ဒီည…
ကြယ်ကြွေတာကို မြင်လိုက်မိသလိုပဲ…။
ငါလေ သူ့ကို ချစ်မြတ်နိုးလွန်းလို့ သူ့ခန္ဓာကိုယ် နေရာ အနှံ့မှာ ငါ့နာမည်တွေ ရေးထိုးပေးခဲ့မိတယ်။ သူနဲ့ တွေ့တိုင်းပဲပေါ့။
ငါ့ စိတ်ဝေဒနာတွေထဲက ချစ်ခြင်း မေတ္တာကို အသုံးပြုပြီး ရေးထိုးထားတဲ့ ငါ့လက်မှတ်တွေ သူ့ခန္ဓာ နေရာအနှံ့မှာ ရှိုင်းရှိုင်း နစ်နစ် ထင်နေတာကို ငါပဲ မြင်နိုင်တာပေါ့။
သူဟာ လိမ္မာတယ်၊ သူဟာ တတ်သိတယ်၊ သူဟာ သန့်စင်တယ် ဆိုတဲ့ ခံစားချက်နဲ့ သူဟာ ငါ့ရဲ့ ကိုယ်ပွားတခု ဖြစ်ခဲ့ပါတယ်။
အခု…သူ…
သူ့ခန္ဓာကိုယ်ကို “ရွှေ” လို့ ခေါ်တဲ့ သတ္တု ပစ္စည်းတွေ၊ “စိန်” လို့ ခေါ်ကြတဲ့ မီးသွေး အမျိုးအစားတွေ၊ အနီ အစိမ်း ကျောက်ခဲ အမျိုးမျိုးတွေကို ပိုင်ဆိုင်တဲ့သူထံမှာ ရောင်းစားပစ်လိုက်တယ်။ ဈေးပေါပေါနဲ့ သူ့ဘဝကို ရောင်းစားတယ်လို့ ထင်တယ်။
ငါ့အမြင်မှာတော့ ရွှေတို့၊ စိန်တို့ ဆိုတဲ့ ပြောင်ပြောင်လက်လက် သတ္တုတွေ၊ ကျောက်ခဲတွေဟာ တန်ဖိုးရှိတယ်လို့ မမြင်ပါဘူး။

ငွေစက္ကူတွေနဲ့ တန်ဖိုး ဖြတ်ကြည့်ရင်လည်း ငါလက်မှတ် ထိုးထားတဲ့ “ကြယ်တွေစုံတဲ့ည” Starry Night ပန်းချီကား တချပ်က ရတဲ့ တန်ဖိုးကို မမီပါဘူး။
သန့်စင်တဲ့ ငါ့စိတ်၊ ငါ့ ဝေဒနာကနေ ငါ့ဘဝ ကိုယ်ပွားအဖြစ် ဖန်တီးထားတဲ့ ပန်းချီကားမှာ Vincent လို့ ရေးထိုးလိုက်ရင် ရွှေတွေ၊ စိန်တွေထက် တန်ဖိုး ရှိစမြဲပါ၊ တန်ဖိုး မဖြတ်နိုင်လောက်အောင်တောင် ငါ့လက်မှတ်နဲ့ ပန်းချီကားတွေဟာ တန်ဖိုး မြင့်ခဲ့ကြတယ်။
အခု…သူ့ကို ဝယ်တဲ့သူက သူ့ခန္ဓာကိုယ် အပေါ်မှာ ပြောင်ပြောင်လက်လက် ပုံစံအမျိုးမျိုး ဖြစ်နေတဲ့ သတ္တုတွေ၊ ကျောက်ခဲတွေ တပ်ဆင် ပေးထားတယ်။
ချစ်ခြင်းတွေ၊ မြတ်နိုးခြင်းတွေနဲ့ ငါရေးထိုးပေးခဲ့တဲ့ ငါ့လက်မှတ်ကလေးတွေဟာ သူ့ကို ပိုင်တဲ့သူရဲ့ အပွေ့အဖက် ဇောရမ္မက်တွေ ကြားမှာ မှုန်ဝါး ပျောက်ကွယ်ကုန်ကြပြီ။

ပြောင်ပြောင်လက်လက် သတ္တုတွေ၊ ကျောက်ခဲတွေဟာ လူတွေကို သာယာမှု ပေးနိုင်တယ် ထင်ရပေမယ့်၊ ဒါတွေကြောင့်ပဲ လူတွေဟာ တဦးနဲ့ တဦး လုကြယက်ကြ၊ သတ်ကြဖြတ်ကြ၊ စိတ်ဝမ်းကွဲကြ၊ ကြောင့်ကြ စိုးရိမ်ရနဲ့ မငြိမ်းမချမ်းတွေ ဖြစ်ရတယ်။
ဒါပေမယ့် ငါ့ရဲ့ ကြယ်တွေစုံတဲ့ည Starry Night ကတော့ လူတွေကို ငြိမ်းချမ်းစေတယ်။
လှလှပပ တွေးစေတယ်။ ပြေပြေလွင်လွင် မြင်စေတယ်။ ရှေ့ကို လျှောက်တဲ့လမ်း မပျောက်စေဖို့ အမြဲပြညွှန်နေတယ်။
ငါလက်မှတ် ထိုးထားတဲ့ ငါ့စိတ်၊ ငါ့ဝေဒနာက ဖြစ်ပေါ်လာတဲ့ ငါ့ရဲ့ ကိုယ်ပွား ငါ့ပန်းချီကားဟာ တန်ဖိုး မြင့်တယ်လို့ ငါယုံတယ်။
ငါ့စိတ်၊ ငါ့ဝေဒနာက လာတဲ့ မေတ္တာဟာလည်း တန်ဖိုး မဖြတ်နိုင်ဘူးလို့ ငါယုံတယ်။
ငါ့ပန်းချီကား ငါ့ကိုယ်ပွားဟာ အပေါစား ရောင်းကုန် ပစ္စည်း မဟုတ်ဘူး…။ ။
(ဗင်ဂိုးကို တမ်းတခြင်း…မှ)
*၁၉၈၇ ခုနှစ်က ဗင်ဂိုး၏ “အိုင်းရစ်ပန်း” ပန်းချီကားကို ဒေါ်လာ ၅၃ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့သည်။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို လှိုင်းသစ် စာပေတိုက်က ၁၉၉၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “အသွင်သဏ္ဌာန်တို့ နောက်ကွယ်၌ ဒုတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)