ပဲခူးရိုးမသည် မြန်မာပြည်တောင်ပိုင်း၏ အထင်ကရတောင်တန်း ဖြစ်၏။ ပဲခူးရိုးမမြောက်ဖျားသည် နေပြည်တော်၊ တပ်ကုန်း၊ တောင်တွင်းကြီး၊ နတ်မောက်ဒေသသို့ ရောက်သကဲ့သို့ တောင်ဖက်အစွန်ကမူ ရွှေတိဂုံစေတီတော် တည်ထားရာ ကုန်းတော်အဖြစ် မှတ်ယူထားကြသည်။ ပဲခူးရိုးမသည် ယခင်ခေတ်အခါက တောထူထပ်ခဲ့သော်လည်း ယခုအခါ ယခင်ထက်စာလျှင် တောပါးသွားပြီဟု ဆိုနိုင်သော်လည်း တောတောင် အသင့်အတင့်ရှိနေဆဲ ဖြစ်သကဲ့သို့ တောဆင်ရိုင်းအုပ်များလည်း ရှိနေဆဲဖြစ်၏။
ရိုးမ၏အရှေ့ဘက် ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ကြား၊ ရိုးမ၏အနောက်ဘက် ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ကြား မြို့ပြများ၊ ကျေးရွာများ၊ လယ်ယာစိုက်ခင်းများဖြင့် အောက်မြန်မာပြည် လူ့အဖွဲ့အစည်းတရပ် တည်ရှိ၏။ ပဲခူးတိုင်းသည် အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ မြောက်ဘက်တွင် နေပြည်တော်နှင့် မန္တလေးတိုင်း၊ အနောက်ဘက်တွင် ရခိုင်နှင့် ဧရာဝတီတိုင်း၊ တောင်ဘက်တွင် ရန်ကုန်တိုင်းတို့နှင့် ဆက်စပ်နေသည်။
ထို့ပြင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ကို ဆက်သွယ်သည့် ရန်ကုန်-မန္တလေး ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းများမှာလည်း ပဲခူးရိုးမ အရှေ့နှင့်အနောက် ပဲခူးတိုင်းအတွင်း ဖြတ်သန်းဖောက်လုပ်ထား၏။ ထို့ပြင် ပဲခူးတိုင်းသည် ဆန်ရေစပါး၊ သားငါးရိက္ခာ ပေါများဖူလုံသည့် တိုင်းတခုဖြစ်ရာ အောက်မြန်မာပြည်အတွက် အရေးပါသည့် ဒေသတခုဖြစ်သည်။
ယခင် ပဲခူးရိုးမ
သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးကတည်းက တောကြီးတောင်ကြီးရှိသည့်အပြင် ရိက္ခာပေါများပြီး ပတ်ဝန်းကျင်ဒေသများနှင့်ပါ အဆက်အစပ်ကောင်းသည့် ပဲခူးရိုးမသည် အစိုးရအား ပုန်ကန်တော်လှန်ကြသည့် ပြောက်ကျားတပ်ဖွဲ့များ နှစ်ပေါင်းများစွာ အခြေစိုက်ရာဒေသ ဖြစ်ခဲ့၏။ ပဲခူးရိုးမတွင် အခြေစိုက်ခဲ့ကြသည့် အဓိက တပ်ဖွဲ့နှစ်ခုမှာ ဗကပဟု လူသိများသည့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဖြစ်သည်။ ဗကပ ဆိုလျှင် ပဲခူးရိုးမ၌ ဗဟိုဌာနချုပ်ပါ အခြေစိုက်ခဲ့သည်ကို တွေ့ရ၏။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မကြာခင် ပြည်တွင်းစစ် စကတည်းက ဗကပနှင့် KNU သည် ပဲခူးရိုးမ၌ အခြေပြု၍ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အစိုးရအား တော်လှန်ခဲ့ကြ၏။ ထိုကာလက ပဲခူးရိုးမသည် တောထူထပ်၏။ သစ်ကြီးဝါးကြီးပေါ၏။ သစ်ဝါးအတွက် ပဲခူးရိုးမ ဝဲယာမှ လယ်သမားများ အားထားရာဖြစ်၏။ ယခင်အခါက ကျွန်းသစ်လုံးများကို ထွင်းထားသည့် ကျွဲနွားစားခွက်များကို ပဲခူးရိုးမ ဝန်းကျင်ရှိ ကျေးရွာများ၌ တွေ့ရနိုင်သည်။
တောတောင်ထူထပ်မှုသာမက ထိုဒေသရှိ လူထု၏ ထောက်ခံမှု ရရှိခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ် ၂၀ ကျော် ရပ်တည်နိုင်ခဲ့သည်။
တောတောင်ထူထပ်မှုသာမက ထိုဒေသရှိ လူထု၏ ထောက်ခံမှု ရရှိခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ် ၂၀ ကျော် ရပ်တည်နိုင်ခဲ့သည်။
သို့သော်လည်း တဖြည်းဖြည်း အားနည်းလာခဲ့ပြီး ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ဗကပ ဗဟိုခေါင်းဆောင်များ ကျဆုံးမှုနှင့်အတူ ပဲခူးရိုးမတွင် ပြောက်ကျားလှုပ်ရှားမှုများ ရပ်တန့်ပျောက်ကွယ်သွား၏။

KNU အဖွဲ့လည်း ပဲခူးရိုးမမှ ကရင်ပြည်နယ်သို့ ထွက်ခွာခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ်တွင် KNU မှ တပ်ဖွဲ့ငယ်တခု ပဲခူးရိုးမအား ပြန်လည်ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။ ပဲခူးရိုးမမှ ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့များ ကျဆုံးရသည်မှာ အဓိက အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။
ပထမ အချက်မှာ လူထုထောက်ခံမှု ကျဆင်းခြင်းကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ စစ်တပ်က သာလွန်အင်အားဖြင့် ပဲခူးရိုးမအား ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကို မှန်ကန်စွာ တုံ့ပြန်နိုင်ခြင်း မရှိ၍ဖြစ်၏။
သို့ဖြစ်ရာ ၁၉၇၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၄၆ နှစ်တာ အေးချမ်းသည့်ကာလ ဖြစ်ခဲ့သည်။ ငြိမ်းချမ်းနေသည့် ၄၆ နှစ်အတွင်း ပဲခူးရိုးမကြီး တောင်ကတုံးနီးပါးဖြစ်ပြီး အတော်ပင် တောပြုန်းတီးသွားသည်ဆိုသော်လည်း ပဲခူးရိုးမတောင်တန်းများကား ကျန်နေဆဲ ဖြစ်၏။ ချောင်းများ၊ ဆည်များနှင့်အတူ သစ်တော အသင့်အတင့် ကျန်ရှိနေသေးသဖြင့် တောဆင်အုပ်များ ကျက်စားနေနိုင်ဆဲဖြစ်၏။
ယခု ပဲခူးရိုးမ
သို့သော် ၂၀၂၁ နွေဦးတော်လှန်ရေး ဖြစ်ပွားသည့်အခါ ပဲခူးရိုးမသည် ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့များအတွက် ဘူမိနက်သန်အဖြစ် ပြန်လည် ထွက်ပေါ်လာသည်ကို တွေ့ရပြန်၏။ ဤအခြေအနေအောက်တွင် ပဲခူးရိုးမ အအနေအထားအား ပြန်လည် သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏။
ပဲခူးရိုးမ၏ အရှေ့နှင့် အနောက်ကို ပဲခူးတိုင်းဒေသကြီးဟူ၍ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းထားပြီး ၃၉,၄၀၂ ဒသမ ၃ စတုရန်းကီလိုမီတာ (၁၅,၂၁၃ ဒသမ ၃ စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၄,၈၆၇,၃၇၃ ရှိပြီး နယ်မြေအကျယ်အဝန်းအရရော လူဦးရေအရပါ တပြည်လုံးတွင် ဆဋ္ဌမအဆင့် ရှိ၏။ လူဦးရေ ၄ ဒသမ ၈ သန်းကျော်ရှိသည့် ပဲခူးရိုးမတွင် ၇၈ ရာခိုင်နှုန်းမှာ လယ်သမားများဖြစ်ပြီး ကျေးလက်၌ နေထိုင်ကြ၏။
လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံအရ ပဲခူးတိုင်းတွင် ခရိုင် ခြောက်ခုရှိပြီး ပဲခူးတိုင်းအရှေ့ခြမ်းတွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးအနောက်ခြမ်းတွင် ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ္တလင်းခရိုင်တို့ ရှိသည်။
လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံအရ ပဲခူးတိုင်းတွင် ခရိုင် ခြောက်ခုရှိပြီး ပဲခူးတိုင်းအရှေ့ခြမ်းတွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးအနောက်ခြမ်းတွင် ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ္တလင်းခရိုင်တို့ ရှိသည်။
မြို့နယ်များအနေဖြင့် ပဲခူးခရိုင်အရှေ့ခြမ်းတွင် ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်၊ ဖြူးမြို့နယ်တို့ရှိပြီး အနောက်ခြမ်းတွင် ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည်မြို့နယ် ဟူ၍ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိ၏။
အထက်တွင် ဖော်ပြထားသကဲ့သို့ စားနပ်ရိက္ခာ ပေါကြွယ်ဝပြီး သားငါးပေါများသည့် ပဲခူးတိုင်းသည် တော်လှန်ရေး အစဉ်အလာကြီးသည့်အပြင် ယခင် ရွေးကောက်ပွဲမှတ်တမ်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများသည့် တိုင်းဖြစ်၏။ သာယာဝတီနယ်ဆိုသည်မှာ အင်္ဂလိပ်ခေတ်ကတည်းက လယ်သမား သူပုန်ထခဲ့သည့်ဒေသ၊ လက်စလက်နရှိသည့်ဒေသ၊ အစဉ်အလာရှိသည့်ဒေသ ဖြစ်သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)
စစ်တပ်၏ ဖွဲ့စည်းပုံအရ ပဲခူးတိုင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နယ်မြေအတွင်း ရှိသည်။ တပခ ဌာနချုပ်ကို တောင်ငူတွင် အခြေပြုသည်။ တပခ အောက်တွင် ပဲခူးရိုးမ အနောက်ခြမ်းအား ကွပ်ကဲရန် ပြည်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- ပြည်) ကို ဖွဲ့စည်းထား၏။ တပခ လက်အောက်တွင် အခြေစိုက် တပ်ရင်း၂၄ ရင်းရှိ၏။
ပဲခူးရိုးမအရှေ့ခြမ်းတွင် ပျဉ်ပုံကြီးအခြေစိုက် ခလရ ၃၀၊ တောင်ငူ အခြေစိုက် ခလရ ၃၉၊ သံတောင်ကြီး အခြေစိုက် ခလရ ၁၂၄၊ လိပ်သို အခြေစိုက် ခမရ ၆၀၃၊ ရွှေကျင် အခြေစိုက် ခလရ ၅၇၊ ခမရ ၃၄၉၊ ခမရ ၃၅၀၊ ကျောက်ကြီး အခြေစိုက် ခလရ ၆၀၊ ခမရ ၃၅၁၊ ဇရပ်ကြီး အခြေစိုက် ခလရ ၇၃၊ ခမရ ၅၉၈၊ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄၊ ညောင်လေးပင် အခြေစိုက် ခလရ ၂၀၊ ကညွတ်ကွင်း အခြေစိုက် ခမရ ၄၃၉၊ ဒိုက်ဦးအခြေစိုက် ခမရ ၄၄၀၊ ဒုံဇရစ် အခြေစိုက် ခမရ ၅၈၉၊ မုန်း အခြေစိုက် ခမရ ၅၉၀၊ ခမရ ၅၉၉၊ အုတ်တွင်း- ပန်းတင်တောင် အခြေစိုက် ခလရ ၄၈၊ ပဲခူးရိုးမအနောက်တွင် ပေါက်ခေါင်း အခြေစိုက် ခလရ ၅၃၊ ပြည် အခြေစိုက် ခလရ ၇၅၊ ပန်းတောင်း အခြေစိုက် ခလရ ၉၂ တို့ ဖြစ်သည်။ တပခ တပ် ဖွဲ့စည်းပုံအရ ပဲခူးရိုးမအရှေ့ခြမ်းတွင် တပ်ရင်း ၁၉ ရင်း အခြေစိုက်ပြီး အနောက်ခြမ်းတွင် တပ်ရင်း သုံးရင်းသာ အခြေစိုက်ထား၏။ စစ်ရေးအရ ကရင်လက်နက်ကိုင်များကို အဓိက ဦးတည် နေရာချထားပုံရ၏။

ပဲခူးတိုင်းတွင် ပြည်အနီး အင်းမ၌ တပ်မ ၆၆၊ ပဲခူးတွင် တပ်မ ၇၇ အခြေပြုသည်။ တပ်မ ၆၆ တပ်များအနက် တပ်ရင်း ရှစ်ရင်းမှာ ပဲခူးရိုးမအနောက်ခြမ်း ခမရ ၁၄- ပြည်၊ ခမရ ၄၊ ခမရ ၅၊ ခမရ ၈၀- အင်းမ၊ ခမရ ၃၅- သာယာဝတီ၊ ခလရ ၁- မင်းလှ၊ စိန်ကန့်လန့်၊ ခမရ ၆- အုတ်ဖို၊ ခမရ ၁၀- မှတ်တိုင်တို့တွင် အခြေပြုပြီး ကျန်နှစ်ရင်းမှာ ဧရာဝတီတိုင်း ဓနုဖြူနှင့် ဝါးယားချောင်းတို့တွင် အခြေပြု၏။
တပ်မ ၆၆ မှာ နွေဦးတော်လှန်ရေး စကတည်းက ကရင်နီတွင် စစ်ဆင်ရေး ဝင်လျက်ရှိပြီး တပ်မ ၇၇ မှာ ယခုအခါ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသနှင့် ချင်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးဝင်လျက်ရှိကာ နောက်တန်းအခြေစိုက် ဌာနချုပ်များတွင် အိမ်ထောင်သည်များနှင့် နောက်ချန်အင်အား အနည်းငယ်သာ ကျန်၏။
တပ်မ ၇၇ တပ်များအနက် ပဲခူးအရှေ့ အင်းတကော်၌ ခမရ ၁၀၁၊ ခမရ ၁၀၂၊ ခမရ ၁၀၆၊ ဘောနက်ကြီး၌ ခမရ ၅၉၊ ဝမ်းဘဲအင်းတွင် ခမရ ၇၊ ခမရ ၈ စုစုပေါင်း ခြောက်ရင်း၊ ရန်ကုန်တိုင်း ထောက်ကြံ့၊ မှော်ဘီ၊ လှော်ကားတို့တွင် လေးရင်း ဖြန့်ခွဲအခြေပြု၏။ တပ်မ ၆၆ မှာ နွေဦးတော်လှန်ရေး စကတည်းက ကရင်နီတွင် စစ်ဆင်ရေး ဝင်လျက်ရှိပြီး တပ်မ ၇၇ မှာ ယခုအခါ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသနှင့် ချင်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးဝင်လျက်ရှိကာ နောက်တန်းအခြေစိုက် ဌာနချုပ်များတွင် အိမ်ထောင်သည်များနှင့် နောက်ချန်အင်အား အနည်းငယ်သာ ကျန်၏။
တပခ စစ်ဌာနချုပ်အောက်တွင် သံတောင်ကြီး၌ တပ်မတော် (ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်း၊ တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းတို့ ဖွင့်လှစ်ထားပြီး ဘုရင့်နောင်တပ်မြို့ တည်ထားသည်။ အုတ်တွင်း- ပန်းတင်တောင်တွင် အမှတ် (၆) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက- ၆)၊ ရေနီတွင် စစ်အခြေခံသင်တန်းကျောင်း (စခတ- ၅) ရှိသည်။
တပခ နယ်မြေအတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များအနေဖြင့် ကပစ ၃- ဆင်တဲ၊ ကပစ ၅- ထုံးဖို၊ ကပစ ၆- ညောင်ခြေထောက်၊ ကပစ ၉- ထုံးဘို (ကျောက်ဖူး)၊ ကပစ ၁၆- ထုံးဘို၊ ကပစ ၁၉- ပေါက်ခေါင်းနှင့် ကပစ သင်တန်းကျောင်း-ထုံးဘို တို့ရှိ၏။
တပခ နယ်မြေအတွင်း အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) နှစ်ခုဖြစ်သော တောင်ငူအခြေစိုက် မစခ ၈၀၈ နှင့် ဘောနက်ကြီးအခြေစိုက် မစခ ၉၀၁ ရှိသည်။ လက်အောက်ခံ အမြောက်တပ်ရင်း (အမတ) များအနေဖြင့် တောင်ငူတွင် အမတ ၂၀၄၊ အမတ ၃၃၀၊ ဘောနက်ကြီးတွင် အမတ ၂၀၅၊ အမတ ၃၄၀၊ အမတ ၄၀၅၊ အုတ်တွင်းတွင် အမတ ၄၀၄၊ ဥသျှစ်ပင်တွင် အမတ ၆၀၁၊ အင်းမတွင် အမတ ၅၀၉၊ သာယာဝတီတွင် အမတ ၆၀၈ တို့ အခြေပြုပြီး အသစ်ဖွင့်လှစ်သည့် အမြောက်တပ်အချို့ ရှိနိုင်သေးသည်။
တပခ နယ်မြေအတွင်း အမှတ် (၇၅) သံချပ်ကာ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (သစခ- ၇၅) သည် သာဂရ၌ အခြေပြု၏။ တီတွတ်၌ သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း (သတရ- ၇၀၁၂)၊ တောင်ငူ၌ သတရ ၇၀၁၃ တို့ အခြေစိုက်သည်။ ထို့ပြင် တပခ၌ အခြား စစ်တိုင်းဌာနချုပ်များကဲ့သို့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ ထောက်ပံ့ရေး၊ ဆက်သွယ်ရေး၊ စစ်ဆေးရုံ၊ စစ်လက်နက်ပစ္စည်းတပ်၊ တပ်ထိန်း၊ လျှပ်စစ်၊ အင်ဂျင်နီယာ စသည့် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များ တွဲဖက်ထား၏။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကပစ စက်ရုံများ၊ သင်တန်းကျောင်းနှင့် တပ်မြို့များ တွေ့ရပြီး ၄၆ နှစ်ကြာ အေးချမ်းသည့်ကာလအား အခြေပြု၍ စစ်တပ်အတွက် ခိုင်မာသည့် နောက်တန်းအဖြစ် တည်ဆောက်ထား၏။
နွေဦးတော်လှန်ရေးနှင့် ပဲခူးရိုးမ အရေးပါမှု
ပဲခူးရိုးမတွင် ယခင်ကလောက် တောမထူထပ်တော့သော်လည်း ပြောက်ကျား စစ်ဆင်နိုင်သည့် အနေအထားတွင် ရှိနေဆဲဖြစ်ပြီး ယခင် ဗကပနှင့် KNU ပြောက်ကျားများ အရေးနိမ့်ခဲ့သည့် အခြေအနေ နှစ်ရပ်မှာလည်း ပြောင်းလဲသွားပြီ ဖြစ်၏။

ပထမအချက်မှာ နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို လူထုထောက်ခံမှု ပြန်လည်ရရှိလာခဲ့၏။ စစ်တပ်၏ လူထုကို စည်းရုံးနိုင်စွမ်းမှာ သိသိသာသာ ဆိုးရွားလာခဲ့ပြီဖြစ်သည်။ ဒုတိယအချက်မှာ ပဲခူးရိုးမအား ဝိုင်းပတ်ပြီး ဖြတ်လေးဖြတ် ပြုလုပ်ရန် စစ်တပ်တွင် တပ်အင်အား မလုံလောက်သည့်အပြင် လူထုကိုလည်း စည်းရုံးသိမ်းသွင်းနိုင်စွမ်း မရှိတော့ပေ။
ထို့ပြင် စစ်တောင်းမြစ်အရှေ့ဘက် KNU ထိန်းချုပ်လှုပ်ရှားရာ ဒေသများတွင် အခြေချသည့် PDF များ လှုပ်ရှားမှု အားကောင်းလာပြီး ပဲခူးရိုးမအနောက်ခြမ်း ပြည်နှင့်သာယာဝတီခရိုင်အတွင်း ပြောက်ကျားလှုပ်ရှားမှုများ အားကောင်းလာ၏။
ထို့ပြင် စစ်တောင်းမြစ်အရှေ့ဘက် KNU ထိန်းချုပ်လှုပ်ရှားရာ ဒေသများတွင် အခြေချသည့် PDF များ လှုပ်ရှားမှု အားကောင်းလာပြီး ပဲခူးရိုးမအနောက်ခြမ်း ပြည်နှင့်သာယာဝတီခရိုင်အတွင်း ပြောက်ကျားလှုပ်ရှားမှုများ အားကောင်းလာ၏။
ဧရာဝတီတိုင်း သာပေါင်း၊ ငါးသိုင်းချောင်းတို့တွင်လည်း အာရက္ခတပ်တော် (AA)၊ PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ ၂၀၂၄ ခုနှစ် နှစ်ကုန်၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ စ၍ ထိုးဖောက် နေရာယူနိုင်ခဲ့ပြီဖြစ်၏။ ထိုဒေသများသည် ဧရာဝတီမြစ် အနောက်ခြမ်းဒေသများဖြစ်ပြီး ဧရာဝတီမြစ် အရှေ့ခြမ်း သာယာဝတီခရိုင်ရှိ နယ်မြေများနှင့် ဆက်စပ်လှုပ်ရှားနိုင်၏။
ပို၍ထူးခြားသည်မှာ ယခင် ပြည်တွင်းစစ်သမိုင်းတွင် မကြုံဖူးသေးသည့် စစ်မျက်နှာတခုသည် ရခိုင် တောင်ကုတ်တောင်ကြားတွင် ပေါ်လာ၍ ဖြစ်၏။ တောင်ကုတ်မြို့သိမ်းပြီးသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် တောင်ကုတ်တောင်ကြားအတိုင်း ဆက်လက် ချီတက်လာရာ တောင်ပုံကြီး၊ မိုးထိ၊ ပန်းကန်ကွဲစခန်းများအား သိမ်းပိုက်ပြီး ညောင်ကျိုးသို့ ဆက်လက် ဦးတည်လာပြီဟု ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် သိရှိရ၏။
သို့ဖြစ်ရာ ပြည်အနောက်ဘက်ကမ်း ပန်းတောင်းနယ်ရှိ ကပစ စက်ရုံများကို ခြိမ်းခြောက်နေပြီ ဖြစ်၏။
ဤသို့သောအခြေအနေတွင် ပဲခူးရိုးမ၏ စစ်ရေးအရ အရေးပါမှုသည် ပိုမို မြင့်တက်လာ၏။ ပဲခူးရိုးမ စစ်မျက်နှာသည် ကရင်၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ဧရာဝတီ စစ်မျက်နှာတို့နှင့် ကောင်းစွာ ချိတ်ဆက်နိုင်သည်သာမက ရန်ကုန်တိုင်း စစ်မျက်နှာ ဖွင့်လှစ်ရေးအတွက်လည်း အရေးပါသည်။ ရန်ကုန်မြို့ကိုလည်း ကောင်းစွာ ခြိမ်းခြောက်နိုင်သည်။ သို့ဖြစ်ရာ ပဲခူးရိုးမ စစ်မျက်နှာသည် ၂၀၂၅ ခုနှစ်တွင် အရေးပါသည့် စစ်မျက်နှာတရပ်အဖြစ် ပေါ်ထွက်လာသည်ကို တွေ့ရ၏။
(ဆက်လက်ဖော်ပြပါမည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ
စစ်ကောင်စီရဲ့ တပ်တွင်းစည်းရုံးရေး ပြိုကွဲနေ
ကူမင်းဆွေးနွေးပွဲအပြီး တောင်းခမ်းတိုက်ပွဲ ပိုပြင်းထန်လာ
ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို KIA ထိန်းချုပ်
စစ်မှုထမ်း အပတ်စဉ် ၁၀ အထိ လူငယ် ၁ သောင်းကျော် ဖမ်းဆီး
ယာယီ နည်းဗျူဟာမှူး ကျော်ကျော်သက် အဖမ်းခံရခြင်း နောက်ကွယ်














