ရပ်ကွက်ကြီး တခုလုံးသည် သုသာန် တစပြင် ကဲ့သို့ ငြိမ်သက်လျက် ရှိလေသည်။
နေ့ည မရွေး သေနတ်သံ တဖျောက်ဖျောက် တဝုန်းဝုန်း တဒိုင်းဒိုင်း၊ တဒက်ဒက် တို့ကို ကြားနေရသော လူထု အများစုသည် ငြိမ်သက်ခြင်းကို နှစ်သက်မိကြသည်။
သို့သော် အချို့က ကြားနေကြ သေနတ်သံကို မကြားရဘဲ ငြိမ်ခြင်းကြီးမက ငြိမ်ကျသည်ကိုပင် ကြောက်ရွံ့ ပူပန်ကြသည်။
အထူးသဖြင့် လမ်းတကာတွင် ကိုယ်ပိုင် အသိစိတ်ဖြင့် ရပ်ကွက်ကို စောင့်ရှောက်ကြသော ကင်းသမားများသည် ပို၍ ထိတ်လန့်ကြသည်။
ဘာသံကိုမျှ မကြားရလေလေ၊ ပို၍ ကြောက်လေလေ။ ထို့ကြောင့် နားစွင့်ကြသည်။
မကြမီ လပြည့်တော့မည်။ ကောင်းကင်သည် တိမ်ခိုးများ ဝေနေသော်လည်း ရပ်ကွက် လူထုသည် မိုးရွှေလမင်းကြီးကို တကြသည်။ လသည် သာနေသည်ဟု မဆိုနိုင်။
သို့သော် တိမ်ခိုးတွေ အကြားမှနေ၍ ကံကြမ္မာ ဖိစီးနှိပ်စက်ခြင်းကို ခံရသူများအား တိတ်တခိုး ချောင်းကြည့်နေလေသလော။
အနိဌာရုံများကို ခဏခဏ မြင်နေရသော လမင်းသော်တာသည် မကြည်မလင်သော သူ့မျက်နှာကို တိမ်လွှာတည်းဟူသော ပဝါနှင့် ဖုံး၍ တရိပ်ရိပ် ပြေးလေသည်။ သူလည်း ကြောက်ကြောက်နှင့် ပြေးလေသလော။
ကြည်လင် အေးမြသော သဘာဝကို တိုက်ဖျက်လိုသော မိုးမှောင်တို့သည် မှေးမှိန်နေသော အလင်းရောင်ကို အမိုက်တိုက်ထဲသို့ ပို့ရန် ရည်သန်၍ တွန့်ဆုတ်နေသော ငွေစန္ဒာ၏ နောက်သို့ အပြေးလိုက်သည်။
မိုးတိမ်တို့က အရှိန်ယူ၍ တဟုန်ထိုး ပြေးသောအခါ “ဒိန်း” ဟူသော အသံသည် တောင်ဘက်မှ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။
တစပြင်ကဲ့သို့ ငြိမ်သက်နေသော ရပ်ကွက်သည် တစ္ဆေချင်း စကားပြောသကဲ့သို့ သောသောညံလာလေသည်။
ကင်းသမားတို့က “တောင်ဘက်က လူအုပ်ကြီး တက်လာပြီဟေ့၊ သေနတ်သံကြားတယ်” ဟု အော်ဟစ်၍ အချက် ပေးသည်။ အနောက်ဘက် လမ်းမှ ကင်းသမားများ အူယားဖားယားနှင့် အရှေ့ဘက်သို့ ပြေးလာကြသည်။
အရှေ့ဘက် လမ်းထိပ်မှ ကင်းသမားများကလည်း အားကျမခံ အရှေ့ဘက် လမ်းထိပ်ဆီသို့ သုတ်ခြေတင်ကြသည်။ လမ်းခုလတ်မှာ ကင်းသမားချင်း ဆုံသော်လည်း အကြောင်းချင်းရာကို ဘုမသိ ဘမသိနှင့်မို့ မေးရမှန်း မြန်းရမှန်း သတိမရ။ မိမိထင်ရာ မိမိ စွတ်ပြေးနေကြသည်။
ထို့နောက် မိုးသည် ပြင်းထန်စွာ ချုန်း၏။ “ငါမှန်း သိပြီလားဟဲ့” ဟု အကြောင်းပြလိုသော သဘောကြောင့်ပေလော မသိ။ မိုးကြိုး တချက်နှစ်ချက် ပစ်ပြသည်။ ကင်းသမားများ ပြေးကောင်းတုန်းပင်။
သို့သော် မိုးပြိုသကဲ့သို့ မိုးလုံးကြီးများ ရွာချလာသောအခါ အားလုံး အကြောက်ပြေ၍ “မိုးရွာတာဟ” ဟု ပြောပြီးလျှင် အချင်းချင်း ရယ်ကြမောကြသည်။
ထို့နောက် လူချင်းခွဲ၍ မိမိတို့ ဆိုင်ရာဆိုင်ရာ ကင်းတဲသို့ ဝင်ပြီးလျှင် ပဲကြီးလှော်ကို ဝါးရင်း လက်ဖက်ရည်ကြမ်း သောက်ကြသည်။
“ညစဉ် ညတိုင်း မိုးသည်းပါစေ” ဟု တဦးက ဆုတောင်းသည်။
“အိပ်ရေးက ပျက်ပျက်၊ မိုးရေက စိုစို၊ ဖျားမှာ နာမှာ စိုးရတဲ့အထဲ မိုးရွာဖို့ချည်း တောင့်တနေရသလား” ဟု တယောက်က အပြစ်တင်သည်။
“မင်း ဘာနားလည်လို့လဲ၊ မိုးသည်းတော့ ဘယ်သူမှ အသွားအလာ မလုပ်ဘူး၊ အားလုံး ငြိမ်သွားမယ်။ ဒါမှ ငါတို့ အေးအေးချမ်းချမ်း ရှိမယ်ကွ” ဟု ပြန်၍ နှုတ်လှန်ထိုးသည်။
မိုးသည်းစဉ် ကင်းသမားများက သတင်းမျိုးစုံ ဖလှယ်ကြသည်။
ကမ်းစပ်က ဆန်ဂိုဒေါင်ကို ဖောက်တာ အားလုံးကုန်ပြီ။ ဆာလာအိတ်တွေကို သယ်ကြသည်။ သွပ်ခွာကြသည်။ တိုင်နုတ်ကြသည်။ အုတ်ခုံ ဖျက်ကြသည်။ သံရက်မကို ဖြုတ်ကြသည်။ ဆင့်များကို ထမ်းပြေးကြသည်။
ကင်းသမားများက “ဖောက်သည်” များသည် မိမိတို့ လမ်းကို မဖြတ်စေရ၊ လမ်းထိပ်မှာ ဝါးကပ်ကာရမည်ဟု ဆိုကြသည်။
နောက်တနေ့မှာ လမ်းဆုံ လမ်းခွ၊ လမ်းလေးမ၊ ဖြတ်လမ်းပါ မကျန် ဝါးကပ်နှင့် ပိတ်၍ လူတကိုယ် သွားလာရုံမျှသာ လမ်းဖွင့်ပေးသည်။ အထွက်အဝင် စစ်ဆေးသည်။
တိုင်းပြည် ဘယ်လောက်ဆူဆူ အရက်ကတော့ ချက်မြဲ။ မိုးချုပ်စတွင် အမူးသမားများ အရက်ပုန်းတမြမြနှင့် ယိုင်တိယိုင်ထိုး နှင့် ကိုယ့်လမ်းကိုယ် ပြန်ကြသောအခါ အစစ်အဆေး အမေးအမြန်း မခံလိုကြသောကြောင့် ကင်းသမားများနှင့် ရန်ဖြစ်ကြ သည်။
အရပ်က အမူးသမားကို ဝိုင်းရိုက်ကြသည်။ အချို့က ဓားနှင့်ပင် ကပ္ပိကြသည်။ ပေါက်ပြဲ ဒဏ်ရာရသူကို ဆိုင်ရာ ဆိုင်ရာက လာရောက် ခေါ်ငင်၍ ဆေးရုံသို့ ပို့ကြသည်။
တရားလိုမရှိ၊ တရားခံ မရှိ၊ တိုင်ချက်ဖွင့်ရန် မလို။ သူ့တရားကို သူစီရင် လိမ့်မည်။
နောက်တနေ့မှာ ရပ်ဝေး ရပ်နီးမှ လာ၍ ဆန်၊ ဂုန်အိတ်၊ သွပ်၊ သံချောင်း စသည်တို့ကို သယ်ကြသော ဖောက်သည် တစုက သူတို့ ဖြတ်လမ်းမှ မဖြတ်ရသောကြောင့် ဒေါသတကြီး စောဒက တက်ကြသည်။
ထို့ကြောင့် နောက် တညမှာ ကင်းသမားများ ပို၍ အင်အားတောင့်အောင် လူစုကြသည်။ ဟိုဘက်လမ်းက ဒီဘက် လမ်းကို ကြိမ်းမောင်းသွားသည်။ သူတို့ လူအုပ်နှင့် လာမည်။ အကြောင်း သိရောပ၊ သတိထား။
သတိပေးနေသည့် အထဲမှ ဟိုဘက်လမ်းက ဆူဆူညံညံ ကြားရသည်။ မိုးချုပ်စမှာ လူစုပြီး တိုက်ခိုက်ရန် ကြံစည်သည် ထင်သည်။
“လာကြဟေ့ ဟိုဘက်မှာ လူစုနေပြီ” ဤသတိပေးသံကို ကြားသော အခါ သည်ဘက် လမ်းက ကင်းသမားများ၊ လူငယ် လူရွယ်များ၊ ပုစုခရုများ လမ်းထိပ်သို့ လာရောက် စုဝေးကြသည်။
တုတ်၊ ဓား၊ လေးမြား၊ လှံ၊ မှိန်း စသည်တို့ကိုသာမက တရုတ် ရုပ်ရှင် ကားထဲမှာ မြင်ဖူးကြသော “နန်ချပ်ကူ” များကိုလည်း အသီးသီး ကိုင်ဆောင်ထားကြသည်။
ဟိုဘက်လမ်းက အသံကျယ်လာသည်။ ပထမ ဘာသံမှန်းမသိ။ နောက်တော့ အသံ ကွဲပြားလာသည်။ ဆဲသံ။
မအေ၊ နှမ ဟူသော ဖရုဿ ဝါစာတို့သည် မိုးခြိမ်းသံကဲ့သို့ ခြိမ်းသည်။ အသံက ခပ်စွာစွာ၊ စူးစူးရှရှ၊ မိန်းမသံ။ သူ့ယောက်ျား အိမ်ပြန်နောက်ကျ၍ ကြိမ်းမောင်းသော အသံ။ ယောက်ျားက ဗလုံးဗထွေး နှင် ပြန်လည် ချေပသော အသံ။
“ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတဲ့အထဲ နင်ဒီလောက်တောင် လူမှန်းမသိ သောက်ရသလား။ နင် ဒီလောက်တောင် ဖြစ်ရင် အရက်ကို ကွာမလား၊ ငါ့ကို ကွာမလား”
ထိုစကားကိုလည်း တရပ်လုံး ကြားပါသည်။
“အရက်ကိုလည်း မကွာဘူး၊ နင့်ကိုလည်း မကွာဘူး။ ရိုးမြေကျ ပေါင်းမယ်”
“ဟား ဟား ဟား ဟား” ဟူသော အသံကြီးသည် ကင်းသမားနှင့် အပေါင်းအပါ လူအုပ်ထဲမှ ထွက်ပေါ်လာပါသည်။
“ဘာမှ မဟုတ်ဘူးဟ၊ လင်မယား ရန်ဖြစ်တာ၊ ကလေးတွေ ပြန်ကြပြန်ကြ”ဟု အရပ်လူကြီး တဦးက အော်လိုက်သော အခါ ပရိသတ်ကြီးလည်း စဲသွားလေသည်။ သို့သော် မိုးမင်းက မစဲ၊ သဲသဲမဲမဲ ရွာပြန်သည်။
သန်းခေါင်ယံအထိ ကင်းသမားတို့၏ စကားဝိုင်းသည် မြိုင်လှပါ၏။ သို့သော် သန်းခေါင်ကျော်သောအခါ တဒိုင်းဒိုင်းနှင့် ပစ်သံ ခတ်သံ ကြားရသည်။
တချို့က ဘီပီအိုင် ဟု ခန့်မှန်းသည်။ တချို့က သမိုင်းချည်စက်ဟု ဆိုသည်။ တချို့က အုတ်ကျင်း ဂုန်နီစက်ဟု ထင်ကြေး ပေးသည်။ တချို့က စီးကရက် စက်ရုံ ဟူ၍ လည်းကောင်း၊ ဆပ်ပြာစက် ဟူ၍ လည်းကောင်း၊ ဆီစက် ဟူ၍ လည်းကောင်း အမျိုးမျိုး စိတ်မှန်းဖြင့် ပြောကြဆိုကြသည်။ ပြောသည့်အတိုင်း မှန်လျှင် ကုန်ပါပြီ။
နံနက်လင်းသောအခါ ဘယ်နေရမှာ ဘယ်နှလောင်း ဟူသော အမင်္ဂလာ သတင်းကို ကြားရသည်။ ပုလဲ နှင့် ငါး ပြောင်ပြီ ဟုလည်း ဆိုကြသည်။
နိုင်ငံခြား ပို့ဖို့ ငါး နှင့် ပုစွန်တွေ ဘယ်ဈေးမှာပေါသလဲ ဟုလည်း အငမ်းမရ သတင်းမေးကြသည်။ သွပ်ဈေး၊ သံဈေး၊ ဘိလပ်မြေ စသည်တို့နှင့် ဆိုင်သော ကုန်စည် ဈေးနှုန်း သတင်းကို ပါးစပ်ဖြင့် ထုတ်လွှင့်ကြသည်။
ညစဉ်ပင် သွပ်ခွာသူတို့ ခွာကြဆဲ ဖြစ်သည်။ လူမသမာတို့ကို လူစုခွဲရန် အလို့ငှာ ဆိုင်ရာတို့က ပစ်ကြခတ်ကြ သည်မှာလည်း အသံ မစဲချေ။
အတင့်ရဲလာကြသောအခါ နေ့လယ်ကြောင်တောင်၌ပင်လျှင် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံတို့ကို ထွင်းဖောက် လုယက်ကြသည်ဟု ဈေးဂေဇက် ကဆိုသည်။
ပြောရင်းဆိုရင်းမှာပင် စက်ကိရိယာ ပစ္စည်းများကို သယ်ဆောင်လာသော ကား ၁ စီး၊ ၂ စီး ရက်ကွက်ထဲ ဝင်လာသည်။ သို့သော် မည်သူမျှ မစုံစမ်းဝံ့ချေ။
အဘယ်ကြောင့် ဆိုသော် ခိုးရာပါ ပစ္စည်း လက်ခံသူမှာ ထောင်ထွက်ဟု နာမည်ကြီးသော ကာလသားခေါင်းကြီး ဖြစ်သောကြောင့် ပေတည်း။
သူထောင်မှ ထွက်လာသည်မှာ ယခုမှ ထွက်လာသည် မဟုတ်။ လူထု ဆန္ဒပြ အရေးအခင်း မပေါ်မီ လေးငါးနှစ်ကပင်လျှင် နှစ်စေ့၍ ထောင်မှ ထွက်လာပြီးနောက် မှောင်ခို ပစ္စည်းများကို ရောင်းဝယ် လုပ်ကိုင် စားသောက်နေသူ ဖြစ်သည်။
သူ့ကို သူနေသော လမ်းရှိ အရပ်သူ အရပ်သား ကောင်းရောင်း ကောင်းဝယ်တို့က အလွန်ခန့်ညားကြသည်ဟု ဆိုသည်။
“ခန့်ညား” ဟု ဆိုသည်မှာ စာစကား ဖြစ်သည်။ အရပ်စကားမှာမူ “ဖင်တုန်အောင် ကြောက်ရသည်” ဟူ၏။
သူ့လုပ်ရပ်ကို မြင်ရသော ရပ်ကွက် လူထုသည် အလိုလို ခေါင်းနားပန်း ကြီးလာသည်။ မတော်လို့ လုံခြုံရေး အာဏာပိုင် များက ဝင်မွှေလျှင် မတော်သူထိပ်၊ တော်သူထိပ်မို့ အားလုံး ရာဇဝတ် သင့်ကုန်လိမ့်မည်။
ကားကြီး ကားငယ်တို့ ခဏခဏ ဝင်သည်။ ထွက်သည်။ ထောင်ထွက်ကြီး ထံသို့ ပစ္စည်းများကို သွင်းသည်။ ထောင်ထွက်ကြီးထံမှ ပစ္စည်းများကို ထုတ်သည်။
တခါတရံ ရောင်းသူနှင့် ဝယ်သူ ဈေးဆစ်ကြသည်။ ဝယ်သူက မြို့ထဲမှ ကားငှားရသည်မှာ အလွန်စရိတ် ကြီးပါသည်။ ရှေးက ၂၀ တန်သော ခရီးကို ယခု ၂၀၀ ပေးရပါသည်။
ကားခလောက်တော့ လျှော့သင့်ပါသည်။ အလီလီ ဝယ်သည်မှာ တသောင်းခင်း မကပါ။ မိတ်ဖြစ် ဆွေဖြစ် ဈေးဆစ်ခြင်း ဖြစ်ပါသည်။
ဝယ်သူက ဤကဲ့သို့ စကားနှဲ့၍ ဈေးနှိမ်နေစဉ် ထောင်ထွက်ကြီးက “နေ့မြင် ညပျောက်ပဲဗျာ့၊ ကတ်သီး ကတ်သတ် ဆစ်မနေနဲ့၊ ကြိုက်ရင်ယူ၊ မကြိုက်ရင် ထားပစ်ခဲ့။ ခင်ဗျားတို့ မြို့ထဲက ဆိပ်ကမ်း သိုလှောင်ရုံတွေ သိတယ်မဟုတ်လား။ အဲဟိုမှာ ဘိုင်စကယ် အသစ်တွေ ထုတ်လာတော့ တရာ့ငါးဆယ် လို့ ဈေးခေါ်ရောင်းတာ ဘယ်သူမှ ဈေးမဆစ်ဘူး။ အလုအယက် ဝယ်ကြတာပဲ။ ချေးမများနဲ့ ခင်ဗျား မယူရင် ဒီ့ပြင်လူက ယူလိမ့်မယ်”ဟု မျက်နှာထား တင်းတင်းနှင့် ငေါက်သည်။
ဝယ်သူလည်း အထွန့် မတက်တော့ချေ။ သူ့ စက်ကိရိယာ သံတိုသံစ ပစ္စည်းများကို သူ့ကားပေါ် သုတ်သုတ်တင်၍ မြို့ဘက်သို့ စက်ကုန်ဖွင့်ပြီး မောင်းသွားသည်။
နေ့ရော ညပါ ဝါးကပ်တံခါးကို စောင့်ရသော ကင်းသမားသည် ခဏခဏ တံခါးကို ဖွင့်ချည် ပိတ်ချည် ပြုလုပ်ပေး နေရသောကြောင့် စိတ်မရှည်နိုင်သဖြင့် ကားသမားနှင့် အချီအချ စကားပြောသည်။
ထိုအခါ ထောင်ထွက်ကြီးလာ၍ မျက်နှာပြသည်။ အားလုံး ငြိမ်ကျသွားသည်။
သို့သော် တခါမဟုတ်၊ နှစ်ခါ မဟုတ်၊ တရက် မဟုတ်၊ နှစ်ရက် မဟုတ် သွားချည် ပြန်ချည် ဆက်တိုက် လုပ်ပေးရသောအခါ အရပ်က ငြိုငြင်လာသည်။
ရာဇဝတ်မှု မကောင်းသော ကိစ္စ၌ အရပ်က အလိုတူ အလိုပါကဲ့သို့ ခဏခဏ ဆောင်ရွက် ပေးနေရလျှင် လုံခြုံရေးများ ကင်းလှည့်လာသောအခါ ဘုန်းကြီးအမှု ရွာပတ်လိမ့်မည်။ သည်လို အချိန်ကာလမျိုးမှာ ဘာလုပ်လုပ် ဘာအမှုမျှ မဖြစ်၊ ပြောမရလျှင် အပြတ်ရှင်း ဒါပဲ။
ဤ ဒဿန တရားသည် အရပ်ထဲ၌ စိမ့်၍ ဝင်လေသည်။
လူအုပ်ကြီးသည် ထောင်ထွက်ကြီး၏ ဝင်ရာထွက်ရာ လမ်းကို အထူး အာရုံ စိုက်လာကြသည်။ သို့သော် ထောင်ထွက်ကြီး ကား ဘယ်သူ့ကို ဘာမျှ ဂရုစိုက်စရာ မလိုဟူသော မျက်နှာထိ မျက်နှာထားနှင့် အခြေမပျက် သွားလာ လုပ်ကိုင်လျက် ရှိသည်။
သူ့အလုပ်က တပတ်လောက် အတွင်းမှာ စက်ကိရိယာ၊ သံတိုသံစ ဆိုင်ကြီး ကနားကြီး တည်ထောင်နိုင်သည်အထိ ကြီးပွား တိုးတက်လာလေသည်။
လူခြုံရေး အာဏာပိုင်တို့က တဒိုင်းဒိုင်းနှင့် ပစ်ခတ် လူစုခွဲနေသည့် အကြားမှ ထိုမျှလောက် စီးပွားတက်နေသည်မှာ ငါ အစွမ်းကောင်းလို့ ဟု မိမိကိုယ်မိမိ အထင်ကြီးလာသည်။
“ငါကွ” ဟူသော စိတ်သည် ထောင်ထွက်ကြီးကို ရဲဆေး တင်ပေးလေသည်။ မာန ဖုံးလွှမ်းလာသောအခါ အကျိုးအကြောင်း ဘာကိုမျှ မမြင်။ ပုန်းလျှိုး ကွယ်လျှိုး အလုပ်ကို ပြောင်ပြောင်တင်းတင်း လုပ်လာသည်။
ထို့နောက် အတော်အတန် ပစ္စည်းများကို ထုခွဲ ရောင်းချပြီး၍ ငွေစက္ကူ အထပ်လိုက်ကို ဂုန်နီအိတ်ဖြင့် ထုပ်ပိုးကာ မိမိအိမ် အတွင်း တနေရာတွင် လုံခြုံအောင် သိမ်းဆည်းပြီးနောက် စက်ဘီး နောက်မြီးပေါ်သို့ မော်တာစက်ကလေး တလုံးတင်၍ လမ်းထိပ်သို့ ထွက်လာသည်။
သည်မော်တာကို သူမရောင်းဘဲ တမင်ချန်ထားသည်။ သူ့စိတ်ကူးထဲမှာ သူ့အိမ်အတွက် အဝီစိတွင်း တူးပြီးနောက် မော်တာ တပ်ဆင်မည်ဟု ကြံစည်သည်။ သို့သော် ထိုမော်တာကို အခြားနေရာမှာ ရွှေ့ပြောင်း သိမ်းဆည်း ထားမည်။
မတော်တဆ ပစ္စည်းရှာဖွေလျှင် ဤမော်တာ တလုံးလောက်တော့ အဖတ်တင်လိမ့်မည်။ သူကြံစည်သမျှကို အိမ်သူ အိမ်သားများအား တိုးတိုးဖော် တိုင်ပင်ပြီးလျှင် စက်ဘီးကို စီး၍ လမ်းမကြီးပေါ်သို့ ထွက်လာခဲ့သည်။
အချိန်မှာ နံနက်ခင်း ဈေးဖွင့်စ အချိန် ဖြစ်၍ လမ်းမကြီးပေါ်မှာ လူအများ ဥဒဟို သွားလာလျက် ရှိသည်။ အများသူငါတို့၏ အကြား၌ ကိုယ့်လမ်းကိုယ်သွားလျှင် ဘယ်သူ့ကို ဘာဂရုစိုက်ရမှာလဲ။ သို့သော် သူလမ်းမကြီးပေါ် အရောက်တွင် ဈေးသွား ဈေးလာတို့သည် အလန့်တကြား ပြေးလွှား သွားကြသည်။
“မီးကွင်းပစ်တယ်” ဟူသော အသံသည် လေးငါးခြောက်လှမ်း အကွာ တနေရာမှ ထွက်ပေါ်လာသည်။ ကင်းသမားများ အသီးသီး မိမိတို့လမ်းမှ လမ်းမကြီးပေါ်သို့ ထွက်လာကြသည်။ “ဖမ်းဟ ဆီးဟ” အသံများ တခဲနက် ပေါ်လာသည်။
“မီးကွင်းပစ်တာ မဟုတ်ဘူး၊ သူခိုးဟေ့ သူခိုး” ဟူသော အသံများလည်း ထပ်ဆင့် ပေါ်လာသည်။
ယခုအခါ ထောင်ထွက်ကြီးသည် လူတောထဲတွင် ညပ်၍ နေလေပြီ။
လူအုပ်ကြီးက “မိပြီ” ဟု အော်၍ သူ့ ဘိုင်စကယ် နောက်မြီးပေါ်မှာ ရှိသော လုရာပါ ပစ္စည်းကို ဆွဲချသည်။ “ဒါ ဘယ်သူ့ ဥစ္စာလဲ” ဟု ဝိုင်းမေးကြသည်။
“အသစ်စက်စက်ပဲ” ဟု ပြောသံကိုလည်း ကြားနိုင်ကြပါသည်။
“ဆွဲချဟ၊ ဖမ်းဟ၊ ရိုက်ဟ” ဟူသော အသံများ ဆူညံလာသော အခါ ထောင်ထွက်ကြီးသည် ဘိုင်စကယ်ကို ထားခဲ့၍ လမ်းမကြီးပေါ် စွတ်ပြေးလေသည်။
လူအုပ်ကြီးက တုတ်များ၊ ဓားများ နှင့် သူ့နောက်ကို လိုက်သည်။ ဤအတွင်း သံဃာ အလံကို လွှင့်ထူထားသော ဘတ်စ်ကား ၁ စီးသည် လူအုပ်ကြီး ရှိရာသို့ ရှေးရှုလာလေသည်။
“လက်လွန်ကုန်မယ်ဟေ့၊ မလုပ်ကြနဲ့၊ ဟိုမှာ သံဃာတော်တွေ လာနေပြီ၊ ဖယ်ကြ၊ ရှဲကြ” ဟူ၍ တဦးသော အရပ်လူကြီးက အော်ရင်းနှင့် လူအုပ်ကြီး လှုပ်ရှားနေသော နေရာထဲသို့ အပြေးဝင်လာသည်။
သံဃာတော်တို့သည် ရပ်ရွာ အေးချမ်းစေဖို့၊ စည်းကမ်းတကျ ငြိမ်ဝပ်စွာ နေထိုင်ကြဖို့၊ ရပ်ကွကို စောင့်ရှောက်ကြဖို့ လိုက်လံ ဆော်သြကြသည်။ ကျောင်းသား အနည်းငယ်နှင့် အရပ်သူ အရပ်သား အများတို့သည် သံဃာတော်များနှင့် အတူ လိုက်ပါ လာကြသည်။
သူတို့က သံဃာတော်တို့၏ သြဝါဒကို အများကြားရအောင် အသံချဲ့စက်နှင့် ဆော်သြပေးလျက် ရှိကြသည်။ သံဃာသည် ပရိယတ္တိ၊ ပဋိပတ္တိ အလုပ်ကို လျစ်လျူရှု၍ ဒကာ၊ ဒကာမတို့ အကျင့်သီလ ထိန်းကြစေရန် ဆော်သြပေးကြသည်မှာ အထူး ကျေးဇူး တင်ထိုက်လှပေသည်။ သို့သော် လူထုအားကို သံဃာက ဆန်နိုင်ပါမည်လော။
အရပ်လူကြီးက “မလုပ်ကြနဲ့” ဟု အော်နေဆဲ ခဏ၌ လူအုပ်ကြီးသည် ထောင်ထွက်ကြီးကို ခုန်၍ အုပ်ကြသည်။ တုတ်များ၊ ဓားများ လေထဲတွင် ဝဲနေကြသည်။ အရပ်လူကြီးက အတင်းဝင်လာသောအခါ လူစု ရှဲသွားသည်။ လက်သည် ဘယ်သူလဲ ဟု မည်သူမျှ မပြောနိုင်ကြတော့ချေ။
လမ်းမကြီးပေါ်မှ ထောင်ထွက်ကြီးသည် သွေးအိုင်ထဲတွင် လဲနေသည်။
သံဃာတော်များ နေ့ကင်း လှည့်နေသော ဘတ်စ်ကားထဲမှ လူတစု ဆင်းလာပြီးလျှင် ထောင်ထွက်ကြီးကို ပွေ့၍ ကားပေါ်တင်သည်။ ဆေးရုံကို တန်းပြီး သွားမယ်ဟု ဆိုသည်။
သံဃာတော်တို့က မေတ္တာသုတ် ပရိတ်ကို ရွတ်ရင်း လက်လွတ်စပယ် မလုပ်ကြနှင့်ဟု သြဝါဒ ပေးသည်။ ဘတ်စ်ကား သည်လည်း တရွေ့ရွေ့နှင့် ဆေးရုံ ရှိရာသို့ မောင်းသွားသည်။ ရပ်ကွက်ထဲမှာ လူရှဲသွားသည်။
ဤအခြင်းအရာကို တွေ့လိုက် မြင်လိုက်ရသော ပရိသတ်သည် ကိုယ့်အိမ်ကိုယ် ပြန်၍ အချင်းချင်း သတင်းစကားကို ဖောက်သည် ချကြသည်။ မတွေ့လိုက် မမြင်လိုက်သော ဈေးသွားဈေးလာတို့ကမူ ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိ။
အိမ်ရောက်တော့မှ အိမ်သူအိမ်သားများ ဆီး၍ ပြောသဖြင့် “သြော်၊ ဟုတ်လား…။ ကျနော် ကျမတို့ အဲဟိုနားက ဖြတ်လာခဲ့တာပဲ၊ ဘာမှ မသိဘူး” ဟု ဆိုကြသည်။
စည်းကားလှသော ရပ်ကွက်ထဲတွင် ထိုထိုသော နေရာမှာ ဘာဖြစ်နေသည်ကို ဤဤသော နေရာက ဘာမျှ မသိချေ။ ထို့ကြောင့် နေ့လယ် နေ့ခင်း ရောက်သောအခါ ရပ်ကွက်ကြီးမှာ ပြန်၍ ငြိမ်သွားသည်။
ထိုအခါကျမှ ထောင်ထွက်ကြီး သတင်း နောက်ဆက်တွဲကို အရပ်သူအရပ်သားတို့ ကြားရသည်။
ဈေးသည် တဦးက ထောင်ထွက်ကြီး၏ ဖြစ်အင် အစအဆုံးကို သူကိုယ်တိုင် မြင်ဘိသကဲ့သို့ သူ့အဖော် ဈေးသည်များကို နှုတ်ခမ်းတလန် ပန်းတလန် နှင့် ပြန်လည် ဖောက်သည်ချသည်။
“ဆေးရုံအထိတော့ မခံဘူးတော့၊ လမ်းမကြီးကထွက်တော့ သူ အသက် မရှိတော့ဘူး။ ဒါကြောင့် ဆေးရုံပို့ရင် အလကားပဲ ဆိုပြီး သင်္ချိုင်းကုန်းကို အရောက် မောင်းသွားတယ်။ သံဃာတော်တွေကလည်း အကြောင်း မထူးပြီမို့ ကျောင်းတိုက်အနား ရောက်တော့ ဆင်းနေရစ်ခဲ့ကြတယ်။ အဲဒီအခါမှ ထောင်ထွက်ကြီးရဲ့ ဆွေမျိုးသားချင်း ၁ ဦး၊ ၂ ဦးက အမီပြေးလိုက်လာပြီး ဘတ်စ်ကားပေါ် တက်ကြတယ်။ သူတို့ မသာပို့ဖို့ပဲ တတ်နိုင်တော့တာပေါ့။ သနားတော့ သနားစရာပါပဲ။ ဒါပေမယ့် သူ့ထိုက်နဲ့ သူ့ကံပေါ့ တော်ရေ့၊ ကာလကြီးကိုက မကောင်းတော့ မကောင်းပါဘူး”
ထိုအခါ စပ်စုတတ်သော ကန်စွန်းရွက်သည်က “နေပ်ဦးအေ၊ ညည်းကကော သင်္ချိုင်းကို လိုက်မသွားဘူးလား” ဟု မေးသည်။
“ကောင်မ စကားကောင်းပြောနေတာ ဘာဖောက်လာတာလဲ”
“မဟုတ်ပါဘူး၊ ညည်းနဲ့ အိမ်နီးချင်းမို့ မသာလိုက်ပို့သေးသလားလို့ သိချင်လို့ မေးတာပါ”
“တော်စမ်းပါအေ၊ တောစကား တောပျောက်၊ ငါနဲ့ အိမ်နီးချင်း မဟုတ်ရပါဘူးအေ။ ငါနေတာက သူတို့လမ်းနဲ့ ဆယ်လမ်းလောက် ခြားပါတယ်၊ ငါ့ကို ကစိပတ်အောင် မပြောနဲ့ သိလား”
“သိပါဘူးတော်၊ ညည်းပြောပုံက အစအဆုံး ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကြား ဆိုတော့ အဆက်အစပ်များ ရှိသလားလို့”
“နင်က ပြောလေကဲလေပဲ၊ ငါက ဘာအဆက်အစပ်မှ ရှိတာမဟုတ်ဘူး၊ အများတကာ ပြောတာကြားလို့ ညည်းကို အစီအစဉ်နဲ့တကွ အစီရင်ခံတာပါတော်၊ ငါ့ကို ပုလိပ်စစ် မစစ်နဲ့” အများက ဝိုင်း၍ ဟားကြလေသည်။
လူပြောသူပြော ပြောသမျှကို ဆက်လက် အစီရင်ခံရသော် အဆိုပါ ထောင်ထွက်ကြီး၏ ရုပ်ကလာပ်သည် သုသာန်သို့ သွားနေစဉ် တရုတ်ဆိုလား၊ ငွေကြေး ကြွယ်ဝသော သံတိုသံစ၊ စက်ကိရိယာ အရောင်းအဝယ် သမားသည် သူ၏ သင်္ဘောသားကား ဟု ခေါ်ကြသော လူစီးကားကလေးကို မြို့ထဲသို့ နှင်လေသည်။
အချို့က ထိုအဝယ်တော်သည် တခေါက်တည်းနှင့် သန်းချီ၍ မြတ်လိမ့်မည်ဟု ထင်ကြေးပေးကြသည်။
ဤသို့ ထင်ကြေးပေးသည်ကို ကြားရသော ဘူးသီး၊ ခရမ်းသီး၊ ကြောင်လျှာသီး၊ ကန်စွန်းရွက် ဈေးသည် အုပ်စုထဲမှ တဦးက “အဝယ်တော် ဆိုတဲ့ လူကတော့ သိန်းထီ ပေါက်သွားတာပေါ့နော်” ဟု သက်ပြင်းချ၍ ပြောလိုက်သည်။
တဦးသော ဈေးသည်က “သိန်းထီ ပေါက်တာ ဆယ်စောင် မကဘူး တော်ရေ့၊ အဲဒါ ထောင်ထွက်ကြီးရဲ့ ကျေးဇူးပဲ၊ ဖြစ်မှ ဖြစ်ရလေတော်၊ သက်စွန့်ဆံဖျား ကြိုးစားသမျှ သူတပါး ကောင်းစားဖို့ချည်းပါကလား” ဟု ညည်းလေသည်။
“လူမိုက်တို့ရဲ့ သွားရာလမ်းက ဒါပဲအေ့” ဟု တွေးခေါ် စဉ်းစားတတ်ဟန် တူသော ချဉ်ဖတ် ရောင်းသူ တဦးက မှတ်ချက် ချလေသည်။
ဈေးသည် အချင်းချင်းထံသို့ ပထမ သတင်းပို့သော မအဝှာက “အင်း…ထောင်ထွက်ကြီး မရှိတော့ အေးပြီ” ဟု ကရုဏာ သံထဲတွင် လောကကြီးကို ကျေနပ်သောအသံ နှော၍ ပြောလိုက်လေသည်။
သို့သော် မကျေနပ်သေးသော ဈေးသည် တယောက်က အတည်ပေါက်နှင့် ပြန်မေးသည်။
“တကယ်လား”
အမေးခံရသော ဈေးသည်သည် ဘာကိုမျှ မဖြေတတ်ချေ။ မေးသူကို မေးရကောင်းလား ဟူသော မျက်နှာထားနှင့် နှာခေါင်း ရှုံ့ပြသည်။ ကျန်သော ဈေးသည်များ၏ မျက်နှာကား ဆီးရွက်လောက် ငယ်သွားသည်။ ။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇေယျာမိုး စာအုပ်တိုက်က ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော “ကျွန်မ ဒီမိုကရေစီ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:
စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား