စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် ဝက်တိုး(မ)ရွာ ပျူစောထီးစခန်းကို ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်မှ နိုဝင်ဘာ ၁၁ရက် ညပိုင်းက ဝင်တိုက်ရာ ပျူစောထီးတချို့ သေဆုံးကာ လက်နက်ခဲယမ်း များပါ သိမ်းဆည်းရရှိခဲ့ ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ပျူစောထီးက စုစုပေါင်း ၁၁ ယောက် သေတယ်။ ခေါင်းဆောင်လည်း ပါတယ်၊ ပျူတွေသေတာ အတွင်းသတင်းပေးကနေ အတည်ပြုပေးထားတာပါ၊ စစ်တပ်ကပစ်လိုက်တဲ့ ဟောင်ဝစ်ဇာမှန်ပြီး ရွာထဲက ကိုယ်ဝန်ဆောင်တယောက်လည်း သေသွားတယ်၊ လက်ရှိတော့ ရွာထဲက ပျူမဟုတ်တဲ့သူတွေ အကုန်လုံး ဆက်မနေကြတော့ဘဲ ပြောင်းကုန်ကြပြီ။ ရွာထဲမှာ ပျူတွေဘဲ ကျန်တော့ တယ်လို့ သိရတယ်” ဟု ပြောသည်။
ဝက်တိုး(မ)ရွာတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲ၌ ပျူစောထီး ၁၁ ဦး သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး စစ်ကောင်စီက တပ်ဆင်ပေးထားသည့် ကာဘိုင်နှင့် ပြောင်းချောသေနတ် ၁၀ လက်ခန့် သိမ်းဆည်းနိုင် ခဲ့ကြောင်း သိရ သည်။
ဝက်တိုး(မ) ရွာ ပျူစောထီးစခန်း၌ အင်အား ၃၀ ကျော်သာရှိပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခံရချိန်တွင် ကန့်ဘလူအခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်းမှ ဝက်တိုးမြောက်ရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီး ၄ ကြိမ် ပစ်ကူပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းကုန်စံပြကျေးရွာသား တဦးက “ဝက်တိုးရွာဘက်မှာ တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားရတယ်၊ အပြန်အလှန်ပစ်ခတ် သံတွေနဲ့အတူ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ကြားရတယ်၊ လက်နက်ကြီးသံတွေက တော်တော်ကျယ်တယ်၊ ကျနော်တို့ဘက်မှာက ပျူတွေ ကြီးစိုးနေတာ တော်တော်ကြာနေပြီ။ အခုနောက်ပိုင်း ပျူစခန်းတွေ ဆက်တိုက် ဝင်တိုက် ခံရတာတွေ ရှိလာတယ်” ဟု ပြောသည်။
ထို့အတူ ၆၀၀၆ သံချပ်ကာတပ်ရင်းကို နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း Kanbalu Underground Warriors အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ ၆၀၀၆ တပ်ရင်းနားရှိ ဘောလုံး ကွင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြု၍ မရနိုင်သေးဟု ကန့်ဘလူ – ကျွန်း လှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီ၏ MI-35 အမျိုးအစား စစ်ရဟတ်ယာဉ်များ ၆၀၀၆ သံချပ်ကာ တပ်ရင်း အတွင်း သို့ အတက်အဆင်း ပြုလုပ်ကာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံ တော်လှန်ရေးအင်အားစုများက ဆိုသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများ မကြာခဏ တိုက်ခိုက်ခံနေရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေသလို မြို့ပတ်လည်တွင်လည်း လုံခြုံရေး တိုးမြှင့်ချထား ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၀ ရက်ကလည်း ကောလင်းမြို့ဘက်သို့ စစ်ကူရန်ထွက်ခွာလာသော ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူ စောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို အလယ်ခုံကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများက ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးပြီး လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကြောင်းနှင့်အတူ ပါသွားသော ကန့်ဘလူမြို့နယ်အတွင်းမှ ပျူစောထီး ၆၀ ဦးခန့်သေဆုံးခဲ့ကာ ပျူစောထီးတရွာလျှင် အနည်းဆုံး ၃ ဦးမှ အများဆုံး ၉ ဦးထိ ပါဝင်ကြောင်း ဒေသခံများ၏ အတည်ပြုထားချက်များ အရ သိရသည်ဟု ကန့်ဘလူနယ် စစ်ရေးသတင်းများ ထုတ်ပြန်ပေးနေသည့် Infinty Group မှ တာဝန်ရှိသူတဦးက ပြောသည်။
ထန်းကုန်းတိုက်နယ်သည် ကန့်ဘလူအခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်း၊ ဇီးကုန်းမြို့ အရှေ့ဘက် MEC သကြားစက် အထိုင်စခန်း၊ ယမနေကျေးရွာ ပျူစောထီးအထိုင်စခန်း၊ စံပါယ်နံ့သာကျေးရွာ ပျူစောထီးအထိုင်စခန်း၊ ယော-လယ်လှ ကျေးရွာပျူစောထီးအထိုင်စခန်း၊ ဝက်တိုး(မ)ရွာ ပျူစောထီးစခန်း၊ ညောင်ဇင်လေးကျေးရွာ ပျူစောထီးအထိုင်စခန်း တို့ဖြင့် နီးကပ်နေခြင်းကြောင့် ကျေးရွာများမှာ မကြာခဏဆိုသလို စစ်ကြောင်းထိုးခြင်း၊ အကြမ်းဖက်ဖမ်းဆီး သတ် ဖြတ်မီးရှို့ ဖျက်ဆီးခြင်းခံနေကြရခြင်းဟု ဒေသခံများက ဆိုသည်။
You may also like these stories:
စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ