တပေါင်း လဆုတ် ၂ ရက်နေ့ညက စစ်ကိုင်း – ရွှေဘို လမ်းမကြီးပေါ်မှာ လှည်း နှစ်စီး တအိအိ သွားနေတယ်။
အဲဒီ ညက ၈ နာရီခွဲ လောက်မှာ မိုးရိပ်ကလေး နည်းနည်းကလေး ရှိတော့ လက လင်းလင်းချင်းချင်း မရှိဘူး။ ဒါပေမယ့် အလင်းပိုင်းကို ပိုမို အားသန်နေတာမို့ ကျောက်လမ်းမကြီး ဖြူးနေတာကို မြင်နိုင်တယ်။ လှည်း နှစ်စီးပေါ်မှာ မိသားစု လိုက်ပါလာတာကိုလည်း မြင်နိုင်တယ်။
လေအေးလေးကလည်း ဖြည်းဖြည်းညင်းညင်း တိုက်နေတယ်။ ညအချိန်မို့ မော်တော်ကား အသွားအလာ၊ လူ အသွားအလာလည်း ရှင်းနေတယ်။
ဒီလို ညအခါ တအိအိနဲ့ သွားနေတဲ့ လှည်း နှစ်စီးဟာ ဘယ်ခရီးကို နှင်နေတာလဲ။
လှည်းပေါ်မှာ မိသားစုလည်း ပါရဲ့။ အိုးခွက် ပန်းကန်တွေလည်း ပါရဲ့။ ပွဲသွားကြတာလား၊ ဟုတ်နိုင်စရာ မရှိ။
ည ၈ နာရီခွဲ လောက်ဆိုတော့ ပွဲဆိုရင်လည်း ထွက်ခါနီးနေပြီ။ အနီးအနား ဆိုင်းသံလည်း မကြားရ။ ဒါဖြင့် ဘယ်သွားကြတာလဲ။
သိရပြီ။ သူတို့ မိသားစု အလုပ်ခရီး ထွက်ကြတာ ဖြစ်နိုင်တယ်။ နောက် ၄-၅ ရက်ဆိုရင် ဒီလို ခရီးထွက်ကြမယ့် အိမ်ထောင်စုတွေ ရှိကြသေးတယ် ဆ်ုတာလည်း သိရပြီ။
သူတို့ မိသားစုဟာ စစ်ကိုင်းမြို့နယ် အုန်းတော တဝိုက်ကတဲ့။
ဒီနှစ် မိုးလေ မမှန်လို့၊ တောင်သူ လုပ်ငန်းမှာ မအောင်မြင်လို့၊ မိတ်ဆွေ ရှိရာ၊ လုပ်ငန်းကိုင်ငန်း ရှိရာ ဝမ်းစာ ထွက်ရှာတာ ဖြစ်တယ်လို့ သိရတယ်။
အုန်းတောက တောင်သူကြီး ၄-၅ ယောက်က ပြောပြကြလို့ သိရတာကတော့ –
အုန်းတော နယ်က ဝါ၊ နှမ်း၊ ဂျုံ၊ ပြောင်းကို စိုက်ပျိုး လုပ်ကိုင်ကြတယ်။
မိုးလေဝသ ကောင်းရင် တောင်သူလေးများဟာ ဝါက တနှစ်ကို တရှဉ်း ၅၀၀၊ ၆၀၀ ရတယ်။ ဂျုံက ၂၀၊ ၂၅ ရတယ်။ နှမ်းက ၈၊ ၁၂ လောက် ရတယ်။
ဒီနှစ် မိုးက ရွာချိန်တန် မရွာ၊ မရွာသင့်တဲ့ အချိန်မှာ ရွာလို့ ဝါက ပိဿာ ၅၀ လောက် ရတယ်။ နှမ်းက ၂ တောင်း၊ ၃ တောင်း၊ ဂျုံက ၂ တောင်း ၄ တောင်း လောက်ရကြတယ်။ ဒါကြောင့် ဒီနှစ် ဝမ်းစာ မရကြဘူး။
အဲဒီလို ဝမ်းစာ မရကြတော့ တောင်သူတွေ ကိုင်းထဲ ဆင်းကြရတယ်။ ကိုင်းထဲ ဆင်းကြရတယ် ဆိုတာ မြေပဲ နဲ့ ပဲ မျိုးစုံ နှုတ်ကြရတယ်။ တချို့ကတော့ ရွှေဘို နယ်ဘက်ကို စပါးရိတ် သွားကြရတယ်။
မန္တလေးနယ်က သခင်ခြံတို့၊ ဗြဲတရော်တို့၊ ပေါက်ဝဲတို့၊ ပျော်ဘွယ်တို့၊ ဆင်တပ်တို့၊ တုတ်ရိုက်တို့၊ ဆင်ပြေတို့ စတဲ့ ရွာတွေက မိတ်ဆွေရှိရာ အရပ်ကို သွားပြီး လုပ်ကြရတယ်။
မြေပဲ နှုတ်ခက ၁ တောင်းကို ၂ ပြည် ရတယ်။ လူတယောက်ဟာ တနေ့ကို ၄ တောင်းလောက် နှုတ်နိုင်တယ်။ အဲဒါက ရက် ၂၀ လောက်ပဲ လုပ်ရတယ်။ တနှစ်လုံး အတွက်ဆိုရင် လူတယောက်ကို ၁၀ တောင်းလောက် ရနိုင်တယ်။ အဲဒါ ဝမ်းစာပဲ။
စပါးရိတ်တဲ့ လူကတော့ လုပ်ခ စပါးကို ယူခွင့် မရှိဘူး။ ဒီတော့ သက်ဆိုင်ရာ ဒိုင်မှာ ရောင်းပြီး ငွေယူရတယ်။
စောစောက လှည်း နှစ်စီးဟာ အဲဒီလို ဝမ်းစာရဖို့ သွားအလုပ်လုပ်ကြတဲ့ လှည်းတွေပဲ။
ဒီနှစ် အုန်းတောမှာ မိုးလေဝသ မမှန်လို့၊ လုပ်ငန်း မအောင်မြင်လို့ မိတ်ဆွေရှိရာ အလုပ်လုပ်ကြမယ့် လူတွေ ရှိသေးတယ် လို့လည်း ပြောပြကြတယ်။
ခက်တာက သူတို့မှာ မိရိုးဖလာ နတ်ကိုးကွယ်တဲ့ အစွဲက ရှိနေတော့ နတ်ပွဲကို စောင့်ကြည့်ရဦးမယ်။ နောက် ၄-၅ ရက် ပြီးရင် နတ်ပွဲ ပြီးပြီ ဖြစ်လို့ လုပ်ငန်းလုပ် ထွက်ကြမယ်လို့ သိရတယ်။
သူတို့မှာက လုပ်နေကျ အလုပ် ဖြစ်တဲ့ ဝါ၊ ဂျုံ၊ နှမ်း ပျိုးဖို့ စိုက်ပျိုးရေး ဘဏ်က စိုက်ပျိုးရေး စရိတ်များ ချေးခဲ့ကြတယ်။ ဒီနှစ်တော့ မိုးလေဝသ မမှန်လို့ ဝမ်းစာတောင် ခဲခဲယဉ်းယဉ်းမို့၊ စိုက်ပျိုးစရိတ်ကို ပြန်မဆပ်နိုင်ဘူး။
“အညွန့်ပဲ သတ်ပါရစေ” လို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ပြောပြကြတယ်။ “အညွန့်ပဲ သတ်ပါရစေ” ဆိုတာက အရင်း မဟုတ်ဘဲ အတိုးအညွန့်ပဲ ပြန် ဆပ်ခွင့် တောင်းတာ ဖြစ်တယ်။
လှည်း နှစ်စီးကတော့ တအိအိနဲ့ လမ်းပေါ်မှာ သွားလျက်ပါပဲ။ ဒီလို တအိအိနဲ့ သွားနေရင်း အချိန်နဲ့အမျှ ညဉ့်ကလည်း အတော်ကလေး နက်လာပြီ။
ကောင်းကင်မှာလည်း မိုးသား တိမ်ရိပ် ကင်းလို့ လမင်းက ကြည်ကြည်လင်လင် သာလာပါပြီ။
လှည်း နောက်ပိုင်းက အိပ်သူက အိပ်လို့ လိုက်ပါ သွားကြတယ်။ ရှေးကတော့ ဦးလေးကြီးဟာ လှည်းကို လမ်းကြောင်း မှန်အောင် မောင်းနေတယ်။
သူ့စိတ်ထဲမှာတော့ အညွန့်ပဲ သတ်ခွင့်ရဖို့ ဆုများ တောင်းနေသလား။
သူ့ရှေ့မှာတော့ သူ့အတွက် လုပ်ငန်းခွင်က စောင့်နေတယ် ထင်ပါတယ်။ ရှေ့ဆက်ရမယ့် ခရီးကလည်း ကျန်သေးတယ်။
(လူထု သတင်းစာ၊ ၃၁ – ၃ – ၆၇)
(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို ပဉ္စဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “အတင်းလား အဖျင်းလား သတင်းစကားလား” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














