မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းသည် တနာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်မှ ငါးလုပ်ငန်းအသိုက်အဝန်းသည် လူသားချင်းစာနာမှု အကူအညီများ အကြီးအကျယ် လိုအပ်နေသည်။
မိုခါသည် မြန်မာတွင် တိုက်ခတ်ဖူးသည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းပြီးနောက် ဒုတိယ အင်အားအကြီးမားဆုံး မုန်တိုင်းဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းမှ ငါးဖမ်းကျေးရွာများကို အပြင်းအထန် ပျက်စီးစေကြောင်း ဒေသခံစေတနာ့ ဝန်ထမ်းအဖွဲ့များက ပြောသည်။
ဘုပင်ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ငါးဖမ်းလုပ်ငန်း အသိုက်အဝန်းသည် ၎င်းတို့၏ ငါးဖမ်းလှေများ မုန်တိုင်းကြောင့် ပျက်စီး၊ မျောပါသွားသောကြောင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးပေ။
“မုန်တိုင်းကြောင့် လှေအားလုံးနီးပါး ပျက်စီးသွားတယ်။ ဒါကြောင့် ငါးအသေးလေးတွေကိုပဲ ဝယ်နေရတယ်” ဟု သက်ကယ်ပြင်စခန်းမှ ရိုဟင်ဂျာတဦးက ပြောသည်။
အနီးပတ်ဝန်းကျင် ကျေးရွာများမှ ငါးဖမ်းလှေ ၃၀ ခန့် သူ၏ရွာအနီးသို့ မျောပါလာကြောင်း သဲချောင်းကျေးရွာမှ ရွာသားတဦးက ပြောသည်။
“ကျနော်တို့ရွာ အနောက်ဘက်မှာ ငါးဖမ်းလှေ ၃၀ လောက် ရောက်နေတာ တွေ့ခဲ့တယ်။ ပိုင်ရှင်တွေ လာမယူကြသေးဘူး။ တချို့လှေတွေက နေအိမ်ခြံဝန်းတွေအထဲအထိ မျှောပါလာတာ” ဟု ၎င်းကပြောသည်။
လူသားချင်းစာနာမှု အကူအညီများ သဲချောင်းကျေးရွာသို့ မေလ ၂၄ ရက်နေ့တွင် ရောက်လာကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
“စောင်တွေ၊ တာပေါ်လင်တွေ၊ အိုးခွက်နဲ့ ခြင်ထောင်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပေးတယ်” ဟု ဒေသခံတဦးက ပြောသည်။
ထိုအကူအညီများအတွက် ကျေးဇူးတင်သော်လည်း တာပေါ်လင်များသည် ၎င်းတို့ နေအိမ်များကို ပြုပြင်ရန် မလုံလောက်ကြောင်းနှင့် အိုးခွက်၊ စောင်နှင့် ခြင်ထောင်များသည် သူ၏ရွာတွင် မလိုအပ်ကြောင်း အခြားရွာသားတဦးက ပြောသည်။
ပေါက်တောမြို့နယ်၊ မဒဲရွာတွင် ငါးဖမ်းလှေများ မုန်တိုင်းဒီရေဖြင့် မျောပါပြီး အကြီးအကျယ် ပျက်စီးကြောင်း ရွာသားများက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ငါးဖမ်းလုပ်ငန်း အသိုက်အဝန်းမှ နေအိမ်အများအပြားနှင့် ပိုင်ဆိုင်မှုများ ပျက်စီးသွားပြီး အမိုးအကာနှင့် အစားအသောက် အရေးပေါ် လိုအပ်နေကြောင်း ပေါက်တောမှ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
“ကျနော်တို့ ရွာအများစုက ဆင်းရဲပြီး အိမ်တွေကို သူတို့ဘာသာသူတို့ ပြန်ပြင်တာ၊ ကိုယ့်ဖာသာ မလုပ်နိုင်ဘူး” ဟုလည်း ထိုစေတနာ့ဝန်ထမ်းက ပြောသည်။
မုန်တိုင်းဒီရေသည် သဲခုံကျေးရွာကို ဖျက်ဆီးရုံသာမက ငါးဖမ်းလှေများနှင့် ငါးဖမ်းကိရိယာများကိုလည်း မျောပါစေသောကြောင့် တရွာလုံး စိတ်ဓာတ်ကျနေကြောင်း အခြားစေတနာ့ဝန်ထမ်းအဖွဲ့တခုက ပြောသည်။
“အသက် ဆက်လက် ရှင်နေတာထက် မုန်တိုင်းထဲမှာ သေသွားတာပဲ ကောင်းတယ်” ဟု မုန်တိုင်းကြောင့် ဘဝပျက်ရသည့် သဲခုံကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးတဦးက ပြောသည်။ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းက Facebook တွင် တင်သည့် ဗီဒီယိုတခုတွင် ထိုအမျိုးသမီးကြီးက ပြောကြားခြင်းဖြစ်သည်။
သဲခုံကျေးရွာမှ ထိခိုက်လွယ်သူများအတွက် စားနပ်ရိက္ခာအချို့ လှူဒါန်းထားကြောင်း၊ သို့သော် ရန်ပုံငွေ အကန့်အသတ် ရှိသောကြောင့် တရွာလုံးကို မကူညီနိုင်ကြောင်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း ပြောခွင့်ရသူတဦးက ပြောသည်။
ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းတွင် ငါးဖမ်းလုပ်ငန်းအနည်းဆုံး ၇ ခု မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးပြီး မုန်တိုင်းအတွင်း ငါးဖမ်းလှေများ ဆုံးရှုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
မြောက်ဦးမြို့နယ်တွင် စိတ်ပျက်နေသော ငါးဖမ်းသမားများသည် မိသားစုများကို ချန်မထားနိုင်သောကြောင့် ငါးဖမ်းမထွက်နိုင်ဘဲ ဖြစ်နေသည်။
“ကျနော်တို့ကို ဘယ်သူမှ မကူညီဘူး။ မိသားစုတွေ အကူအညီမဲ့နေတယ်။ ဒီလို မရေရာတဲ့ အခြေအနေမှာ မိသားစုကိုထားခဲ့ပြီး ငါးဖမ်းမထွက်နိုင်ဘူး” ဟု တံငါသည်တဦးက ပြောသည်။
မုန်တိုင်းကြောင့် နေအိမ်ဆုံးရှုံးသွားသည့် မိသားစုအချို့သည် နေအိမ်များ ပြုပြင်ရန် တာပေါ်လင် မဝယ်နိုင်သောကြောင့် မြောက်ဦးမြို့မှ ဘုန်းကြီးကျောင်းတခုတွင် နေထိုင်နေသည်ဟု ၎င်းကပြောသည်။
“ဈေးတွေတက်နေလို့ တာပေါ်လင် မဝယ်နိုင်ဘူး။ ဒါကြောင့် အကူအညီမရရင် အိမ်မပြင်နိုင်ဘူး” ဟုလည်း ထို တံငါသည်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Western Myanmar Fishing Villages Devastated by Cyclone Mocha ကို ဘာသာပြန်သည်။)
You may also like these stories:
ပယောဂတွေ မပါဖို့တော့ အရေးကြီးတာပေါ့
စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာ ရောက်
လျစ်လျူရှုခံနေရတဲ့ မုန်တိုင်းသင့် ချင်းဒေသက ပြည်သူများ
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး