အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ၈၀ ရာခိုင်နှုန်းခန့်ထိ ရှိခဲ့သည့် စစ်ကိုင်းမြို့တွင် မေ ၁၇ ရက်မှစတင်ကာ စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထားဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာရာ ယနေ့အချိန်ထိ ၄၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ဆိုင်ကယ်စီးလာသူတဦးကိုလည်း ရပ်မပေးဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်သူ အများဆုံးဖြစ်ပြီး အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ဖမ်းခံရ ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား တပ်မ ၃၃ တပ်ဝင်းထဲသို့ ခေါ်သွားကြောင်း သိရသည်။
စစ်ကိုင်းမြို့ခံတဦးက “အိမ်စီးကားလေးတွေနဲ့ မြို့ကိုပတ်နေပြီး မထင်ရင်မထင်သလို လမ်းသွားလမ်းလာတွေကို တားပြီး စစ်ဆေးတာတွေ လုပ်နေကြတယ်။ အဓိက လူငယ်တွေကို ဦးတည်ပြီး စစ်ဆေးဖမ်းဆီးတာမျိုးတွေ လုပ်တယ်။ ဖမ်းခံရတာ သိလို့ လိုက်ရွေးတာ၊ မရဘူးဆိုပြီး တပ်မ ၃၃ ထဲကို ခေါ်သွားကြတာ။ ငလျင်ကြောင့်် ဒုက္ခတွေသောကတွေနဲ့ ဖြစ်နေတာကိုမှ မငဲ့ညှာဘဲ အတော်ကို ရက်စက်တဲ့လုပ်ရပ်တွေပါပဲ” ဟု ပြောသည်။
မေ ၂၃ ရက် နံနက်ပိုင်း၌ မကျည်းစဉ်ရပ်ကွက် အောက်ဆွဲဘက်တွင် အသက် ၂၀ ကျော်အရွယ် လူငယ် ၅ ဦး ဖမ်းဆီးခံရ သလို မေ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း စစ်ကိုင်းမြို့ တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်ဇော်နှင့် ပျူစောထီးများမှ အိမ်စီး ကား ၅ စီးဖြင့် ပန်းတောရပ်ကွက်နေ ကျောက်ပွဲစား မောင်မောင်ဆိုသူကို ဖမ်းဆီးသွားကြောင်း သိရသည်။
၎င်းသည် ငလျင်ဘေးသင့်အကူအညီများအား ထုတ်ယူရာ၌ အခြားသူများကဲ့သို့ ပစ္စည်းအစုံအလင် မရရှိသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် စကားအချေအတင်ဖြစ်ကာ ဆဲဆိုခဲ့ပြီးနောက် နေအိမ်သို့ ပြန်ရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဟု ဒေသခံများက ဆိုသည်။
မေ ၁၈ ရက် နေ့လယ် ၂ နာရီခန့်တွင် ဧမြဝတီရပ်ကွက်နှင့် ဒါးဝယ်စျေးရပ်ကွက်တို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက်ပြီး ရပ်ကွက်အတွင်းမှ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားသလို မေ ၁၇ ရက် ညနေပိုင်းတွင် အမှတ် (၃) အထက် တန်းကျောင်းအနီး ဓာတ်ပေါင်းစုစေတီနား၌ ငလျင်ဘေးအလှူ ဆန်ဝေသည့်နေရာမှ အမျိုးသား ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် မေ ၁၇ ရက် နံနက်တွင် တပ်မ ၃၃ အတွင်းမှ အိမ်စီးကားများဖြင့် ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး များသည် စစ်ကိုင်းမြို့အိုးဘိုရပ်ကွက်၊ လမင်းသာစားသောက်ဆိုင်အနီး၌ မန္တလေး-ရွှေဘိုခရီးသည်တင်ကားပေါ်မှ လူငယ် အမျိုးသား ၁၅ ဦးနှင့် နေ့လယ်တွင် အုတ်စက်ရပ်ကွက်မှ လူငယ် ၂ ဦးကို ဖမ်းဆီးပြီး တပ်မ ၃၃ သို့ ခေါ်သွားကြောင်း မြို့ခံ တဦးက ပြောသည်။
မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲခန့်၌လည်း အုတ်စက်ရပ်ကွက်တွင် အိမ်စီးကား ၃ စီးဖြင့် ကင်းပတ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မင်းလမ်းရပ်ကွက်မှ အောင်အောင်ဦး ခေါင်းဆောင်သော ပျူစောထီးအဖွဲ့သည် ဆိုင်ကယ်စီး အမျိုးသား တဦးအား ရပ်တန့်မပေးဘဲ ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း အခြားမြို့ခံတဦးက ဆိုသည်။
စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနောက်ဘက် ဘုရားဖြူဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာသော အလုပ်သွားအလုပ်ပြန် လူငယ်များကို ဖမ်းဆီးနေခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာများမှနေ၍ စစ်ကိုင်းမြို့ပေါ် သို့ မလာရဲတော့ကြောင်းလည်း မြို့ခံများက ဆိုသည်။
“အနောက်ရွာတွေဘက်က စစ်ကိုင်းမြို့ပေါ် အလုပ်လုပ်ဖို့ တက်လာကြတဲ့ကလေးတွေ အဆွဲခံနေရတယ်လို့ သိရတယ်။ လက်ရှိ စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် ပြိုပျက်တာတွေ ရှင်းလင်းရေးလုပ်တာတွေမှာ အဲဒီဘက်က ကလေးတွေ နေ့စားလာ လုပ်နေကြတာရှိတယ်။ လူငယ်တွေ အဆွဲခံနေရတယ်ဆိုတော့ မလာရဲကြတော့ဘူး။ အဓိကတော့ စစ်မှုထမ်းကိစ္စအတွက် ဆွဲနေတာမျိုးပဲ” ဟု စစ်ကိုင်းမြို့ခံတဦးက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းမြို့မှ ငလျင်ကြောင့် ပြိုကျပျက်စီးမှုများအား လူမှုကူညီရေးအသင်းများ၊ ပရဟိတအဖွဲ့များ၊ အရပ်ဘက်ကုမ္ပဏီများ၏ အကူအညီဖြင့် တော်တော်များများ ရှင်းလင်းပြီးဖြစ်သလို တပိုင်တနိုင် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း စတင်နေပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
You may also like these stories:
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း
စစ်ကိုင်းငလျင်က စစ်ကောင်စီ အရှိုက်ကို ထိုးလိုက်သည်














