မြို့ကြီးထဲတွင် အနေကြာလာသည့် အခါ၌ ကျနော်သည် ကျေးလက်ကို လွမ်းလာတတ်ပါသည်။
ကျေးလက်တွင် ပျော်ခြင်းမှာ လတ်ဆတ် သန့်ရှင်းသော ရှုမျှော်ခင်းများကို ကြည့်ရ၍ အရသာ ခံလိုသောကြောင့်လည်း ဖြစ်ပါသည်။
ထိုမျှမက ကျေးလက်က လူများနှင့် စကားပြောလိုသောကြောင့်လည်း ဖြစ်ပါသည်။
ကျေးလက်က လူများ၏ ရိုးရိုးသားသား ပြောလိုက်သည့် စကား တခွန်း၊ နှစ်ခွန်းသည် မြို့ကြီးများမှ ပညာတတ်များ၏ ဟန်လုပ်ပြောသည့် စကားများကို နားထောင်ရသည်ထက် တန်ဖိုးရှိသည်ဟု ကျနော် မကြာခဏ တွေးမိပါသည်။
တနေ့သ၌ ကျနော်တို့သည် တောရှိ အစ်ကိုကြီး လုံ၏ ရွာသို့ အလည်လာခဲ့ကြပါသည်။ အစ်ကိုကြီး လုံမှာ ရွာလူကြီး တယောက် ဖြစ်၍ မြေဧက အနည်းငယ် နှင့် စိုက်ခင်းလေး တခုကို ပိုင်သော အသေးစား လယ်သမားလေး တဦး ဖြစ်ပါသည်။
ကျဉ်းကျပ်လှသော သက်ငယ်မိုး သူ့တဲကလေးထဲတွင် ကျနော်တို့ မထိုင်ချင်မှန်း သိသဖြင့် အစ်ကိုကြီး လုံသည် ကျနော်တို့ကို ခြံစည်းရိုး တဖက်ရှိ ဖရဲစင်အောက်တွင် နေရာချပေးပါသည်။
တောင်နောက်ဘက်ရှိ လျှိုကြားထဲမှ ထိုးထွက်လာသော သက်တံကြီး တခုသည် ကောင်းကင်ကို မိုးယှက်နေပါသည်။ သက်တံရောင် ခုနစ်ရောင်သည် ကန်ကလေးထဲတွင် ဖြာကျနေပါသည်။
ကျနော်တို့သည် ကန်ရေပြင်တွင် အရိပ်ထင်နေသော သက်တံကြီးကို ငေးမော ကြည့်နေကြစဉ် –
“ဟဲ့ ဒီနားမှာ လူတွေနဲ့၊ တခြားလမ်းက သွားစမ်း” ဟု တစုံတယောက်အား လှမ်းပြောလိုက်သော အစ်ကိုကြီးလုံ၏ အသံကို ကြားလိုက်ရပါသည်။
“ကျနော်လည်း လူတယောက်ပဲ၊ ဒီနေရာ လာလို့မရဘူးလား”
ကျနော်တို့သည် အနီးတွင် ရပ်နေသော လူကို လှမ်းကြည့်လိုက်ကြပါသည်။ ကျနော်တို့ကို မြင်သည့်အခါတွင် သူက ယဉ်ကျေးစွာ နှုတ်ဆက်ပါသည်။
ကျနော်တို့က သူ့အမည်ကို မေးပြီး ထိုင်ရန် ပြောပါသည်။ အစ်ကိုကြီး လုံမှာ ဘာမျှ မပြောတော့ပါ။
ထိုသူမှာ အခြားသူများနှင့် မတူကြောင်း သိသာပါသည်။ သို့ရာတွင် မည်သည့် နေရာတွင် မတူကြောင်းကို မခွဲခြားတတ်ပါ။
“ဘာဖြစ်လို့မှန်းတော့ မသိဘူး၊ ကျုပ် ရွာကို ပြန်လာရင် ရွာသားတွေက ကျုပ်ကို ဆက်ဆံတာ တမျိုးပဲ။ ကျုပ်ဟာ စိတ်ရင်း ဆိုးတဲ့ လူတယောက် မဟုတ်ပါဘူး။ ကျုပ် ဘယ်သူနဲ့မှ ရန်မဖြစ်ဘူး။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ဘယ်သူ့ ပစ္စည်းကိုမှ လိမ်ညာ မယူဘူး။ ဒါနဲ့တောင် ကျုပ်ကို ဘာဖြစ်လို့ မတူမတန် ဆက်ဆံကြသလဲ မသိဘူး။ လမ်းပေါ်တောင် လျှောက်စေချင် ကြဟန် မတူဘူး” ဟု ကျနော်တို့ကို ပြောပါသည်။
ကျနော့် အဖော်က အစ်ကိုကြီး လုံဘက်သို့ လှည့်၍ –
“သူက ဘာလုပ်သလဲ” ဟု မေးပါသည်။ အစ်ကိုကြီး လုံက မည်သို့မျှ မဖြေရသေးမီ ထိုသူက –
“ကျုပ်မှာ အလုပ်အကိုင် ရှိပါတယ်။ ကျုပ်က ပညာနဲ့ အသက်မွေးတဲ့ လူပါ” ဟု ဆိုကာ အိတ်ထဲတွင် ခေါက်ထည့်လာသည့် စာအုပ်ကလေး တအုပ်ကို ထုတ်လိုက်ပါသည်။
“ကျုပ်လည်း အရောင်းအဝယ် လုပ်နေတာ ကြာပါပြီ။ ဟောဒီ စာအုပ်ကလေးထဲက ဂဏန်းတွေဟာ ကျုပ်ပေးရမယ့် အကြွေးတွေလား၊ ကျုပ်က ရစရာရှိတဲ့ အကြွေးတွေလား ဆိုတာ ခင်ဗျားတို့ ပြောနိုင်ပါ့မလား၊ ကျုပ်တော့ ကောင်းကောင်း သတိမရတော့ဘူး”
သူက ကျနော့်မိတ်ဆွေကို စာအုပ်ကလေး လှမ်းပေးလိုက်သဖြင့် ကျနော်တို့ နှစ်ယောက် အတူတူ ကြည့်လိုက်ကြပါသည်။
စာရွက်ကလေးမှာ တုန်ချီမင်း ခေတ်က စာရွက်စုတ်ကလေး တရွက် ဖြစ်ပါသည်။ ကျနော်တို့မှာ မအောင့်နိုင်တော့ဘဲ ရယ်လိုက်ကြပါသည်။ အစ်ကိုကြီး လုံကလည်း ရယ်ပါသည်။
နောက်ထပ် ကျနော်တို့တတွေ ဝိုင်းရယ်ကြမည် စိုးသသည့် အတွက် အစ်ကိုကြီး လုံက သူ့ကို တခြားသို့ သွားရန် ပြောနေပါသည်။
ကျနော်တို့က သူ့အကြောင်းကို မေးကြည့်သည့် အခါတွင် ထိုသူမှာ ငယ်ငယ်လေး ကတည်းက တီယန်စင်းတွင် ကုန်သည် လုပ်လာခဲ့ကြောင်းဖြင့် အစ်ကိုကြီး လုံက ပြောပြပါသည်။
သူ့သတင်းကို ဘာမျှ မကြားရဘဲ အတန်ကြာ ပျောက်ကွယ်နေပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကမှ ရွာသို့ ပြန်ရောက်လာခဲ့သည်ဟု သိရပါသည်။
စိတ်မနှံ့သူ တဦးအဖြစ် ရွာသို့ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း ကျနော်တို့ သိလိုက်ပါပြီ။
အစ်ကိုကြီး လုံက –
“မြို့ကို သွားတုန်းကတော့ အကောင်းပကတိပဲကွ။ မြို့က ပြန်လာတော့မှ ရူးလာတာ။ ဘယ်လို ဖြစ်လာသလဲတော့ မသိဘူး။ မင်းတို့က မြို့မှာနေတော့ ငါ့ကို ပြောပြကြစမ်းပါဦး။ မင်းတို့ မြို့မှာ လူကောင်းတွေကို အရူး ဖြစ်သွားအောင် လုပ်တဲ့၊ အရူးထောင်တို့၊ ဘာတို့များ ရှိသလား”
ကျနော်က –
“ကြံကြီးစည်ရာ အစ်ကိုကြီးရယ်၊ ဘယ်ကလာ ရှိရမှာလဲ။ စိတ်မနှံ့တဲ့ လူကိုမှ အရူးထောင်ကို ပို့ရတာပါ။ လူကောင်းကို အရူးထောင် ပို့ပြီး ရူးအောင် လုပ်တဲ့ နေရာရယ်လို့ ဘယ်ကလာ ရှိရမှာလဲ”
“ဒါဖြင့်ရင်လည်း ဒီလူဟာ ဘာဖြစ်လို့ အရူးထောင်ထဲကို သွားမနေဘဲ တို့ရွာလာပြီး လူတွေကို အနှောင့်အယှက် ဖြစ်အောင် လုပ်ရနေတာလဲဗျာ”
“ဒါတော့ မပြောတတ်ဘူးလေ။ ကျနော်တို့ အားလုံးလည်း ရူးနေတာပဲ။ မဟုတ်လား။ ဒီလိုဆို ကျနော်တို့လည်း အရူးထောင်ကို သွားဖို့ပဲ ရှိတော့တာပေါ့”
ကျနော်နှင့် ကျနော့်မိတ်ဆွေ တို့က ပြောကြပါသည်။
“ဘာကွ”
အစ်ကိုကြီး လုံက တအံ့တသြဖြင့် မေးပါသည်။
ကျနော့် မိတ်ဆွေက ကျနော့် ဘက်သို့ လှည့်လိုက်လျက် –
“ကျနော် ပြောတာ မဟုတ်ဘူးလား။ အမှန်ကတော့ ရူးနေတာက ကျနော်တို့ ရူးနေတာဗျ။ အဲဒီလူက ရူးနေတာ မဟုတ်ဘူး။ ကျနော်တို့က စိတ်ထဲရှိတာကို မပြောရဲကြဘူး။ လုပ်လည်း မလုပ်ရဲကြဘူး။ ကျနော်တို့ အလုပ်နိုင်ဆုံးက ဟန်ဆောင်ရုံပဲ တတ်တယ်။ ကျနော်တို့ သူ့ကို မပြိုင်နိုင်ဘူး။ သူက စိတ်ထဲ ရှိတာကို ပြောတယ်။ လုပ်ချင်ရင်လည်း ကောက်လုပ် တတ်တယ်။ ကျနော်တို့မှာ အဲဒီလို ရိုးသား ဖြောင့်မတ်မှုမျိုး မရှိဘူး။ ကျနော်တို့ရဲ့ ချုပ်တည်းထားရတဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ ပွင့်လင်း ဗြောင်ကျတဲ့ အပြုအမူကို နှိုင်းယှဉ်ကြည့်လိုက်ရင် ရူးတာဟာ သူမဟုတ်ဘဲ ကျနော်တို့ တတွေ ဖြစ်တယ်လို့ ပြောနိုင်တယ်”
အစ်ကိုကြီး လုံက စိတ်မရှည်နိုင်ဟန်ဖြင့် –
“ဒီနေ့တော့ တို့အားလုံး ရူးနေပြီ ထင်တယ်။ ဒီအကြောင်းတွေကို ပြောမနေပါနဲ့ကွာ။ ဒီ့ပြင် အကြောင်းကို ပြောကြရအောင်ပါ”
တောင်စဉ် ရေမရ ကျနော်တို့ ပြောနေစဉ် ရေကန်တွင် အရိပ်ထင်နေသည့် သက်တံကြီးမှာ ပျောက်ကွယ် သွားလေပြီ။
အစ်ကို လုံ၏ သားသည် ဖြူဖွေးသည့် ငန်း နှစ်ကောင်ကို ကန်ပေါင် တလျှောက် မောင်းလာ၏။ ကျနော်သည် အပြစ်ကင်းစင်သော ငန်း နှစ်ကောင်ကို ငေးကြည့်နေမိသည်။
ရေကို မြင်သည့် အခါတွင် ငန်း နှစ်ကောင်သည်လည်း ဆောက်တည်ရာ မရဖြစ်ကာ ရူးကုန်ကြလေပြီ။
ငန်း နှစ်ကောင်သည် တဂီဂီ အော်မြည်ကာ အတောင် တဖျတ်ဖျတ် ရိုက်ပြီးနောက် ရေထဲသို့ ဆင်းပြေးကြသည်တွင် မှန်ကဲ့သို့ တောက်ပ ကြည်လင်သော ရေမျက်နှာပြင်သည်လည်း ပြိုကွဲ ပျက်စီးသွားပါတော့သည်။ ။
Mad Talk
Xu Dishan (China)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “နိုင်ငံတကာ ရသစာတမ်းငယ်များ ပထမအုပ် ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














