အမျိုးသမီးတွေကို သနားစရာ ကောင်းတာ နှစ်မျိုးရှိတယ်…ဆိုပဲ။
တမျိုးက…
အိမ်ထောင်မကျခင်…အပျို ဘဝက…
သူ့အမျိုးသား သူ့ဆီက မပြန်နိုင်လို့ ညဉ့်ထက်ဝက် ကျိုးသည်အထိ စောင့်ရတဲ့ အဖြစ်နဲ့…
နောက်တမျိုးက…
အိမ်ထောင်ကျလို့ အိမ်ထောင်ရှင် ဘဝ ရောက်ပြီးတဲ့ အခါ…
သူ့လင်ယောက်ျား အိမ်ကို ပြန်မလာနိုင်လို့ ညဉ့် ထက်ဝက် ကျိုးသည်အထိ စောင့်မျှော်ရတဲ့ အဖြစ်…တဲ့ဗျ။
ဒီအဆိုဟာ မြန်မာပြည်က အဆိုအမိန့်တော့ မဟုတ်ဘူး၊ ဒါပမယ့် ဒီအဆိုဟာ မြန်မာ အမျိုးသမီး အတော်များများနဲ့ သက်ဆိုင်နေတယ်လို့ ထင်ပါတယ်။
ဟုတ်မှာပေါ့။
လှလှပပ အပျိုကလေး ဘဝမှာတော့ သူ့ချစ်သူက ချစ်လွန်း တန်ဖိုးထားလွန်းတော့ ချိန်းတွေ့ပြီ ဆိုရင်… ဒါမှမဟုတ် လူပျို လှည့်လာပြီ ဆိုရင်… သူ့အနားက မခွာနိုင်ဘူး၊ ခွဲမသွားနိုင်ဘူး။
ညဉ့်နက်နေပြီ “ပြန်တော့” ဆိုလည်း မပြန်ဘူး၊ အဖေအမေ ဆူလိမ့်မယ် ပြောလည်း မပြန်ဘူး၊ သန်းခေါင် ကျော်လို့ ညဉ့် ထက်ဝက် ကျိုးလာပေမယ့်လည်း… မခွဲနိုင်လို့ ဒီအမျိုးသားဟာ ပေကပ်နေတယ်။
တမိနစ် တစက္ကန့်လောက် ပိုပြီး တူတူနေရလည်း မနည်းဘူး ဆိုပြီး နေနေတယ်။
ပြန်ပါတော့လို့ နှင်လေ မသွားဘဲ ပေတေနေလေ…နဲ့၊ အမျိုးသမီး ခမျာ…သူ့ချစ်သူ အမျိုးသား အတွက် စိတ်ညစ်ရတယ်၊ စိတ်ညစ်တယ်…သွားတော့…လို့ အတင်း တွန်းပေမယ့်လည်း…မခွဲနိုင်လို့ပါ…ဆိုတဲ့ စကား တခုနဲ့ အမျိုးသမီး ခမျာ…စိတ် ဆိုရလည်း ခက်နဲ့…၊ အင်း…သနားဖို့ ကောင်းပါတယ်။
ဒါပေမယ့်…
အပျို လူပျို ဘဝကနေပြီး အိမ်ထောင်ကျ…သားတွေ သမီးတွေရ…အချိန်ကြာလာတာနဲ့ အမျှ မိန်းမက ယောက်ျား အတွက် ရိုးလာတယ်၊ ဟောင်းလာတယ်၊ ဒီကြားထဲ…စီးပွားရေး မပြေလည်တာနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တခြားကိစ္စ တခုခုကြောင့်ပဲ ဖြစ်ဖြစ်ပေါ့၊ မကျေမနပ်နဲ့ မိန်းမက တဖြစ်တောက်တောက်၊ တကျီကျီ၊ တဆူဆူ လုပ်လာပြီ ဆိုရင် ယောက်ျားဟာ အိမ်ကို မကပ်ချင်တော့ဘူး၊ မိန်းမ အနားမှာ မနေချင်တော့ဘူး။
ဒါကြောင့် မိန်းမနဲ့ ခပ်ဝေးဝေး နေချင်လာတယ်။
အိမ်ကို မြန်မြန် ပြန်မရောက်လေ…စိတ်ချမ်းသာလေ၊ တမိနစ် တစက္ကန့် နောက်ကျပြီးရောက်…တမိနစ် တစက္ကန့် စိတ်ချမ်းသာတယ်…ဆိုပြီး အိမ်ကို မပြန်ဘဲ အပြင်မှာ ဖြစ်နိုင်တဲ့ နည်းနဲ့ နေနေတတ်တယ်။
အပေါင်းအသင်းတွေနဲ့ သောက်ရင်း စားရင်း စကားပြောရင်း အချိန် ဖြုန်းတယ်။ တခြားတခြား အချိန် ဖြုန်းနည်းတွေလည်း ရှိမှာပေါ့။
ဒီလို အချိန်ဖြုန်းရင်းနဲ့ အိမ်ကို မပြန်ဘဲနေ၊ အပြန် နောက်ကျ…ဒါကို အိမ်က မိန်းမ ဖြစ်တဲ့သူက တမျှော်မျှော်နဲ့…လည်ပင်း ရှည်အောင်မျှော်…၊ ညဉ့် ထက်ဝက်တောင် ကျိုးပြီ။ လင်တော်မောင်က ပြန်မလာ၊ နှစ်နှစ် ခြိုက်ခြိုက် မအိပ်ရ…။
ဒီလို ပြန်မလာလို့ ညဉ့်ထက်ဝက်ကျိုးအောင် မျှော်ရတဲ့ အဖြစ်ဟာလည်း သနားစရာ ကောင်းတယ်…တဲ့ဗျ။
ဟုတ်မှာပေါ့။
အပျိုတုန်းကတော့ သူကိုယ့်ဆီက မပြန်နိုင်လို့၊ အိမ်ထောင် ကျပြီးတဲ့ အခါမှာတော့ ကိုယ့်ဆီ သူပြန်မလာလို့…။
ဒီအကြောင်းတွေကို ပြောပြတော့ ကျနော့် မိတ်ဆွေ တဦးက ယုံချင်ယုံ၊ မယုံချင်နေ ဆိုတဲ့ သဘောမျိုးနဲ့ အဖြစ်အပျက် တခုကို ပြောပြတယ်။
ဒီလိုတဲ့ဗျာ။
တနေ့မှာ လင်မယား နှစ်ယောက် စားသောက်ဆိုင် တခုထဲကို ဝင်လာပြီး စားကြ သောက်ကြတယ်၊ လင်ဖြစ်သူကလည်း သောက်လိုက် စားလိုက်တာမှ ခါးပတ်ကြိုးကို အကျယ်ကြီး လျှော့ရတဲ့ အဖြစ်ကို ရောက်တယ်။
ဒါပေမယ့် စားသောက်ပြီးလို့ ငွေရှင်းမယ်လုပ်တော့ ငွေက မလောက်ဘူး ဖြစ်နေတယ်။ မှန်းထားတာထက် အများကြီး ဈေးက များနေတယ်။
အဲဒီ အခါမှာ ယောက်ျား ဖြစ်တဲ့သူက ဆိုင်ရှင်ကို ပြောတယ်…
“ကျုပ် မိန်းမကို ထားခဲ့ပါမယ်၊ မယုံ မရှိပါနဲ့၊ ငွေရှာပြီး မကြာခင်ပဲ ကျုပ် ပြန်လာခဲ့ပါမယ်” လို့ ပြောတော့…
ဆိုင်ရှင်က လျင်လျင်မြန်မြန်ပဲ…
“နေဦး…နေဦး၊ ခင်ဗျား ဒီလိုမလုပ်နဲ့၊ ဟောဟိုမှာ အာလူး သင်နေတဲ့ အမျိုးသမီး တဦးကို ခင်ဗျား မြင်တယ်…ဟုတ်၊ ခင်ဗျား လိုပဲ၊ သူ့ လင်တော်မောင်က သူ့မိန်းမကို ကျုပ် ယုံကြည် စိတ်ချရအောင် ခေတ္တ အပေါင်သဘောမျိုး ထားခဲ့မယ်၊ ငွေ သွား ယူချေဦးမယ် ပြောပြီး ထွက်သွားတာ ဒီနေ့အထိ ပြန်မလာတော့ဘူး။ ခင်ဗျားတို့က မိန်းမ အသစ်လဲချင်တိုင်း အဟောင်းတွေ ကျုပ်ဆီမှာ ထား ထားသွားတာ…ဘယ်ကောင်းမလဲဗျာ” လို့ ပြောတယ်တဲ့ဗျ။
အဲဒီလူ စားသောက်လို့ ကျသင့်ငွေကို ဘယ်လို ရှင်းသလဲ ဆိုတာတော့ မသိဘူးပေါ့ဗျာ။
ပြောချင်တာက ဒီလိုပါ။
ယောက်ျား ဆိုတာမျိုးဟာ မိန်းမနဲ့ နေရတာ ကြာလာရင် ဘာပဲဖြစ်ဖြစ် အသစ်လဲချင်စိတ်ကတော့ ပေါက်တာပဲဗျ…တဲ့။
သူပြောတာတွေကို နားထောင်ရင်း ကျနော် တွေးပါတယ်။
မေတ္တာ ဆိုတာကတော့ အဟောင်းအသစ် လဲပြီး ချစ်တာမျိုး၊ သစ်သစ် နေမှ ဆန်းဆန်း နေမှ မြတ်နိုးတာမျိုး မဟုတ်တန်ရာပါဘူး လို့…။ ။
အမှတ် (၁၀၆) အင်တာဗျူး ဂျာနယ်
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော “ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)













