စူးစူးဝါးဝါး အော်သံသည် မြို့ပြ ဘဝ၏ ဖွားဖက်တော် ဖြစ်လေသည်။
တတီတီ မြည်လာသော မော်တော်ကား ဟွန်းသံ။ ထို့နောက် ရပ်သွားသံ။
မော်တော်ကားသည်ပင် တစုံတခုဖြင့် ဝင်တိုက်မိ၍လော သို့တည်းမဟုတ် မောင်းသူကပင် မတော်တဆ ဟွန်းကို နှိပ်မိ၍လော စသည့် မေးခွန်းများသည် ကောင်းကင်တွင် စွန်ငှက် ဝဲသလို ကြားရသူတိုင်း၏ ခေါင်းထဲတွင် ဝဲပျံ ကျန်ရစ်ခဲ့ တတ်သည်။
လူတို့၏ စူးစူးဝါးဝါး အော်သံမှာမူကား စက်ဖြင့် လုပ်ခြင်းလည်း မဟုတ်၊ အော်တိုမက်တစ် ခလုပ် နှိပ်ခြင်းကြောင့်လည်း မဟုတ်သဖြင့် ထိုမေးခွန်းများသည် ပို၍ ဆန်းကြယ် ရှုပ်ထွေးနေတတ်သည်။
“အော်သံကို ကြားလိုက်တယ် မဟုတ်လား မောင်။ ဘာဖြစ်တာလဲ မသိဘူးနော်။ ကြောက်လို့ အော်တဲ့ အသံလား၊ ဝမ်းသာ လို့ အော်တဲ့ အသံလား၊ ပျော်လို့ အော်တဲ့ အသံလား၊ ဒါမှမဟုတ် တယောက်ယောက်က ကျယ်ကျယ် လောင်လောင် ရယ်လိုက်တဲ့ အသံလား၊ ဒါမဟုတ် စိတ်ဖောက်ပြန်လို့ ဒီလောက် အော်နေတာလား၊ ဒါမဟုတ် လူသတ်နေလို့ အော်နေ တာလား။ ဒီလိုဆို ကျမတို့ ဘာလုပ်ရမလဲ ဟင်။ ဘယ်က အော်တဲ့ အသံလဲ ဟင်။ မောင် မသိဘူးလား” ဟု မေးမိကြသည်။
လွန်ခဲ့သည့် တပတ်က မင်ဟတ်တန် မြို့မှ လင်မယား ၂ ဦးက ၆ နှစ်အရွယ် သူတို့ မွေးစား သမီးကလေးကို ရိုက်သတ်မှုဖြင့် ရဲတို့က ဖမ်းခဲ့ကြသည်။
အိမ်နီးနားချင်းများသည် ထိုအော်သံမျိုး ဘယ်အိမ်က လာသည်ကို သိကြသော်လည်း တခါတရံတွင် မည်သူ့ အော်သံ ဖြစ်သည်ကို ဒုက္ခခံ၍ သွားကြည့်လေ့ မရှိကြ။
ထိုအော်သံသည် ၆ နှစ် သမီးကလေး၏ အော်သံလော၊ သို့တည်း မဟုတ် သူ့အဖေနှင့် လာနေသည့် နောက်မိန်းမ၏ အော်သံလော ဆိုသည်ကို မသိနိုင်။
ထိုလူသတ်မှုတွင် မိန်းမကို ကြံရာပါ အဖြစ် ရဲ့ စွပ်စွဲသည်။
သို့ရာတွင် သူ့ကိုယ်မှာလည်း ဒဏ်ရာတွေနှင့်။ မျက်မှန်မည်း တပ်ထားသည့် မိန်းမက ထိုဒဏ်ရာများသည် လူဆိုးများက ရိုက်သွား၍ ဟူ၍ လည်းကောင်း၊ မီးဖိုထဲတွင် ချော်လဲ၍ ဟူ၍ လည်းကောင်း ပြောတတ်သည်။
လွန်ခဲ့သည့် နှစ်များကမူ မိတ်ဆွေများနှင့် လုပ်ဖော် ကိုင်ဖက်များသည် ဤသို့ လူဆိုး အရိုက်ခံရခြင်း၊ မတော်တဆ လဲကျခြင်း၊ စသည့် အကြောင်း ပြချက်များကို ယုံကြည် လက်ခံခဲ့ကြ၏။
စူးစူးဝါးဝါး အော်သံကို ကြားရသည့် အခါတွင် အိမ်နီးချင်းများသည် ရဲကို တယ်လီဖုန်း ဆက်၍ ခေါ်ကြသည်။ မြို့တော် အာဏာပိုင်များကို အကြောင်းကြားကြသည်။
ဆိုင်ရာတို့က သွားရောက် စုံစမ်းသည့် အခါ ဘာမျှ မဟုတ်သည့် အသေးအဖွဲ ကလေးတွေ ဖြစ်နေတတ်သည်ကို တွေ့ရသည်။
မြို့တော် အာဏာပိုင်များသည် စူးစူးဝါးဝါး အော်သံများကို မကြားကြတော့ပြီ။
၆ နှစ် သမီးကလေးမှာ အရိုက်ခံရပြီး နောက်တွင် ဦးနှောက် ကြေသွားလေပြီ။ သက်ဆိုင်သူ လင်မယား ၂ ယောက် ကိုလည်း ရဲက ဖမ်းဆီးလိုက်သည်။
ယခု တကြိမ်တွင်မူ ထိုအဆောက်အအုံရှိ မည်သူကမျှ စူးစူးဝါးဝါး အော်သံကို မကြားလိုက်ကြတော့ပြီ။
သို့ရာတွင် နယူးယောက် နှင့် အခြားသော မြို့ကြီးများ အားလုံးရှိ အဆောက်အအုံများတွင် နောက်ထပ် စူးစူးဝါးဝါး အော်သံ များသည် ဘာသိဘာသာ နေသူတို့ကို ပြန်၍ လှုပ်နှိုးကြပေတော့မည်။
တခါတရံတွင် အာဏာပိုင် တို့က လာရောက် စုံစမ်းသည့် အခါလည်း ရှိပေလိမ့်မည်။ တခါတရံတွင်လည်း အာဏာပိုင် တို့က အမှတ်မဲ့ နေကြပေလိမ့်မည်။
အမျိုးသမီးများ၊ ကလေးငယ်များအား ရိုက်နှက်ခြင်းသည် ခန်းစုံ တိုက်မှ အခန်းကျဉ်းကလေးများ ထဲတွင် ဆက်လက် ရှိနေပေလိမ့်ဦးမည်။
မကောင်းမှုများ၊ တိတ်ဆိတ်သော အသံများသည် ဆက်လက် တည်ရှိနေပေဦးမည်။
သင်သည် စူးစူးဝါးဝါး အော်သံ တခုကို ကြားချင် ကြားမိပေလိမ့်မည်။ သို့သော် ထိုအော်သံသည် စူးစူးဝါးဝါး အော်သံ မဟုတ်၊ ရေနွေးအိုး ဆူသံဟု ပြောကောင်း ပြောပေလိမ့်ဦးမည်။

စူးစူးဝါးဝါး အော်သံ တခုကို ကြားမိသည့်တိုင် အလောင်း တလောင်းကို ထင်ထင်ရှားရှား တွေ့မှ သာလျှင် စူးစူးဝါးဝါး အော်သံ ဖြစ်ကြောင်းကို သေချာ သွားပေလိမ့်မည်။
သို့ဖြစ်လျှင် ထိုစူးစူးဝါးဝါး အော်သံမှန်း သေချာအောင် စင်္ကြံသို့ ထွက်၍ နားထောင်ရမည်လော။ လူစိမ်း၏ စူးစူးဝါးဝါး အော်သံကို ကြားနိုင်ရန် အတွက် အခန်းတံခါးကို အတင်းဖွင့်၍ ဝင်ရမည်လော။
ထိုသို့ လုပ်ရန်မှာ သတိကောင်းဖို့ လိုပါသည်။ မိုက်မိုက် ကန်းကန်း လုပ်ဖို့လည်း လိုပါသည်။
စူးစူးဝါးဝါး အော်သံ တခုကို ကြားနေရပါလျက် ဘာမှ မလုပ်နိုင်ဘဲ ကြောင်တောင် ရပ်နေရခြင်းသည် တော်တော် ရူးချင်စရာ ကောင်းပါသည်။
ကိုယ်က မနေနိုင်၍ တုံ့ပြန်သည့်တိုင် အနိုင်ကျင့်နေသူ တယောက်ယောက်က တစုံတခု လုပ်လွှတ်လိုက်မည်ကို စိုးရိမ်ရပါသည်။
မှား၍ ကြားထဲက ဝင်ရှုပ်သည့် အဖြစ်မျိုးကိုလည်း ကြုံနိုင်ပါသေးသည်။ မိုက်မဲသည့် အဖြစ်ကို ရောက်နိုင်ပါသေးသည်။ တရားစွဲ ခံရနိုင်ပါသေးသည်။
လူ့ယဉ်ကျေးမှုကြီးကို လူ့ယဉ်ကျေးမှု၏ စူးစူးဝါးဝါး အော်သံများက စမ်းသပ် စစ်ဆေးနေကြပါသည်။
မိမိသည် ထိုစူးစူးဝါးဝါး အော်သံကို နားထောင်မည်လော၊ နားကို ပိတ်ထားမည်လော၊ မည်သည့် နေရာက လာသည်ကို စူးစမ်းမည်လော၊ အသာ ဘာသိဘာသာ နေလိုက်မည်လော၊ အကြောင်းရင်းကို ရှာမည်လော၊ မရှာဘဲ နေမည်လော၊ သွား၍ ကူညီမည်လော၊ မကူညီဘဲ နေမည်လော။
ထိုသို့ စဉ်းစားရာတွင် အကြောင်းပြချက်တွေ အမျိုးမျိုး ပြနိုင်ကြပါသည်။ အမှားတွေ အမျိုးမျိုး တွေ့နိုင်ကြပါသည်။ ထိုအကြောင်းပြချက်များ သည်လည်း ယုတ္တိ ရှိကြသည်သာ ဖြစ်ပါသည်။
သူတယောက်တည်း အော်ချင်တိုင်း အော် ဟု ဆိုကာ ပစ်ထားချင်လျှင်လည်း ထားနိုင်ပါသည်။
ထိုသို့ စဉ်းစားမိသည့် အခါ၌ ၁၉၆၃ ခုနှစ်က ဖြစ်ခဲ့သော ကစ်တီ ဂျီနိုဗီး ၏ အဖြစ်အပျက်ကို သတိရပါသည်။
ထို မိန်းမပျိုသည် တိုက်ခန်းထဲမှ နေ၍ စူးစူးဝါးဝါး အော်ဟစ် အကူအညီ တောင်းခဲ့ပါသည်။ အားလုံး ကြားခဲ့ကြသော်လည်း မည်သူမျှ သူ့ကို အကူအညီ မပေးခဲ့ကြပါ။
သို့ဖြစ်လျှင် စူးစူးဝါးဝါး အော်သံကို ကြားရသည့် အခါတွင် ကျနော်တို့ ဘာလုပ်ကြမည်နည်း။
အက်ဒွပ် မန့် ၏ “အော်သံ” ဆိုသည့် ပန်းချီကားကို ကျနော် အမှတ်ရပါသည်။ ကြောက်ဖွယ်၊ စိတ် ချောက်ချားဖွယ် ကောင်းပါသည်။
ကျနော်တို့ ဘာလုပ်ကြရမည်နည်း။
စူးစူးဝါးဝါး အော်သံ တခုကို မကြားမချင်း ကိုယ်ဘာလုပ်မည်ကို မည်သူမျှ မပြောနိုင်ပါ။ သို့ရာတွင် သင်မည်သို့ ဖြစ်သည်ကိုမူ ကျနော် ပြောနိုင်ပါသည်။
ပထမ အားဖြင့် ထိုအော်သံကို ကြားလျှင် သင်သည် လန့်ဖျပ်ကာ တကိုယ်လုံး အေးစက်သွားမည်။ ထို့နောက် လန့်နေသော ငှက်တကောင်၏ ခေါင်းကဲ့သို့ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်မိလိမ့်မည်။
ထို့နောက် မျက်လုံး ပြူးလာလိမ့်မည်။ ခုတင် အောက်သို့ ဝင်ပုန်းနေရမည်လော၊ သူ့ကို သွား၍ ကယ်ရမည်လော ဟု အကြာကြီး စဉ်းစားနေမိ ပေလိမ့်မည်။
တကိုယ်လုံး အေးစက်သွားလိမ့်မည်ဟု ပြောခြင်းမှာ ထိုအသံကို သင်မှတ်မိသောကြောင့် ဖြစ်ပါသည်။
ထိုအသံသည် သင့် ကိုယ်တွင်းမှ လာခြင်း ဖြစ်ပါသည်။ သင့် ချောက်ချားမှု၊ သင့် ဝေဒနာထဲမှ လာခြင်း ဖြစ်ပါသည်။ သင့် ဘဝ၏ စူးစူးဝါးဝါး အော်သံများထဲမှ လာခြင်း ဖြစ်ပါသည်။
လေထဲတွင် ထိုကြောက်ဖွယ် ပေါက်ကွဲ သံသည် သင်၏ အသံပင် ဖြစ်ပါသည်။
တနေရာရာမှ ပေါ်လာသော စူးစူးဝါးဝါး အော်သံကြီးသည် သင့် ကိုယ်တွင်းမှ လာခြင်း ဖြစ်ပါသည်။
သင်သည် ထိုအော်သံ ရှိရာသို့ သွားရပါလိမ့်မည်။
တခါးကို ဖွင့်၍ ထိုအော်သံကို ရပ်တန့်သွားရအောင် လုပ်ရပါလိမ့်မည်။ ။
(၁၉၈၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ထုတ် Time magazine မှ Roger Rosenblatt ၏ Screams from Somewhere Else)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “မြန်မာပြန် ရသစာတမ်းများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














