စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့၏ တနှစ်ကျော် ပိတ်ဆို့မှုကို ခံရသည့် ဘုတလင်မြို့နယ် ကူတော် ရွာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ ရက်နေ့ကမူ စခန်းစွန့် ဆုတ်ခွာသွားသည်။
ကူတော်ရွာရဲစခန်းသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ခန့်ဝေးပြီး၊ ဆက်သွယ်ရေးမြောင်းများ၊ ဘန်ကာများဆောက်၍ စနစ်တကျ ခံစစ်ပြင်ထားသည့် စခန်းတခုဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်ခြင်းကို ခံထားရပြီး ၈၅ ဦးပါ စစ်ကြောင်းပြုတ်သည်အထိ စက်တင်ဘာလ အတွင်းကလည်း တိုက်ခိုက်ခံထားရသည်။
ဘုတလင်အခြေစိုက် မုံရွာခရိုင်တပ်ရင်း ၂၀ (BOB) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ဝိုင်းရံပိတ်ဆို့ ထား ချိန် သူတို့အတွက် လုံးဝအဆင်မပြေတော့လို့ ကူတော် မဆုတ်တမ်းခံစစ်စခန်းပုံစံမျိုးကနေ စစ်ကြောင်း ဝင်လာပြီးတော့ အကုန်လုံးကို ဆွဲထုတ်သွားကြတာ။ ကူတော်စခန်းကို ဝင်တိုက်တာလည်း ၃ ကြိမ်ထိ ရှိခဲ့တယ်။ အဲဒီလို ရန်သူကို စိတ်ပိုင်း ဆိုင်ရာတွေအထိ လုပ်ဆောင်ခဲ့လို့သာ အခုလိုမျိုးစခန်းကို ရရှိခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။
စခန်းစွန့်ခွာချိန်၌ စစ်တပ်နှင့်ရဲအင်အား ၃၀ ခန့်သာ တပ်စွဲထားခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်းမရှိဘဲ ဆိုင်ကယ် ၁၀ စီး၊ ကားတစီး၊ ဆန် ၂ တင်းနှင့် စစ်အသုံး အဆောင်ပစ္စည်း အချို့သာ သိမ်းဆည်းနိုင်ကြောင်း၊ စခန်းစွန့်ခွာသွားပြီးနောက် စခန်းအတွင်းမိုင်းများ ထောင်ထား ခဲ့ကြ သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးကလည်း “ကူတော်စခန်းက ကျနော်တို့အနေနဲ့ လူအင်အား ကျည်အင်အား အများကြီး မသုံးဘဲနဲ့ ဆုတ်သွားတယ်ဆိုတော့ မြေပြင်အရ ကျနော်တို့အတွက် ကောင်းမွန်တဲ့ရလဒ်တခုလို့ပဲ မြင်မိပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဘုတလင်ဘက်ခြမ်းမှာက ဘုတလင်မြို့ရှိမယ် နမခ ရှိမယ်၊ ကူတော်စခန်း ဆုတ်သွားတဲ့အခါကျတော့ ကျနော် တို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးဂွင် စစ်ရေးလှုပ်ရှားရတာ ပိုကောင်းလာနိုင်တယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်” ဟု ဆိုသည်။
ဆုတ်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းသည် အရပ်သား ၂၀၀ ခန့်အား ကူတော်စခန်းအတွင်းရှိ လက်နက် ခဲယမ်းများ သယ်ဆောင်ခိုင်းကာ လူသားဒိုင်းအဖြစ် အသုံးချ၍ ဘုတလင်မြို့ဘက်သို့ ဆုတ်ခွာသွားကြပြီး ယမန်နေ့ ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ဖမ်းခေါ်သွားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အရပ်သား ဓားစာခံများအနက်မှ အသက် ၂၅ ကျော်အရွယ် လူငယ်တဦးကို ထွက်ပြေးရန် ကြိုးစားသည်ဟု ဆိုကာ သတ်ဖြတ်၍ တလိုင်းရွာပတ်ဝန်းကျင်တွင် စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ကူတော်ရဲစခန်းမှာ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်သောကြောင့် ဘုတလင်- ဒီပဲယင်း -ရေဦး- တန့်ဆည်- ကလေးဝလမ်းပိုင်းပေါ်ရှိ မဟာမြိုင်ဒေသသည် စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်နေပြီဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။
လက်ရှိအချိန်တွင် ကူတော်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါ အင်အား ၂၀၀ ခန့်ဖြင့် ဘုတလင်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအနီး ၂ နေရာ၌ အထိုင်ချတပ်စွဲ၍ မြို့အား ခံစစ်ပြင်ခြင်းနှင့်အတူ ဘုတလင်မြို့နယ်အတွင်း ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်
“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်နေ














