မြန်မာ့စီးပွားရေးမှာ အရေးပါတဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးဟာ ရပ်တန့်နေတာ ၄ လခန့် ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံက ပြန်ဖွင့်ဖို့ လိုလားနေတာကြောင့် စစ်ကောင်စီနဲ့ လားရှိုး- မူဆယ်လမ်းကြောင်းကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြီးခဲ့တဲ့ရက်က ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ လမ်းကြောင်းတလျှောက် လက်နက်ကိုင်အဖွဲ့ တွေ များနေရင် ကုန်သွယ်ရေးလုပ်လို့ မရနိုင်၊ ဒီအတွက် တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးဖို့ ပြောတာ ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဟာ လောလောဆယ်တော့ ပြန်ဖွင့်ဖို့ မလွယ်ကူသေးတာကို တွေ့နေရပါတယ်။
နယ်စပ် ကုန်သွယ်ရေးကဏ္ဍဟာ မြန်မာ့စီးပွားရေးမှာ အရေးပါပြီး လယ်ယာနဲ့ ရေထွက်ကုန်က အဓိကပို့ကုန် ဖြစ်သလို သွင်းကုန်ကတော့ လူသုံးကုန်နဲ့ စားသောက်ကုန် အဓိက ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီက နေ မတ် ၃၁ ရက်အထိ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၉၂၄ ဘီလီယံရှိပြီး ပို့ကုန်တင်ပို့မှုကတော့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလီယံ၊ သွင်းကုန် ပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။
နယ်စပ် ကုန်သွယ်ရေးဂိတ်တွေက တရုတ်နယ်စပ်မှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မိုင်းလား၊ ထိုင်း နယ်စပ်မှာ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ ထီးခီး မောတောင်၊ လာအိုနယ်စပ်မှာ မိုင်းလား (ကျိုင်းလပ်)၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ စစ်တွေ၊ မောင်တောနဲ့ အိန္ဒိယနယ်စပ်က တမူး၊ ရိဒ်၊ ထန်တလန် စတာတွေ ဖြစ်ပြီး လက်ရှိတော့ တိုက်ပွဲတွေကြောင့် အများစု ရပ်ဆိုင်းနေပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းက စခဲ့တဲ့ ရှမ်းမြောက်စစ်ပွဲတွေကြောင့် အဓိက မန္တလေး- လားရှိုး- မူဆယ် ကုန် သွယ်ရေးလမ်းကြောင်း ရပ်နေတာ ၄ လနီးပါး ရှိပြီ ဖြစ်သလို ကရင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထိုင်းနယ်စပ် ကုန် သွယ်ရေးဟာလည်း မြဝတီလမ်းကြောင်းကနေ အရင်လို အလုံးအရင်းနဲ့ သွားလာနိုင်တဲ့ အခြေအနေမျိုး မရှိပါဘူး။ ဒါကြောင့်လည်း ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၂၃- ၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် လျော့ကျလာတာကို တွေ့ရပါတယ်။
မူဆယ် နယ်စပ်ကုန်သွယ်ရေးကတော့ လက်ရှိမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ် ၃ ဖွဲ့ သိမ်းထားတဲ့ မြို့တွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာ ဒေသတွေကြား ကူးလူးဆက်ဆံမှု ပုံမှန် ပြန်ဖြစ်ဖို့ မလွယ်တာကြောင့် ဆက်လက် ရပ်နေဦးမယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းကြသလို အလားအလာကောင်း မမြင်ရ သေးဘူးလို့ ဆိုကြပါတယ်။

ဒါကြောင့် အခုနောက်ပိုင်းတော့ စိုက်ပျိုးရေးထွက်ကုန် အများစုကို ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား အထူးဒေသ ၄ က တဆင့် တရုတ်နိုင်ကို တင်ပို့နေသလို ထိုင်းကုန်ပစ္စည်းတွေကိုလည်း ကျိုင်းတုံ တာချီလိတ်မြို့ကြီးတွေကတဆင့် တင်သွင်းနေတာကြောင့် ကျိုင်းတုံကို ဗဟိုပြုတဲ့ ရှမ်းအရှေ့ ပိုင်းဒေသ ကုန်သွယ်ရေးလမ်းကြောင်းဟာ အခုအခါမှာ ပိုမို အချက်အခြာကျ အရေးပါလာတာကို တွေ့ရပါတယ်။
ကျိုင်းတုံဒေသဟာ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေပြီး ကျိုင်းတုံ- မိုင်းလားကနေ တရုတ်နယ်စပ်သို့ သွားလာ နိုင်သလို ဇန်နဝါရီလက ဖွင့်လှစ်ခဲ့တဲ့ ကျိုင်းလပ်မြို့နဲ့ လာအိုကို ဆက်ထားတဲ့ ချစ်ကြည်ရေး တံတား ကြောင့်လည်း ကျိုင်းတုံ – ကျိုင်းလပ်ကနေ လာအိုနယ်စပ်အထိ သွားလာနိုင်ပါတယ်။
အလားအတူ မြဝတီကုန်သွယ်ရေးလမ်းကြောင်းအစား တာချီလိတ်- မယ်ဆိုင် လမ်းကြောင်းကိုသုံးပြီး ထိုင်းကုန်ပစ္စည်း တွေ ဝင်နေသလို ထိုင်းနိုင်ငံကို တင်ပို့မယ့် ပြောင်းကုန်သည်တွေဟာလည်း တာချီလိတ်တဝိုက်မှာ မြေနေရာတွေ ဝယ်ခြမ်းငှားရမ်းပြီး ပြောင်းရာသီအမှီ ဂိုဒေါင်တွေဆောက်ပြီး တင်ပို့ဖို့ လုပ်နေတာကို တွေ့ရပါတယ်။
ကျိုင်းတုံ- မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။
လက်ရှိမှာတော့ မိုင်းလားနယ်စပ်ကုန်သွယ်ရေးကနေ ပို့ကုန်အနေနဲ့ ဖရဲ၊ သခွား၊ ပဲ၊ ပြောင်း စတဲ့ကုန်စည်တွေ တင်ပို့ နေ သလို သွင်းကုန်ကတော့ ဆေးဝါး၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ သွင်းအားစု (ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ် ဆေး)၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်လမ်းကြောင်းနဲ့ နှိုင်းယှဉ်ရင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မှာတော့ ၁ ဆခန့် ပိုများတယ်လို့ ဆိုရမှာပါ။
မိုင်းလားလမ်းကြောင်းကို သုံးပြီး ရန်ကုန်ကနေ တရုတ်ပြည်ကို ကုန်ပို့မယ်ဆိုရင် ဖရဲသီးတင် ၁၂ ဘီးကား တစီးကို ကားခက ကျပ် သိန်း ၁၃၀ခန့် ပေးရပြီး၊ လမ်းကြေး၊ တံတားကြေးကတော့ ကျပ်သိန်း ၆၀ လောက်အထိရှိတာကြောင့် စုစုပေါင်း သိန်း ၂၀၀ ကျော်လောက် ကုန်ကျပါတယ်။

ရှမ်းမြောက်လမ်းကြောင်းကတော့ ဖရဲသီးကားတစီးကို ကားခနဲ့ ဂိတ်ကြေးတံတားကြေး အားလုံးပေါင်းရင် စုစုပေါင်း သိန်း ၇၀ ဝန်းကျင်သာ ကျတဲ့အတွက် ရှမ်းအရှေ့လမ်းကြောင်းထက် ပိုသက်သာပါတယ်။
ဒါပေမယ့် မိုင်းလားလက်နက်ကိုင်အဖွဲ့ လို့ခေါ်တဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်တဲ့ မိုင်း လား- တာလော့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တင်ပို့တာဖြစ်တာကြောင့် တဖက်က ဝင်ခွင့်ပြုမှ သွားရတာဖြစ်တဲ့ အတွက် ကြန့်ကြာမှု အခက်အခဲတွေရှိလို့ စွန့်ပစ်လိုက်ရတဲ့ ဖရဲတန်ချိန်ပေါင်း မနည်းလှဘူးလို့ သိရပါတယ်။
မိုင်းလားနယ်စပ်ကနေ သစ်သီးတင်ပို့နေသည့် ကုန်သည်တဦးက “တရုတ်နှစ်သစ်ကူးကာလတုန်းက ဖရဲကားတွေ ဆိုရင် ကျပ်နေတာပဲလေ။ လမ်းသစ်ကို ဖောက်နေပေမယ့် သိပ်တော့မအေးချမ်းဘူး ဖြစ်နေတယ်။ မအေးချမ်းတာရယ်၊ အခွန် အခ ပေးရတာရယ်ကြောင့် မှန်းလို့ မရဘူး။ ကျိုင်းတုံ- မိုင်းလား ဖရဲကားတစီး အကြမ်းဖျင်း ကုန်ကျစရိတ်က ကျပ်သိန်း ၁၅၀နဲ့ ၂၀၀ လောက်ရှိတယ်။ နေ့တိုင်း ဈေးအပြောင်းအလဲက ရှိနေတယ်။ အဲဒီထက်လည်း ပိုနိုင်တယ်” လို့ ပြောပါ တယ်။
သွင်းကုန်ပိုင်းမှာ အရင်မူဆယ်လမ်းကြောင်းကဝင်တဲ့ ကုန်စည်မှန်သမျှဟာ မိုင်းလားလမ်းကြောင်းကနေဝင်နေပြီး ဖရဲ၊ သခွား၊ ငရုတ်၊ ပြောင်း စတဲ့ သီးနှံတွေလည်း တင်ပို့နိုင်ပေမယ့် ဆန်ကတော့ နယ်စပ်ကုန်သွယ်ရေးကနေ မသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိမှာ ရှမ်းတပြည်နယ်လုံးက ထွက်တဲ့ ပြောင်းတွေကို တရုတ်ပြည်ကို တင်ပို့ရာမှာ မိုင်းလားလမ်းကြောင်းကိုပဲ သုံး ကာ အများဆုံး တင်ပို့နေရတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။
ဒါ့ပြင် လမ်းပန်းဆက်သွယ်ရေးပိုင်းမှာတော့ လမ်းကျဉ်းတာ၊ တံတားတွေ ခံနိုင်ရည်နည်းပါးတာတွေ ရှိနေပါတယ်။ လက်ရှိ ပျော်ဘွယ်- တောင်ကြီး၊ နမ့်ဆန်- ခိုလမ်အထိ ဆယ့်နှစ်ဘီးကားတွေ သွားလို့ရပြီး ခိုလမ်- ကျိုင်းတုံ လမ်းက အကွေ့အကောက်များတာကြောင့် ခြောက်ဘီးကားတွေပဲ သွားလို့ရတဲ့ အခြေအနေလို့ သိရပါတယ်။
မကြာခင်က တာချီလိတ် – ကျိုင်းတုံလမ်းပေါ်က တာလေတံတားဟာလည်း ကားဖြတ်သန်းမှုများတာကြောင့် ကွဲအက် လာတဲ့အတွက် ယာယီပြုပြင်မှု လုပ်ထားရပါတယ်။
နယ်စပ်ကုန်သွယ်ရေး လုပ်နေသူတွေကတော့ ဒီအခြေအနေတွေကြောင့် ခိုလမ်-ကျိုင်းတုံ တကြော စီးပွားရေးဇုန် အဖြစ် တိုးတက်လာနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ ခန့်မှန်းကြပေမယ့် တဖက်မှာလည်း ကြန့်ကြာမှုတွေ၊ ကုန်ကျ စရိတ်တွေနဲ့ အခွန်အခကြီးမြင့်တာ၊ လမ်းပန်းအခက်အခဲ စတဲ့ စိန်ခေါ်မှုတွေအပြင် နယ်မြေ တည်ငြိမ်ရေးကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုကြပါတယ်။
မကြာသေးခင်က ဖြစ်ပွားလာတာတဲ့ ပအို့ဝ်ဒေသတိုက်ပွဲတွေ အထူးသဖြင့် ဟိုပုံးနဲ့ မိုင်းပွန်ကြားတိုက်ပွဲတွေကြောင့် ကားလမ်းပိတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ကုန်သည်တွေ အနေနဲ့တော့ မဖြစ်မနေ အခြေအနေကြောင့်သာ လတ်တလောမှာ ရှမ်းပြည် မြောက်ပိုင်းကနေ အရှေ့ ပိုင်းကို ပြောင်းကာ ကုန်သွယ်ရေး လုပ်ကိုင်နေရပေမယ့် မန္တလေးကနေ မိုင်းလားကို သွားမယ်ဆိုရင်တောင် ပုံမှန်အား ဖြင့် ၃ ရက်မှ ၄ ရက်ထိ ကြာမြင့်သလို ကုန်ကျစရိတ်များပြားမှုတွေကြောင့် အခက်အခဲများစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ မိုင်းလားမြို့ကိုဝင်မယ့် ဖရဲ၊ သခွား၊ ငရုတ် အစရှိတဲ့ ကုန်ကားတွေအနေနဲ့ သတ်မှတ်ထားတဲ့ မိုင်းလား ငြိမ်းချမ်းရေးလမ်းမကြီးကသာ ဝင်ဖို့နဲ့ စည်းကမ်းမလိုက်နာရင် ဒဏ်ရိုက်တာ၊ ကားသိမ်းတာ၊ လူကို အချုပ်ထဲ ထည့်တာတွေ လုပ်မယ်လို့ မိုင်းလားဘက်က ထုတ်ပြန်ထားပါတယ်။
ဖရဲ၊ သခွား၊ ငရုတ်ကုန်သည်တဦးက “ဒီနှစ်ကတော့ တနှစ်လုံး မကောင်းတာပေါ့။ ဒါပေမယ့် အခုရက်ပိုင်း မိုင်းလား လမ်းက နည်းနည်းကောင်းတယ်။ ကျနော့်ကားတွေလည်း ဒီရက်ထဲဝင်တာ ရှိတယ်။ ငြိမ်းချမ်းရေးလမ်း ဆိုတာတော့ မြို့ပတ်လမ်းပေါ့။ သတ်မှတ်ထားတဲ့ လမ်းတခုပေးလိုက်တာ။ ဘာလို့ဆို ကားတွေက မြို့ထဲလမ်းတွေမှာ ရောင်းကွင်း ရောက်ဖို့ တန်းစီရတာက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်တော့ လမ်းကြောင်းတခု ပေးလိုက်တာပေါ့။ လမ်းနာမည်က ငြိမ်းချမ်းရေးလမ်း” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိ အခြေအနေကြောင့် လာမယ့်နှစ်တော့ ဖရဲ၊ သခွား စိုက်ဧကလျော့ကျလာနိုင်ပြီး ဧက ၁၀၀ လောက် စိုက်တဲ့ သူက ဧက ၅၀ လောက်ပဲ စိုက်မယ့် အခြေအနေဖြစ်လာလိမ့်မယ်လို့ အဆိုပါ ကုန်သည်က ပြောပါတယ်။
အခုလို နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းတာ လမ်းကြောင်းပြောင်းတင်ပို့ရတာ၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိ တာ၊ သယ်ယူပို့ဆောင်စရိတ်တွေ တိုးလာတာက သွင်းကုန်ကို အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုက ပိုမြင့်မားလာစေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးထွန်းအုံဟာ ကျိုင်းတုံနဲ့ တာချီ လိတ်မြို့တို့ကို သွားရောက်ပြီး ကုန်စည်စီးဆင်းမှု ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေကို စစ်ဆေးခဲ့သလို ပို့ကုန်တိုးမြှင့်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် ကုန်သည်အသင်းများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်သွယ်ရေး ဝန်ထမ်းတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးရဲ့ စာရင်းတွေအရ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ ကျိုင်း တုံနယ်စပ်ကုန်သွယ်ရေးကနေ အခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄) ဧပြီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်ထိ ကုန်သွယ်မှုစုစု ပေါင်း အမေရိကန်ဒေါ်လာ ၆၄ ဒသ ၄၃၅ သန်း ကုန်သွယ်မှုပြုလုပ်ထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ် (၂၀၂၂-၂၀၂၃) ကာလတူ မှာတော့ ဒေါ်လာ ၁၀ ဒသမ ၀၂၈ သန်းသာ ပြုလုပ်ထားတာကြောင့် ဒေါ်လာ ၅၄ ဒသမ ၄၀၇ သန်း တိုးလာတယ်လို့ ဆိုထားပါတယ်။
လတ်တလောမှာတော့ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းဟာ မရေရာမှုတွေ ပိုများလာတဲ့အတွက် ကျိုင်းတုံကို ဗဟိုပြုပြီး တရုတ်- လာအို- ထိုင်း တို့နဲ့ ချိတ်ဆက်နိုင်တဲ့ ရှမ်းပြည်အရှေ့ပိုင်း ကုန်သွယ်ရေးလမ်းကြောင်း ကို အစားထိုး သုံးစွဲဖို့ ပိုများတာကြောင့် ရှမ်းမြောက်ပိုင်းက စီးပွားရေးဟာ ရှမ်းအရှေ့ကို ရောက်သွားပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။
ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေးက ရှမ်းအရှေ့ကိုသာ ပြောင်းလဲသွားမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်သွယ် ရေး ဆိုင်ရာ အခြေခံအဆောက်အအုံတွေ လိုအပ်မှာ ဖြစ်သလို နယ်မြေလုံခြုံရေးနဲ့ လမ်းကြေး တံတားကြေး၊ နယ်မြေဖြတ်ကျော်ခွင့်စတဲ့ ငွေကြေး သတ်မှတ်ချက်တွေကလည်း စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကုန်သည်လုပ်ငန်းရှင် တွေကတော့ သုံးသပ်ပြောဆိုပါတယ်။