ဆင်ဖြူရှင် မင်းသည် မြန်မာတို့ အစားရိက္ခာ အတွက် အားကိုးရသော ကျောက်ဆည်နယ် နှင့် လည်းကောင်း၊ ရှမ်းပြည် တောင်တန်း ဒေသများနှင့် လည်းကောင်း အသွားအလာ လွယ်ကူမည့် နေရာကို အလို ရှိလေသည်။
ထို့ကြောင့် ဧရာဝတီ မြစ်နှင့် ဒုဌာဝတီ မြစ်တို့ ဆုံရာ အင်းဝ မြို့ဟောင်းကိုပင် ပြန်လည် ပြုပြင် ထီးနန်း စိုက်ရန် ဆုံးဖြတ် လိုက်သည်။
ရွှေဘိုမြို့ကို မင်းနေပြည်တော် အဖြစ်မှ စွန့်လိုက်သည်။ သို့သော် ထိုအောင်မြေမှ ဝေးလွန်းသော ပဲခူး၊ ဒဂုံ စသည့် အောက်ပြည်များကိုကား စိတ်ကူး မထည့်ပါချေ။
ထိုအချိန်က သူ့ မိန့်ဆိုချက်မှာ မြန်မာ ပီသပေသည်။
“အင်းဝ မြို့တော်သည် သတိုး မင်းဖျား တည်ထောင်စဉ် ကာလက အင်းကိုးအင်း နှင့် ချိုင့်ဝှမ်း ပေါသော အရပ်ဖြစ်၍ တကြောင်း ပြည်သူအပေါင်းတို့ မမှီမခိုလောက် ရှိရလေသည်။
ရာဇဌာနီ မင်းနေပြည် ဆိုသည့် အရာသည် ရဟန်း ရှင်လူ ပြည်သူ သတ္တဝါ အပေါင်းတို့ မှီခိုရအောင် အပြီးအပိုင် တည်ထောင်ရသည် ဖြစ်မှ သံဃာတော်တို့ စိတ်နှလုံး နှောင့်နှေးခြင်း ကင်း၍ ပရိယတ္တိ၊ ပရိပတ္တိ ကျင့်ဆောင် ပွားများ နိုင်သည်။ ပြည်သူတို့လည်း စိတ်ကျ နှလုံးကျ လုပ်စား ဆောင်စား စီးပွား တိုးတက်၍ ဒါနသီလ ပွားများရာသည်။
ယင်းတို့မှလည်း ပြည်ထဲရေး လေးမျက်နှာ ပွင့်လန်း သာယာ၍ ဘုရား သာသနာတော် ထွန်းတောက်ရာသည်။ ယင်းသို့မှလည်း သာသနာ ဒါယကာ ငါအရှင် ဧကရာဇ် မင်းမြတ် ပြည်ကြီးဝယ် ရှင်လူ အပေါင်းတို့ အမှီအခိုရအောင် မင်းနေပြည်ကို ဖွင့်၍ တည်ပြန်လေသကဲ့သို့ မြို့တော်ကြီး အသစ် ငါဖွင့်၍ တည်တော်မူမည်။”
လှေကြီးကို ဝန်တင်၊ အရင်က နေရာဟောင်းကို
ပြောင်းကြစို့လေး။
အိမ်တန်းရှည်၊ မင်းနေပြည် ရွှေဝမို့
သာလှတယ်လေး၊ အိုအေး
လိုက်ပါမယ်လေး၊ အိုအေး
နေရစ်ပါဘူး၊ ရွှေဝမြို့သာခေါင်ကြူး၊
အိုး ဖောင်နှင့်ကူး။
အင်းဝ မြို့တော်ဟောင်း နေရာတွင် ရဟန်း ရှင်လူတို့ မမှီမခိုလောက်၍ အဝန်း ၁၈၂၇၅၀ တိုးချဲ့ တည်ဆောက်ရာ ၁၇၆၇ ခုတွင် အင်းဝမြို့သည် ဝပြော စည်ပင်လှသည် ဖြစ်၍ သဲသဲရုတ်ရုတ် နေ့ည မဆိတ်မညံ ဖြစ်လေသည်။
တရုတ်ကို ငါတိုက်မည်
တရုတ်နှင့် တတိယအကြိမ် တိုက်ပွဲတွင် အင်းဝ နေပြည်တော်သို့ ရောက်ရန် တရုတ် တပ်များ မေမြို့ကို ကျော်လွန် နီးကပ် နေကြောင်းကို ဆင်ဖြူရှင်မင်း ကြားလျှင် မိန့်တော်မူသည်ကား –
“ပြူစောထီးမင်း လက်ထက်တွင် တကြိမ်၊ နရသီဟပတေ့ လက်ထက်တွင် တကြိမ်၊ မင်းခေါင်ကြီး လက်ထက်တွင် တကြိမ်၊ ထူပါရုံ နရပတိ လက်ထက်တွင် တကြိမ်၊ ပင်းတလဲ နှင့် ပြည်မင်း လက်ထက်တွင် တကြိမ်၊ တရုတ်တို့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ကြသော်လည်း ပြန်လည် ဆုတ်ခွာသွားရသည်ချည်း မဟုတ်လော။
ယခင် တရုတ်တို့ ချီလာပြန်သည်မှာလည်း ယင်းတို့ လက်နက် ဗိုလ်ပါ ဆင်မြင်း ၃ စု။ တစုခန့်သာ ကျန်သည် မဟုတ်လော။ ယခုတဖန် ချီလာပြန်သည်မှာ ငါတို့ နိုင်ငံတော်သို့ ပေါက်ရောက်သည် ဆိုသမျှ တရုတ် အလုံးအရင်းသည် ကံကြမ္မာကုန်သည်ချည်း ဖြစ်ခဲ့လေပြီ။
နေပြည်တော် ပတ်လည် အိမ်ရာ ကျောင်းကန်များကို အထိမပါး မပျက်မစီးစေနှင့်။ တိုင်းနေပြည် ထူထောင် စားသောက် နေကြစေ။
တရုတ် တပ်စုကိုလည်း မည်သူ တစုံတယောက်မျှ မဆီးမတားစေနှင့်။ ခြေတော်ရင်းသို့ အရောက်လာကြစေ။
စကျင်ဝ – ရွှေကြက်ယက် လယ်ပြင်သို့ ရောက်သည့် ကာလမှ ဘေးလောင်းတော် ပြူမင်းထီး ကဲ့သို့ ငါ့ညီတော် ၄ ယောက်နှင့် မြစ်ငယ်ကို ဝမ်းဘဲအင်းဘက်မှ ကူးပြီးလျှင် တရုတ်တို့ကို တောမှ မြက်သစ်ရွက်နှင့် အတူ မရေမတွက်နိုင် ချီလာသည် ဆိုသည်ကို ငါကိုယ်တော်တိုင် စစ်ထိုး၍ ရွှေကြက်ယက်ကသည် ရွှေတောင်ဦးသို့ ငါကူးတော်မူမည်”
ဤသို့လျှင် ဆင်ဖြူရှင်သည် အခြေအနေကို အေးငြိမ်း တည်ငြိမ်စွာ သုံးသပ်၍ စစ်သား ရဲမက်တို့၏ ရဲရည်ရဲသွေး ဇာတိမာန်ကို လှုံ့ဆော်ခဲ့ပေသည်။
ပြည်သူအပေါင်းတို့၏ ကျရောက်လာသည့် အန္တရာယ်ကို ဆင်ဖြူရှင်၏ ဦးဆောင်မှု အောက်တွင် မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်ခဲ့ကြသည်။ (အခြေပြ မြန်မာ့ နိုင်ငံရေး သမိုင်း ပ – ဒု)
ဆင်ဖြူရှင်သည် အပြုသဘော၌ လည်းကောင်း၊ တိုက်ဖျက်ရေး၌ လည်းကောင်း၊ လိုအပ်သလို သိက္ခာ အပြည့်အဝနှင့် ဆောင်ရွက်နိုင်ကြောင်း ထင်ရှားပေသည်။
နောင်တော်ကြီး နှင့် ဆင်ဖြူရှင် တို့မှာ ခမည်းတော်နှင့် အတူ စစ်မြေပြင် အရပ်ရပ်သို့ ပါဝင် ထမ်းဆောင်ခဲ့သည် ဖြစ်၍ အစွမ်းထက်သော မင်းသား ဗိုလ်မှူးများ ဖြစ်ခဲ့သည်။ ရှင်ဘုရင်မှ မွေးသောကြောင့် မထိုက်တန်သော ထိပ်တန်း ရာထူး အဆင့်အတန်း ရသူများ မဟုတ်ချေ။
ယိုးဒယား ဗျူဟာသစ်
ယိုးဒယားသို့ ချီတက် တိုက်ခိုက်ရာတွင် ဆင်ဖြူရှင် ခေတ်၌ စစ်ပရိယာယ် ပြောင်းခဲ့သည်။
ဇင်းမယ်ကို စတင် ရရှိရာတွင် ထိုမြို့ကို အခြေပြုကာ အရှေ့ဘက် လောပြည် တလွှားသို့ လည်းကောင်း၊ တောင်ဘက် ဘန်ကောက်မြို့ အထိ လည်းကောင်း၊ လိုအပ်သလို အချိန်ယူကာ စည်းရုံး တိုက်ခိုက်သည်။
ယခင်က ယိုးဒယားသို့ စစ်ချီသွားရာတွင် မြန်မာတို့သည် တပွဲတိုး အနေဖြင့် သင့်တော်သော စစ်လမ်းကြောင်းမှ အယုဒ္ဓယ မြို့တော်သို့ တိုက်ရိုက် ချီတက်လေသည်။
ယခုမူ ဇင်းမယ်ကို ဗဟိုပြုကာ မြန်မာ ဘုရင်ခံ အုပ်စိုးစေလျက် ထိုမြို့မှ စစ်ကြောင်းများ ဖြာထွက်သည်။
ယိုးဒယား တို့ကလည်း ဤဗျူဟာ မှန်ကန်ကြောင်း ရေးသား ဖော်ပြ၏၊ မြောက်ပိုင်း ယိုးဒယားကို ရရှိပြီးမှ တောင်ပိုင်းကို ရနိုင်သည် ဆို၏။
မြန်မာ တပ်တို့က ရောက်ရာ အရပ်တွင် စည်းရုံး အားဖြည့်ကာ လယ်ယာ သီးနှံများပင် စိုက်ပျိုးကြသည်။
ဘန်ကောက်မြို့ကို ဝိုင်းရံစဉ်ကလည်း မြန်မာတို့သည် အခိုင်အမာ ခံတပ်များ တည်ဆောက်ကာ ရေရှည် တိုက်ပွဲဖြင့် အနိုင်ယူခဲ့သည်။
ဆင်ဖြူရှင် ခေတ်၌ ထူးခြားသော မြန်မာ့ စွမ်းရည်ကား ယိုးဒယား နှင့် တရုတ် တို့ကို တချိန်တည်း စစ်ပြု အနိုင်ယူခြင်း ဖြစ်၏။
ဆင်ဖြူရှင် ကိုယ်တော်တိုင်ကား မဏိပူရ စစ်မြေပြင်သို့ တကြိမ် ထွက်ခဲ့သည်။ ကျန်စစ်ပွဲကြီးများကို မဟာနော်ရထာ၊ မဟာသီဟသူရ စသော စစ်ဗိုလ်ကြီးများဖြင့် ပြီးစီးစေခဲ့သည်။
ထိုခေတ် တရုတ် – မြန်မာ စစ်ပွဲမှာ ၄ ကြိမ် ဖြစ်ရာ ၄ နှစ် ကြာခဲ့၏။ ၄ ကြိမ်စလုံး တရုတ်တို့ကို အပြတ်အသတ် နိုင်လိုက်ခြင်းတည်း။
သို့သော် စစ်သူကြီး မဟာသီဟသူရမှာ မျက်နှာကောင်း မရခဲ့ပါ။ ရှင်ဘုရင် အမိန့်ကို မစောင့်ဘဲ စစ်ပြေငြိမ်းသည် ဆိုကာ နေပြည်တော်သို့ ပြန်ရောက်သောအခါ အောင်ပွဲရ စစ်သူကြီးကို တရုတ် လက်ဆောင်များ ခေါင်း၌ ရွက်စေကာ တနေကုန် နေပူ၌ ရပ်စေ၏။
အမှန်အားဖြင့် ထိုသို့ ဒဏ်ခတ်ခြင်းမှာ ဆင်ဖြူရှင်၏ ရာဇ ပရိယာယ် ဖြစ်သည်။ သူက စစ်စာချုပ်ကို သဘောမတူဟု ကြိုတင် ကြေညာရာ ရောက်၏။
သို့မှ ထိုစာချုပ်ကို တရုတ်တို့ ဖောက်ဖျက်လျှင် မြန်မာ ဘုရင်အဖို့ သိက္ခာကျစရာ မရှိဘဲ လိုအပ်သလို အရေးယူနိုင်၏။
အဖေစကား ပယ်စေ
ဆင်ဖြူရှင်သည် အသက် ၃၉ နှစ်၌ နတ်ရွာစံချိန်တွင် မြန်မာ နိုင်ငံတော်ကို ဘုရင့်နောင် လက်ထက်ကဲ့သို့ ကျယ်ပြန့်သော ဧကရာဇ်နိုင်ငံ ဖြစ်စေခဲ့သည်။
သို့သော် ခမည်းတော် အလောင်းမင်းတရား၏ ထီးနန်း ဆက်ခံရေး အစီအစဉ်ကို သူပင် ဦးစွာ ဖောက်ဖျက်ကာ ညီတော် တို့ကို ကြီးစဉ် ငယ်လိုက် ထီးနန်း မလွှဲအပ်ဘဲ သူ၏သားတော် စဉ့်ကူးမင်းကိုသာ နန်းတက်စေခဲ့သည်။
အလောင်းမင်းတရားက ရာဇသံ ရွှေပေနှင့် အတိအလင်း ရေးသား မိန့်တော်မူခဲ့သည်ကား –
“ငါ၏ သားတော်များသည် အစဉ်အလိုက် လက်ညှိုး ရှည်တို ကဲ့သို့ ငါ့ အရိုက်အရာ ရွှေထီး ရွှေနန်းများကို သိမ်းပိုက် စိုးစံ ရစ်ကြရမည်” ဟူ၏။
ပထမ သားတော်ကြီး မောင်လောက်သည် နောင်တော်ကြီး အမည်နှင့် နန်းတက်ခဲ့ပြီးနောက် ခမည်းတော်၏ ရာဇသံကို မြေဝယ်မကျ လိုက်နာခဲ့ပေသည်။
ညီတော် မောင်ရွ ခေါ် ဆင်ဖြူရှင်ကို အိမ်ရှေ့အရာ၌ ထားရှိခဲ့သည်။
ယိုးဒယား၌ ခမည်းတော် နတ်ရွာစံချိန်၌ မောင်ရွသည် ဖောက်ပြန်ကာ နော်တော်ထံမှ ထီးနန်းကို လုယူရန်ပင် ကြံစည်ခဲ့သည်။ တပ်မှူးများ၊ ဗိုလ်မှူးများတို့ကို သူ့ကို လက်မခံ၍သာ ထိုအကြံပျက်ခဲ့လေသည်။
မင်းခေါင် နော်ရထာ၏ ကြိုတင် တိုင်ကြားချက်ကြောင့် နောင်တော်ကြီးက သိလျက်နှင့်ပင် ညီတော် မောင်ရွ လက်နက်ချ ဝင်သောအခါ မယ်တော်၏ ဖျောင်းဖျချက်ကြောင့် ဒဏ်မခတ်သည်သာ မက အိမ်ရှေ့အရာ၌ပင် မြဲစေခဲ့သည်။
နော်တော်ကြီးမင်း နတ်ရွာစံပြီးနောက် ဆင်ဖြူရှင် နန်းတက်သောအခါ ညီတော် အမြင့်မင်းကို အိမ်ရှေ့အရာ၌ ထားရမည်ကို လျစ်လျူရှုခဲ့သည်။
သူ၏ သားတော် စဉ့်ကူးမင်းကို အိမ်ရှေ့ အဖြစ် သတ်မှတ်ကြောင်း ခပ်ပြောင်ပြောင် ကြေညာခဲ့သည်။ ထို့ကြောင့် အမြင့်မင်းက မခံမရပ်နိုင်၍ ထီးနန်းကို လုပ်ကြံခဲ့သည်။
ထိုအကြံ ပေါ်ပေါက်သွားသဖြင့် ထုံးစံအတိုင်း ကွပ်မျက်မည်ရှိရာ မယ်တော်ကပင် သားတော်အတွက် ငိုယို တောင်းပန်သောကြောင့် ရာဇဝတ်မှုမှ လွတ်ခဲ့သည်။
အလောင်းမင်းတရား၌ သားတော် ၆ ပါး ရှိရာ ဆင်ဖြူရှင် လက်ထက်တွင် မူလ အစီအစဉ် ပျက်သည်ဟု ဆိုရပေမည်။
ထီးနန်း ဆက်ခံရေး၌ ခမည်းတော်ကို သားတော်က ဆက်ခံလေ့ ရှိခဲ့ရာမှ ညီတော်များကို အစဉ်လိုက် ဦးစားပေးရမည် ဆိုခြင်းမှာ မူသစ်တရပ် ဖြစ်နေ၏။
ရံဖန်ရံခါ အကြောင်းအားလျော်စွာ ညီတော်များ ဆက်ခံနန်းတက်ခြင်း ရှိခဲ့သည် မှန်၏။ သို့သော် ညီတော် ၆ ပါးစလုံး အလှည့်ကျ နန်းတက်စေခြင်းမှာ မကြုံဘူးသော အစီအစဉ် ဖြစ်၍ သားတော်များ အတွက် လိုက်နာရန် ခဲယဉ်းပေမည်။
ထို့ကြောင့် သွေးထွက်သံယို နန်းလုပွဲများ ပေါ်ပေါက်ဖွယ် ဟောကိန်းများ ရှိခဲ့၏။
ထိုအတိုင်း ကြုံရသော ကုန်းဘောင်ခေတ် နန်းတွင်း သွေးချောင်း စီးမှုများသည် ဆင်ဖြူရှင် ခေတ်၌ မြစ်ဖျားခံ၏။ ။
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါး စာစုကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ရာပြည့် စာပေက ထုတ်ဝေသော “ကုန်းဘောင်ရှာပုံတော် သတ္တမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)