စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၌ အရပ်သား ၂၆ ဦးအား သတ်ဖြတ်ရာ၌ အဓိက တာဝန်ရှိသူ ဗိုလ်မှူးချုပ် ကြည်သိုက်အား ပဲခူးတိုင်း တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် မကြာခင်က ရာထူးတိုး ခန့်အပ်လိုက်ကြောင်း သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၃၉ (DSA – 39) ကျောင်းဆင်း ဗိုလ်မှူးချုပ် ကြည်သိုက်သည် ၂၀၂၁ခု ဖေဖေါ်ဝါရီလမှ စ၍ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီးအခြေစိုက် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ- ၄) တပ်မမှူး တာဝန်ယူ ခဲ့ပြီး ၎င်း၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း မြို့နယ်များအတွင်း မီးရှို့ခြင်း၊ ဒေသခံများအား သတ်ဖြတ် ခြင်းများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆိုမှုများ ရှိခဲ့ပြီး နောက် ၎င်းအား တောင်ငူခရိုင် သံတောင်ကြီးရှိ ဘုရင့်နောင် တပ်မတော် ( ကြည်း )တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူထားသော စစ်တက္ကသိုလ်အပတ်စဉ် ၃၈ (DSA-38) ကျောင်းဆင်း ဗိုလ်ချုပ် ထိန်ဝင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုး၍ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခံရသဖြင့် ၎င်း၏ နေရာတွင် ဗိုလ်မှူးချုပ် ကြည်သိုက်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုး ခန့်လိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီ စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
စစ်ရေးလေ့လာသူများကမူ စစ်ခေါင်းဆောင် ခိုင်းသည့်အတိုင်း ရက်ရက်စက်စက် လုပ်လေ့ရှိသည့် ဗိုလ်မှူးချုပ် ကြည်သိုက် အား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ် ပြောင်းလဲခန့်အပ်ခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များ ပဲခူး တိုင်းအတွင်း အခြေချလှုပ်ရှားလာခြင်းကို နှိမ်နင်းရန် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
You may also like these stories:
ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရုပ်အလောင်း ၃၀ နီးပါထိ တွေ့လာ
၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း














