မအောင်မြင်သည့် ကူမင်းဆွေးနွေးပွဲအပြီး စစ်တပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ကြားဖြစ်နေသည့် နောင်ချို့ဒေသ တောင်ခမ်းတိုက်ပွဲမှာ ပို၍ ပြင်းထန်လာပြီး ဗုံးကြဲမှုများ ဆက်တိုက်ပြု လုပ် နေသည်။
ယခုလ ၁၆ရက်၊ ၁၇ရက်က တရုတ်အစိုးရ ကမကထပြုလုပ်မှုဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်တွင် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ၏ အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထ ၁) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သော ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်ဆွေးနွေးပွဲမတိုင်မီက တိုက်ပွဲငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သော်လည်း ဆွေးနွေးပွဲအပြီး စစ်တပ်ကထိုးစစ်အပြင် တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် မြေပြင်ထိုးစစ်ဆင်လာရာ ယနေ့ တောင်းခမ်းအနီးရှိ ဆယ်တောင်ပြည့်ဘုရားကုန်းနှင့် နားရှိုးရွာသို့ တိုက်လေယာဉ်ဖြင့် သုံးကြိမ်လာရောက် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြော သည်။
၎င်းက “ တိုက်ပွဲက ဒီထက်ပိုပြီး ပြင်းထန်လာဖို့ပဲရှိတယ်။ ဒီနေ့လည်း ဂျက်ဖိုက်တာတွေနဲ့လာပစ်နေတာ သုံးကြိမ်ရှိပြီ၊ နေ့တိုင်းလိုလို တိုက်ပွဲ ပြင်းထန်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ တိုက်ခိုက်မှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများအပါအဝင် စစ်ရေးအခြေအနေများအား TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ထို့ပြင် ယမန်နေ့ညပိုင်းကလည်း နောင်ချိုမြို့၊ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ လေကြောင်းဗုံးကြဲခဲ့သည့်အတွက် ဒေသခံ ၃ ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်သည်။
တောင်းခမ်းဒေသတိုက်ပွဲများတွင် စစ်တပ်က မြေပြင်ထိုးစစ်သာမက ဒရုန်းများ ပိုသုံးလာသဖြင့် TNLA ပူးပေါင်းတပ်များ ခံစစ်စခန်းအချို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အခြေအနေရှိပြီး နားရှိုးရွာတောင်ဘက် ကမ္ဘောဇဘုရားကုန်းအထိ စစ်တပ်မှ ပြန်လည်ခြေကုပ်ယူထားကြောင်းလည်း သိရသည်။
စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း တောင်းခမ်းဒေသတွင် စစ်တပ်ဘက်ကဒရုန်းတိုက်ခိုက်မှုနှင့် နယ်မြေပြန်လည်စိုးမိုးမှုအခြေအနေများအား ဆက်တိုက်ဖော်ပြလျက်ရှိပြီး နောင်ချိုမြို့အား ပြန်လည်ထိုးစစ်ဆင်ရန် ဝါဒဖြန့် ရေးသားနေကြသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး စစ်ရေးလေ့လာသူတဦးက “တကယ်လို့သာ စစ်တပ်က တောင်းခမ်းကို အလွယ်တကူ ရသွားရင်တော့ နောင်ချိုကို ထိုးဖို့ စဉ်းစားလာနိုင်တယ်၊ တောင်းခမ်းကိုမရမချင်း နောင်ချိုကိုထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆွေးနွေးပွဲ မတိုင်ခင်တော့ TNLAကလည်း စစ်ရေးနည်းနည်း လျော့ပေးထားတာပေါ့ ၊ အခုဆွေးနွေးပွဲ အဆင်မပြေတော့ ဘာဖြစ်မလဲ မပြောနိုင်သေးဘူး၊ TNLA ဘာလုပ်မလဲ စောင့်ကြည့်ရမယ်” ဟု ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့ပေါင်း ၁၂ မြို့ သိမ်းပိုက်ထားသည့် TNLA နှင့် စစ်ကောင်စီအကြား တရုတ်၏ ကြားဝင် စေ့စပ်မှုဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အပြန်အလှန်တောင်းဆိုမှုများဖြင့် ဆွေးနွေးညှိနှိုင်းရန် ခက်ခဲခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
ထိုဆွေးနွေးမှုတွင် TNLA ဘက်က နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာ၌ ရပ်တန့်ထားပြီးအပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များ ပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများအတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများသယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်အချက်များ တောင်းဆိုခဲ့ကြောင်း ၎င်းတို့ကပြောထားသည်။
ယခုအကြိမ်ဆွေးနွေးပွဲ မအောင်မြင်မှုကြောင့် နောက်တကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုအဆုံးသတ်ခဲ့ကြောင်းလည်း TNLA က ဆိုထားသည်။
ဆွေးနွေးချက်များ သဘောတူညီမှုမရသည့်အပြင် ဆွေးနွေးနေသည့်ကာလအတွင်းမှာပင် စစ်တပ်ဘက်က TNLA ထိန်းချုပ်ဒေသများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး စစ်ရေးအရ ဖိအားပေးခဲ့ကြောင်း ဒေသခံများက ယူဆထားကြသည်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း တောင်းခမ်းအခြေစိုက် အမြောက်တပ်ရင်း ၄၀၆၊ ၃၅၄ နှင့် ၉၀၂ တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နာဆွေရွာ၊ အုမ္မတီးရွာ၊ ညောင်နီရွာနှင့်တောင်ရွှေရွာတို့အား လက်နက်ကြီးအလုံးရေ ၁၃၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် Y-12 လေယာဉ်ဖြင့်လည်း နာဆွေရွာအား ဗုံး ၃၈ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်တပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် TNLA က သတိပေးထားသည်။
စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၅၀ ခန့်သာကွာဝေးသည့် တောင်းခမ်းဒေသ၌ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ- ၉၀၂ တပ်ရင်းနှင့် အမတ-၂၀၆၊ အမတ-၄၀၆ ၊ အမတ-၃၅၄ တပ်ရင်းတို့အခြေစိုက်ထားပြီး စစ်ရေးအရ အရေးပါသည့်နေရာဖြစ်သည့်အတွက် တောင်းခမ်းဒေသ လက်မလွှတ်ရရေး စစ်ကူအင်အားများပို့ဆောင်ကာ စစ်တပ်ဘက်မှ ခုခံတိုက်ခိုက်လျက်ရှိသလို တော်လှန်ရေးတပ်များဘက်မှလည်း TNLA ဦးဆောင်ကာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA), ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျောက်မဲ ခရိုင်တပ်ရင်း၊ နောင်ချို PDF စသည်အဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။
You may also like these stories:
တောင်ခမ်းတွင် စစ်ကောင်စီနှင့် TNLA စစ်ဆိုင်နေ
TNLA နှင့် စစ်တပ် ဆွေးနွေးမှု သဘောတူညီချက်မရ
ကူမင်း၌ ဆွေးနွေးနေစဉ် တောင်းခမ်းကို ထိန်းချုပ်ရေး စစ်တပ်စစ်ဆင်
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော














