထို့ထက် အလှကို သိမြင်ခံစားတတ်သော လူသား၏ အလှ။
အထက်ပါ အချက်တို့ကို သင့်လျော်အောင် စည်းရုံး၍ အဆင်ပြေအောင် ဖွဲ့လိုက်ပါသည်။ သဘာဝ၏ အလှအပကို မိမိတို့ မြင်တွေ့ရသလို ဖွဲ့ကြည့်ကြပါ။ ဤအစမ်းစာတွင် စာဆိုကို အားကိုးပြု၍ မရေးဘဲ မိမိအာဘော်ကို အားကိုးပြု၍ ရေးလိုက်ပါသည်။
(ကဗျာဆရာကြီး တင်မိုး ရေးသားခဲ့သည့် ဤစာစု (ရသစာတမ်းငယ်) (Essay) ကို ဆန်းစသော်တာ စာပေတိုက်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထုတ်ဝေသော “တင်မိုး ပွင့်ဦး အစမ်းစာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ပထမအကြိမ်ကို ၁၉၆၈ ခုနှစ် အောက်တိုဘာလက ထုတ်ဝေပါသည်။ စာရေးသားခြင်း အတတ်ပညာကို တတ်မြောက် လိုသော စာဖတ်ပရိသတ်များနှင့် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများသို့ ဟူ၍ ကဗျာ ဆရာကြီး တင်မိုးက စာအုပ်တွင် ညွှန်းဆိုထားပါသည်။ ဆရာကြီးသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် အသက် ၇၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
ကဗျာဆရာကြီး တင်မိုး ပညာရေး နှင့် စာပေ ဘဝ အကျဉ်း
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာ မြို့နယ် ကန်မြဲရွာတွင် ၁၉၃၃-ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၌ အဖ ဦးဘအို၊ အမိ ဒေါ်စံထယ် တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဘဂျမ်း ဖြစ်ပြီး၊ မွေးချင်း ၃ ဦးတွင် ဒုတိယဖြစ်၏။
ဇဂျမ်း တိုင်းရင်းမြန်မာ အလယ်တန်းကျောင်း၊ ကန်မြဲ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင်ကြီး ကျူရှင်ကျောင်း၊ ရေစကြို အစိုးရ အထက်တန်း ကျောင်းတို့တွင် ပညာသင်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် မကွေးတိုင်း ရေစကြိုမြို့ အထက်တန်းကျောင်းမှ မြန်မာ တပြည်လုံးတွင် မြန်မာဘာသာ အမှတ် အများဆုံးဖြင့် ဒသမ တန်းကို အောင်မြင်ခဲ့သည်။
၁၉၆၅ တွင် မန္တလေး တက္ကသိုလ်မှ မြန်မာ ဘာသာစကား စာပေ၊ အရှေ့တိုင်း သမိုင်းပညာ၊ ပါဠိဘာသာ တို့ဖြင့် ဝိဇ္ဖာဘွဲ့ ရခဲ့သည်။
ရန်ကုန် နှင့် မန္တလေး တက္ကသိုလ်များတွင် မြန်မာဘာသာ စာပေ ဂုဏ်ထူးတန်းကို ဆက်လက် လေ့လာခဲ့သည်။
၁၉၆၇ မှ ၁၉၈၇ အထိ ရန်ကုန် တက္ကသိုလ် ဘာသာပြန် ထုတ်ဝေရေး ဌာနတွင် စာတမ်းပြုစုသူ နှင့် လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီတွင် တတ်သိပညာရှင်များ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
နိုင်ငံရေး ပုဒ်မ ၅ (ည) ဖြင့် အင်းစိန်ထောင်တွင် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ လအထိ ဖမ်းဆီး အကျဉ်းချခံရသည်။
ဆရာသည် ၁၉၅၉ ခုနှစ်မှ စ၍ ဘဝတလျှောက်လုံး ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ နှင့် ကျောင်းဆရာ ဘဝများတွင် ကျင်လည်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဖန်မီးအိမ် ကဗျာ စာအုပ်ဖြင့် အမျိုးသား စာပေ ကဗျာဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၇၀ တွင် ထီးကလေးနဲ့ မနီ ကလေးဗျာ စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။
ကဗျာ၊ အစမ်းစာ ရသစာတန်းငယ်၊ စာစီစာကုံး နှင့် အခြား စာအုပ်ပေါင်း အုပ် ၃၀ ခန့် ရေးသား ထုတ်ဝေခဲ့သည်။
၁၉၉၉ – ဩဂုတ်လတွင် သမီး မမိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံ နိုင်ငံသို့ သွားရောက်နေထိုင်ရင်း RFA ၊ VOA ဌာနများတွင် စာရေးသားခြင်း အသံလွှင့်ခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) က Hellman Hammet Grants ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာတွင် နယ်သာလန် နိုင်ငံက Prince Claus Awards စာပေဆု ချီးမြှင့်ခဲ့သည်။
ကဗျာဆရာကြီး တင်မိုးသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အန်ဂျလိစ် မြို့ နေအိမ်တွင် ကွယ်လွန်ခဲ့ပါသည်။