စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး အင်အားစုများက ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် ရွှေဘိုနယ်ရှိ ပျူစောထီးရွာများ ရိက္ခာ ပြတ်၍ အငတ်ဘေးဆိုက်နေကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၆၉ ရွာ ရှိသည့်အနက် ညောင်ကိုင်း၊ တည်သီးတော၊ ပလိုင်း၊ ပန်းရံ၊ ဘုရားဖြူ၊ မခေါက်၊ ဟသာ်ကြီး၊ မြင်းချင်း၊ ဇီးဖြူကုန်း၊ သလုံး၊ ဇီးကုန်း၊ ကော့ရွာ၊ အင်တိုင်း၊ မြင်းစီး၊ ဆင်အင်း၊ ကူးတို့ဆိပ်စသည့် ရွာတို့မှာ ပျူစောထီး အားကောင်းသည်။
ရွှေဘိုမြို့နှင့် ၁၅ မိုင်ကျော်အကွာရှိ တည်သီးတော ပျူစောထီးကျေးရွာသည် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခြင်းခံရ၍ ကျောင်းထိုင်ဘုန်းကြီး ဦးကဝိမှာ အာဟရပြတ်ကာ ပျံလွန်တော်မူသွားကြောင်း သိရသည်။
“တည်သီးတောရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကဝိ အစာငတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးခန်းမပြရတာကြောင့် ပျံလွန်တော်မူသွားတာလို့ သိရတယ်၊ ဘယ်နေ့က ပျံလွန်တော်မူတယ်ဆိုတာ မသိရပေမယ့် ပြီးခဲ့တဲ့လကုန်ပိုင်းနဲ့ ဒီလဆန်းထဲမှာ ဖြစ်ဖို့ များပါတယ် ”ဟု ရွှေဘိုခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။
ညောင်ကိုင်းရွာကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ကပ်လျှက်ရှိသည့် တည်သီးတောပျူစောထီးရွာကို ပိတ်ဆို့ ထားသဖြင့် ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ဒေသခံများမှာ ဆေးကုသရန်အခက်အခဲနှင့် ရိက္ခာပြတ်ခြင်း ကြုံနေရကြောင်း သိရသည်။
“ကျနော်တို့ကတော့ ဆေးကုသဖို့ သွားမယ်ဆိုရင် ပြည်သူတွေမှ မဟုတ်ပါဘူး၊ ပျူစောထီးတွေဆိုရင်လည်း လွှတ်ပေးတာ မျိုး ရှိပါတယ်၊ ဘာမှ အတားအဆီးမရှိဘူး။ သူတို့ သွားချင်တယ်ဆိုရင် သူတို့ စိတ်သဘောဆန္ဒရှိတယ်ဆိုရင် ကျနော်တို့က အေးအေးဆေးဆေးလွှတ်ပေးပါတယ်၊ အခုက သူတို့ကိုယ်တိုင်က ကြောက်ပြီး မလာရဲကြတာမျိုးပါ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၀ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုလ ၈ရက်၊ ၉ ရက်ကလည်း တည်သီးတော ပျူစောထီးရွာမှ အစာရေစာ ငတ်မွတ်မှုကြောင့် ထွက်ပြေးလာသော သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၇ ဦးကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဗိုလ်ဂျပန်ကြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များမှ သွားရောက် ကူညီကယ်ထုတ်ထားကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “မိသားစုဝင်ကနေတဆင့် တော်လှန်ရေးအင်အားစုတွေဆီ ကို ဆက်သွယ်အကူအညီတောင်းတာကြောင့် သွားပြီး ကယ်ထုတ်ပေးခဲ့ကြတာပါ၊ ထမင်းမစားရတာကို ရက် ၂၀ ကျော် ရှိနေပြီ ငတ်ပြီးတော့ အသေမခံနိုင်ဘူးဆိုပြီး သူတို့ထွက်လာတာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေလည်း သိတယ်လို့ ပြော တယ်၊ အထဲမှာ ကျန်နေတဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေလည်း ရိက္ခာတွေ ပြတ်နေကြတယ်လို့ သိရတယ်” ဟု ပြော သည်။
လက်ရှိ တည်သီးတောရွာအပြင် ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်လာလိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစပြီး ပျူစောထီးများ အလင်းဝင်လိုပါကလည်း လက်ခံပေး မည်ဖြစ်ကာ လက်နက်ခဲယမ်းပါလာပါက ထိုက်သင့်သော ဆုငွေ ချီးမြှင့်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။
“ရွာပြင်မထွက်နိုင်ဘူး အထဲမှာပဲနေရတာ၊ သူတို့ကို ရွှေဘိုမြို့ပေါ်ကနေ တလ တခါ ၂ လ တခါ စစ်ကြောင်းနဲ့ ရိက္ခာပို့ပေး နေတာ၊ နောက်ဆုံးရိက္ခာလာပို့သွားတာ ၃ လကျော်နေပြီဆိုတော့ သူတို့ ရိက္ခာပြတ်နေတာသေချာတယ်၊ ကျနော်တို့ ကတော့ စစ်ကောင်စီရဲ့ ယန္တရား အားနည်းချိနဲ့လာဖို့ ရပ်ကျေးအဆင့် ပျူရွာတွေကို ဖြိုခွဲတာမျိုးပါပဲ၊ အမှန်တကယ် ပျူရွာ တွေ ပျောက်သွားမယ်ဆိုရင် ပတ်ချာလည်မှာရှိတဲ့ ရွာတွေလည်း အေးအေးချမ်းချမ်းနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု ပိုပြီး ဖြစ်လာမယ်လို့ မြင်ပါတယ်”ဟု ရွှေဘိုခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။
ရွှေဘိုမြို့မှနေ၍ ပျူစောထီးစခန်းများနှင့် ရွာများသို့ ရိက္ခာ လက်နက်ခဲယမ်း ဖြည့်တင်းပေးရန် စစ်ကြောင်းထိုးလာပါက တော်လှန်ရေးတပ်များက မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခြင်းတို့ကြောင့် စစ်ကောင်စီက ရိက္ခာပို့ဆောင်နိုင်ခြင်းမျိုး မရှိတော့ဟု သိရသည်။

“ရွှေဘိုနယ်မှာ ပျူစောထီးအားကောင်းတဲ့ရွာ ၇ ရွာ ၈ ရွာထက်မနည်း ရှိသေးတယ်၊ မြင်းစီး၊ မြင်းချင်း၊ ဆင်အင်း၊ ကူတို့ဆိပ် နဲ့ အချို့ရွာတွေကို ကိုယ့်ဘက်က တော်လှန်ရေးအဖွဲ့တွေ သိမ်းထားနိုင်ပြီဆိုပေမယ့် ပျူစောထီးတွေ စစ်ကောင်စီတပ်တွေ ထိုင်ထားတဲ့ ရွာတော်တော်များများ ရှိသေးတယ်၊ သူတို့ကိုလည်း ပိတ်ဆို့ထားတာတွေရှိတယ်” ဟု ရွှေဘိုခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။
ရွှေဘိုမြို့နယ် မူးမြစ်အနောက်ခြမ်းသည် တော်လှန်ရေးတပ်များ အားကောင်းပြီး မူးမြစ်အရှေ့ခြမ်းသည် ပျူစောထီးများ အားကောင်းဆဲဖြစ်ရာ ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်မှုထမ်းရန်အဓမ္မဖမ်းဆီးသလို အကျုံးမဝင်သူများကိုလည်း ပြည်သူစစ်အမည်ခံ ပျူစောထီး အဖွဲ့များသို့ ဝင်ခိုင်းခြင်း၊ အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးကာ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ရွှေဘိုမြို့နယ်သည် မူးမြစ်နှင့် ဧရာဝတီမြစ်အကြား လွင်ပြင်တွင် ရှိပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ပြည်ထောင်စု လမ်းမကြီးများ ဖြတ်သန်း သွားသောမြို့ဖြစ်ကာ မြို့ ၂ မြို့၊ ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂ အုပ်စု၊ ကျေးရွာပေါင်း ၁၈၄ ရွာ၊ လူဦးရေ ၂၃၅၅၄၂ ဦးထိ ရှိသည်။ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် မူးမြစ်နှင့် ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် အရာတော်မြို့နယ်၊ တောင်ဘက်တွင် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် ခင်ဦးမြို့နယ်၊ အနောက်မြောက်ဘက်တွင် ရေဦးမြို့နယ်များနှင့် နယ်နမိတ် ထိစပ်နေသည်။
You may also like these stories:
ကူတော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များအား စစ်ကြောင်းဖြင့် ကယ်ထုတ်ရ
ကန့်ဘလူတောင်ခြမ်းရှိ ဝက်တိုးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရ
ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ
စစ်ကိုင်းတိုင်းရှိ ပျူစောထီးစခန်း ၈ ခု PDF များ တိုက်ခိုက်၊ နှစ်ဖက် အသေပျောက်ရှိ














