ပုံမှန်နေ့တနေ့တွင် သတင်းထောက် မိုင်းရူပသည် သူ၏ဇာတိ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ခရီးသွားလာပြီး စစ်၏ ရိုက်ခတ်မှုများကို မှတ်တမ်းတင်သည်။
အွန်လိုင်းသတင်းဌာန ရွှေဖီမြေတွင် ဗီဒီယိုသတင်းသမားအဖြစ် လုပ်ကိုင်ပြီး သူသည် ဝေးကွာသော မြို့များနှင့် ရွာများသို့ ခရီးသွားကာ စစ်မြေပြင် နောက်ဆုံးသတင်းမှသည် စစ်ဇုန်တွင် နေထိုင်ရသည့် အရပ်သားများ၏ အခြေအနေအထိ ရိုက်ကူးစုဆောင်း တွေ့ဆုံမေးမြန်းသည်။
သူ၏အလုပ်သည် အန္တရာယ်များသည်။ လမ်းများတွင် မြေမြှုပ်မိုင်းများ ပြန့်ကျဲနေပြီး လေကြောင်းဗုံးကြဲမှုနှင့် အမြောက်ဖြင့် ပစ်ခတ်မှုမှ အကာအကွယ်ယူရသည့် အချိန်များလည်း ရှိသည်။
“မရေတွက်နိုင်လောက်အောင် များတဲ့သူတွေ ဒဏ်ရာရတာ၊ အရပ်သားတွေ ကျနော့်ရှေ့မှာ သေဆုံးတာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံရတယ်” ဟု မိုင်းရူပက ပြောသည်။
“ဒီ စိတ်နှလုံးကြေကွဲစရာ အတွေ့အကြုံတွေဟာ ကျနော့်ကို တော်တော်လေး ထိခိုက်စေပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှု ခဏခဏ ဖြစ်တယ်” ဟု Al Jazeera သို့ သူကပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက နိုင်ငံ၏ ထိခိုက်လွယ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တစစီကြေမွစေပြီး မီဒီယာလွတ်လပ်ခွင့်ကို အမြစ်ဖြတ်လိုက်သည့် မြန်မာတွင် မိုင်းရူပသည် မြေပြင်မှ သတင်းဆက်လက် ပေးပို့နေဆဲ ရဲရင့်လွတ်လပ်သော သတင်းသမားအနည်းငယ်မှ တဦးဖြစ်သည်။
ရှမ်းပြည်နယ်မှ လက်ဖက်စိုက်ပျိုးမှု ကြွယ်ဝသည့် သမိုင်းကို ရည်ညွှန်းသည့် အမည်ဖြစ်သော ‘ရွှေဖီမြေ’ သတင်းဌာနမှ သူ၏လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် မိုင်းရူပသည် နိုင်ငံတွင်းတွင် ဆက်လက် လုပ်ကိုင်နေဆဲ လွတ်လပ်သော နောက်ဆုံးလက်ကျန် သတင်းဌာနတခုမှ သတင်းသမားတယောက်အဖြစ် လူသိရှင်ကြား ဖော်ထုတ်ခံရမည့် အန္တရာယ်ကြောင့် ကလောင်အမည်ဖြင့်သာ အသုံးပြုသည်ကို ပိုမိုလိုလားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ် ကျယ်ပြန့်လာပြီးနောက်တွင် မြန်မာမှ သတင်းသမား အများစု ထွက်ပြေးကြရသည်။ အချို့သည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယရှိ အခြေစိုက်အလုပ်ခန်းများမှ နယ်စပ်ဖြတ်ကျော် သွားရောက်ပြီး သတင်းတင်ပြမှု ဆက်လက် ပြုလုပ်ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ် ကျယ်ပြန့်လာပြီးနောက်တွင် မြန်မာမှ သတင်းသမား အများစု ထွက်ပြေးကြရသည်။ အချို့သည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယရှိ အခြေစိုက်အလုပ်ခန်းများမှ နယ်စပ်ဖြတ်ကျော် သွားရောက်ပြီး သတင်းတင်ပြမှု ဆက်လက် ပြုလုပ်ကြသည်။
သို့သော် မြန်မာဘာသာစကား သတင်းဌာနတခုဖြစ်သော ရွှေဖီမြေသည် ရှမ်းပြည်နယ်၏ တအာင်းလူမျိုးစု လူမှုအသိုက်အဝန်းတွင် အခြေခံပြီး မြေပြင်မှသတင်းများကို ဆက်လက်ဖော်ပြကာ များပြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဆယ်စုနှစ်များစွာ စစ်တပ်ကို တိုက်ခိုက်သည့်၊ တခါတရံ အချင်းချင်း ပဋိပက္ခဖြစ်သည့် မြန်မာမှဒေသတခုကို အထူးပြု သတင်းဖော်ပြသည်။

ပြည်သူများကို အသိပေးရန် တိုက်ပွဲဝင်ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ရွှေဖီမြေမှ သတင်းသမားများသည် အန္တရာယ်သစ်များကို ရင်ဆိုင်ကြရသည်။
ထိုနှစ်မတ်လတွင် အဆိုပါသတင်းဌာနမှ သတင်းသမား နှစ်ဦးသည် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွက် သတင်းယူရင်း အဖမ်းခံရမည့်အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ကြသည်။ နောင် နှစ်လကြာသောအခါ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးရှိ ၎င်းတို့၏ ရုံးကို စစ်သားများနှင့် ရဲများ ဝင်ရောက် စီးနင်းသောအခါ တဖွဲ့လုံး တိမ်းရှောင်ပုန်းအောင်းနိုင်ခဲ့ကြသည်။
ထိုနှစ် စက်တင်ဘာလတွင် စစ်တပ်သည် ရွှေဖီမြေသတင်းဌာနမှ ဗီဒီယိုသတင်းသမား လွေးအမ်ဖောင်းကို လှုံ့ဆော်မှုနှင့် သတင်းမှားဖြန့်ချိမှုများဖြင့် စွပ်စွဲဖမ်းဆီးသည်။ သူသည် ထောင်အတွင်းတွင် နှစ်နှစ်နီးပါး နေထိုင်ခဲ့ရသည်။ မီဒီယာကို စစ်တပ်၏ ဖြိုခွဲမှုအများအပြားအတွင်း သူအဖမ်းခံရပြီးနောက် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ရွှေဖီမြေသတင်းဌာနမှ ကျန်သတင်းသမားများ တကွဲတပြားစီဖြစ်ကုန်သည်။
နိုင်ငံအရှေ့ပိုင်း ရှမ်းပြည်မြောက်ပိုင်းတခွင်တွင် ပြန့်ကျဲရောက်ရှိကုန်ကြပြီးနောက် ထိုသတင်းအဖွဲ့သည် လုပ်ငန်းများ ဆက်လက်နိုင်ရေးအတွက် ကနဦးတွင် ရုန်းကန်ကြရသည်။ ၎င်းတို့သည် စစ်တပ်နှင့် ရင်ဆိုင်တွေ့ရနိုင်သည့် မြို့ပြဒေသများကို ရှောင်ကျဉ်ကြသည်။ နေ့စဉ်နေ့တိုင်းသည် သတင်းဆက်လက်တင်ပြရန် ရုန်းကန်ရသည့် အခြေအနေဖြစ်သည်။
“ကျမတို့တွေ လမ်းမကြီးတွေကို အသုံးမပြုနိုင်ဘဲ လမ်းကြိုလမ်းကြားကပဲ ခရီးသွားရတယ်” ဟု ရွှေဖီမြေမှ လက်ထောက် အယ်ဒီတာတဦးဖြစ်သူ လျားငြိမ်းက ပြောသည်။
“တခါတခါ တပတ်မှာ အလုပ်လုပ်ရက် လေးရက် ဒါမှမဟုတ် ငါးရက် ဆုံးရှုံးတယ်” ဟု ၎င်းကပြောသည်။
ထိုသို့သော အန္တရာယ်များရှိသော်လည်း ရွှေဖီမြေမှ ဂျာနယ်လစ်များသည် အများပြည်သူ သတင်းသိရေးအတွက် ၎င်းတို့ လုပ်ငန်းများကို ဆက်လက် လျှို့ဝှက်လုပ်ကိုင်ကြသည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇.၇ အဆင့်ရှိငလျင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ပြီး လူ ၃,၈၀၀ ကျော် သေဆုံးစေသောအခါ ရွှေဖီမြေမှ သတင်းသမားများသည် ငလျင်နောက်ပိုင်း အခြေအနေများကို နိုင်ငံအတွင်းမှ မှတ်တမ်းတင်နိုင်သည့် သတင်းသမားအနည်းငယ်တွင် ပါဝင်သည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇.၇ အဆင့်ရှိငလျင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ပြီး လူ ၃,၈၀၀ ကျော် သေဆုံးစေသောအခါ ရွှေဖီမြေမှ သတင်းသမားများသည် ငလျင်နောက်ပိုင်း အခြေအနေများကို နိုင်ငံအတွင်းမှ မှတ်တမ်းတင်နိုင်သည့် သတင်းသမားအနည်းငယ်တွင် ပါဝင်သည်။
စစ်တပ်သည် ခရီးသွားလာခြင်းနှင့် နေရေးထိုင်ရေး အခက်အခဲများကို အကြောင်းပြပြီး နိုင်ငံတကာသတင်းဌာန အများစုကို ငလျင်ဒဏ်ခံဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ကာ နိုင်ငံတွင်းတွင် လျှို့ဝှက် ဆက်လက် လုပ်ကိုင်နေသည့် ဒေသခံသတင်းထောက် အနည်းငယ်သည် ပြင်ပကမ္ဘာသို့ သတင်းရောက်ရေးအတွက် အကြီးအကျယ် စွန့်စားရသည်။

“အဲဒီသတင်းသမားတွေဟာ အမှန်တရားကို ဆက်လက် ဖော်ထုတ်ပြီး စစ်ကောင်စီက အသံတိတ်သွားအောင် အသည်းအသန် လုပ်နေတယ်ဆိုတဲ့ ပြည်သူ့အသံကို ကြားအောင် လုပ်ပေးတယ်” ဟု စစ်အာဏာသိမ်းမှုအလွန် မြန်မာ့မီဒီယာအခင်းအကျင်းကို သုတေသနလုပ်နေသည့် အောက်စဖို့ဒ် တက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒ ပညာရှင် သူသူအောင်က ပြောသည်။
ဒေါ်နယ်ထရမ့်၊ DOGE နှင့် လွတ်လပ်သော မြန်မာ့မီဒီယာကို ရန်ပုံငွေ ဖြတ်တောက်ခြင်း
ပြည်တွင်းစစ်နှင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများအပြင် မြန်မာသတင်းသမားများသည် ခြိမ်းခြောက်မှုသစ်တခုကိုလည်း ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဘီလျံနာလူယုံ အီလွန် မတ်စ်၏ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) သည် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို စတင်ဖျက်သိမ်းသည်။
USAID သည် ယူကရိန်းမှ မြန်မာအထိ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၃၀ ကျော်တွင် လွတ်လပ်သော မီဒီယာများကို ထောက်ပံ့ရေးနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းရေးအတွက် ဒေါ်လာ ၂၆၈ သန်းကျော် ခွဲဝေချထားပေးခဲ့သည်ဟု သတင်းလုပ်ငန်း အားပေးရေးအဖွဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ အဆိုအရ သိရသည်။
USAID ၏ ရန်ပုံငွေများကို ရပ်ဆိုင်းလိုက်ခြင်းသည် အဝေးရောက် မြန်မာသတင်းသမားများအတွက် ‘သေရေးရှင်ရေး အကျပ်အတည်း’ ကို မည်သို့ဖန်တီးလိုက်ကြောင်း The Guardian က ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည်။
မတ်လလယ်တွင် အိမ်ဖြူတော်က ကမ္ဘာ့မီဒီယာဆိုင်ရာ အမေရိကန် အေဂျင်စီ (USAGM) ၏ လုပ်ငန်းများကို အနည်းဆုံးအဆင့်အထိ လျှော့ချမည့်အစီအစဉ်ကို ကြေညာလိုက်သောအခါ ထိုအခြေအနေသည် ပိုမိုဆိုးရွားလာသည်။ USAGM သည် အမေရိကန်အသံ (VOA) နှင့် လွတ်လပ်သော အာရှအသံ (RFA) အပါအဝင် အခြား လုပ်ငန်းများကို ကြီးကြပ်ရသည်။ ထိုအသံလွှင့်ဌာန နှစ်ခုလုံးသည် မြန်မာတွင် သတင်းပံ့ပိုးပေးသည့် ထိပ်တန်း အသံလွှင့်ဌာနများ ဖြစ်သည်။
ဝန်ထမ်း ၉၀ ရာခိုင်နှုန်းကို အနားပေးပြီး တိဘက်၊ မြန်မာ၊ ဝီဂါနှင့် လာအို ဘာသာစကားများဖြင့် သတင်းထုတ်လွှင့်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း RFA က ကြေညာသည်။ VOA သည်လည်း အလားတူအခြေအနေနှင့် ရင်ဆိုင်နေရသည်။
VOA နှင့် RFA တို့က ထုတ်လွှင့်သည့် မြန်မာဘာသာအစီအစဉ်များ ဆုံးရှုံးခြင်းသည် ‘သတင်းအချက်အလက် လစ်ဟာမှု’ ကို ဖန်တီးပေးလိုက်ကြောင်း မြန်မာပြည်တွင်းနှင့် ပြည်ပတွင် အခြေစိုက်သည့် ပြည်တွင်းလွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ၁၆ ခု၏ ကွန်ရက် Burma News International (BNI) ၏ မန်နေဂျင်း ဒါရိုက်တာ တင်တင်ညိုက ပြောသည်။
မြန်မာ့လွတ်လပ်သော မီဒီယာကဏ္ဍသည် နိုင်ငံတကာအကူအညီကို အကြီးအကျယ် မှီခိုနေရပြီး ထိုအကူအညီသည် တစတစ လျော့ကျလာနေကြောင်း တင်တင်ညိုက ပြောသည်။

သမ္မတ ထရမ့်က စီစဉ်ပြီး မတ်စ်၏ DOGE က အကောင်အထည်ဖော်သည့် USAID ရန်ပုံငွေ ဖြတ်တောက်မှုများကြောင့် မြန်မာပြည်တွင်း သတင်းဌာန အများအပြားသည် ‘မှီခိုအားထားလောက်သော သတင်းအချက်အလက်များ’ ဆက်လက် တင်ပြရေးအတွက် ရုန်းကန်နေရကြောင်း ၎င်းကပြောသည်။
အချို့က ဝန်ထမ်းများကို အနားပေးပြီး အစီအစဉ်များလျှော့ချခြင်း၊ လုပ်ငန်းများဆိုင်းငံ့ခြင်း လုပ်ကြရသည်။
“လွတ်လပ်တဲ့ သတင်းမီဒီယာကို လျှော့ချခြင်းဟာ သတင်းမှားတွေကို စောင့်ကြည့်ဖို့၊ ကြိုတင်သတိပေးဖို့နဲ့ ဝါဒဖြန့်ချိရေးကို ရင်ဆိုင်ဖို့ စွမ်းရည်ကို ကျဆင်းစေပြီး နောက်ဆုံးမှာ ဒီမိုကရေစီလှုပ်ရှားမှုကို အားအင်ချိနဲ့စေတယ်” ဟု တင်တင်ညိုက ပြောသည်။
“လွတ်လပ်တဲ့ မီဒီယာက သတင်းတင်ပြဖို့ ပျက်ကွက်ရင် ကမ္ဘာတဝန်းက မူဝါဒချမှတ်သူတွေဟာ မြန်မာက အခြေအနေမှန်ကို မသိဘူး” ဟုလည်း ၎င်းကပြောသည်။
ဖမ်းဆီးခံရခြင်းနှင့် အသက်အန္တရာယ်ကိုပင် အမြဲတမ်း စိုးရိမ်နေခြင်း
လက်ရှိအချိန်အထိ မြန်မာမှ သတင်းသမား ၃၅ ဦးသည် ထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး တရုတ်နှင့် အစ္စရေးပြီးလျှင် သတင်းသမားများကို ထောင်ချသည့် ကမ္ဘာ့တတိယ အများပြားဆုံးနိုင်ငံဖြစ်သည်ဟု သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဖော်ပြသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၆၉ ရှိသည်။
“မြေပြင်က သတင်းသမားတွေက အဖမ်းခံရမှာ ဒါမှမဟုတ် အသက်အန္တရာယ်ကိုတောင်မှ အမြဲတမ်း စိုးရိမ်မှုနဲ့ အလုပ်လုပ်နေရတယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။
“မြေပြင်က သတင်းသမားတွေက အဖမ်းခံရမှာ ဒါမှမဟုတ် အသက်အန္တရာယ်ကိုတောင်မှ အမြဲတမ်း စိုးရိမ်မှုနဲ့ အလုပ်လုပ်နေရတယ်” ဟု တင်တင်ညိုက ပြောသည်။
“စစ်ကောင်စီက မီဒီယာနဲ့ သတင်းသမားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံတယ်။ အထူးသဖြင့် သတင်းမရအောင် နှုတ်ပိတ်ဖို့ သူတို့ကို ပစ်မှတ်ထားတယ်” ဟု ၎င်းကပြောသည်။
ထိုသို့သော အန္တရာယ်များရှိသော်လည်း ရွှေဖီမြေသည် မြန်မာနိုင်ငံတွင်းမှ ဖြစ်ရပ်များအပေါ် သတင်းများ ဆက်လက် တင်ပြနေသည်။

မြန်မာနိုင်ငံမှ လူအများစု သတင်းရယူသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းဖြစ်သည့် Facebook တွင် ကြည့်ရှုသူ ၁ သန်းဖြင့် ရွှေဖီမြေ၏ သတင်းဖော်ပြမှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ကျယ်ပြန့်လာသော ပြည်တွင်းစစ်မှ စတင်ပြီး ပိုမိုအရေးပါလာသည်။
၂၀၁၉ ခုနှစ်က လားရှိုးတွင် ထူထောင်ခဲ့သော ရွှေဖီမြေသတင်းဌာနသည် ဆယ်စုနှစ်တခုကြာသည့် နိုင်ငံရေး လမ်းဖွင့်ပေးသောကာလအတွင်း ပေါ်ပေါက်လာသည့် သတင်းဌာန တဒါဇင်ခန့်တွင် ပါဝင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး လမ်းဖွင့်ပေးသောကာလသည် စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နိုင်ငံတကာအထီးကျန်မှု ရာစုဝက်မှ လွတ်မြောက်လာသည့် ၂၀၁၁ ခုနှစ်မှ စတင်သည်။
စစ်တပ်သည် နိုင်ငံရေးလွတ်လပ်ခွင့်များ ခွင့်ပြုရန် သဘောတူသောကြောင့် ကျယ်ပြန့်သည့် မူဝါဒပြုပြင်ပြောင်းလဲရေးများအကြား မထုတ်ဝေမီ ဆင်ဆာတည်းဖြတ်ခြင်းကို ၂၀၁၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ထိုစဉ်က ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ ဧရာဝတီနှင့် မဇ္ဈိမ ကဲ့သို့သော သတင်းဌာနများအတွက် အဝေးတွင် နေထိုင်လုပ်ကိုင်သည့် သတင်းသမားများ သတိကြီးကြီးထားကာ မြန်မာပြည်သို့ ပြန်သွားခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံ၏ အခြေတည်စ သတင်းလွတ်လပ်ခွင့်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်းအတွင်း ဖိအားပေးခံလာရသည်။ NLD အစိုးရသည် စစ်တပ်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် ၂၀၁၆ ခုနှစ်တွင် အာဏာရလာသည်။
(အရေးကြီးသော အစိုးရဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်မှု ရှိနေသည့်) ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် သတင်းသမားများကို ထောင်ချပြီး လွတ်လပ်သော သတင်းမီဒီယာများ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံရေးအရ အထိမခံသည့် ဒေသများသို့ သွားရောက်ခွင့်မပေးပေ။ ရခိုင်ပြည်နယ်တွင် စစ်တပ်သည် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းကို လူမျိုးစု ရှင်းလင်းရေး ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ထိုကိစ္စအတွက် စစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာစွဲချက်များကို ယခုအခါ ရင်ဆိုင်နေရသည်။
လွတ်လပ်သော သတင်းသမားများအတွက် အခြေအနေသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြီးအကျယ် ဆိုးရွားလာသည်။ ဗိုလ်ချုပ်များ စစ်အာသိမ်းခြင်းကို ဆန့်ကျင်သည့် ငြိမ်းချမ်းသောဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲသောအခါ စစ်တပ်သည် အင်တာနက်ကို ကန့်သတ်ပြီး မီဒီယာလိုင်စင်များ ပြန်လည်ရုတ်သိမ်းကာ သတင်းသမား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးသည်။ ထိုအကြမ်းဖက်မှုသည် နိုင်ငံတဝန်းတွင် လက်နက်ကိုင်အုံကြွမှု ဖြစ်စေခဲ့သည်။
‘ကျနော်တို့ ရပ်လိုက်ရင် ဒီပြဿနာတွေကို ဘယ်သူ ဆက်လက်ဖြေရှင်းမလဲ’
စစ်အာဏာသိမ်းပြီးနောက် အခြေအနေ တစတစ ယိုယွင်းလာသောကြောင့် ရွှေဖီမြေသည် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် စဉ်းစားခဲ့သေးသော်လည်း သတင်းဌာနကို စီမံသူများက နိုင်ငံတွင်းတွင်သာ ဆက်လက် နေထိုင်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် အခြေအနေ တစတစ ယိုယွင်းလာသောကြောင့် ရွှေဖီမြေသည် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် စဉ်းစားခဲ့သေးသော်လည်း သတင်းဌာနကို စီမံသူများက နိုင်ငံတွင်းတွင်သာ ဆက်လက် နေထိုင်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။
“ကျနော်တို့ရဲ့ဆန္ဒက ကျနော်တို့နိုင်ငံမှာ ဆက်နေဖို့ပဲ” ဟု မိုင်းနော်ဒန်က ပြောသည်။ သူသည် မကြာသေးမီကအထိ မြန်မာမှ အင်္ဂလိပ်သို့ ပြန်ဆိုသည့် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
“ကျနော်တို့ရဲ့ အမြင်က သတင်းယူဖို့နဲ့ ပုံတွေရိုက်ကူးဖို့ ကျနော်တို့ ဒီမှာရှိဖို့လိုတယ် ဆိုတာပဲ” ဟု ၎င်းက ပြောသည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မဟာမိတ်အဖွဲ့တခုက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မှ စစ်စခန်များကို အလစ်အငိုက် တိုက်သောအခါ ၎င်းတို့၏လုပ်ငန်း အရှိန်အဟုန်သစ် ရလာသည်။
ထိုထိုးစစ်သည် မြန်မာပဋိပက္ခတွင် အဓိကကျပြီး ထိုးစစ်ကြောင့် နယ်မြေ အကြီးအကျယ် ဆုံးရှုံးရသော စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ၊ ဆင့်ကွဲဗုံးများ၊ အမြောက်များနှင့် ပစ်ခတ်ခြင်းတို့ဖြင့် လက်စားချေသည်။ ထိုတိုက်ပွဲကြောင့် နှစ်လအတွင်း လူ ၅ သိန်း နေရပ်စွန့်ခွာ ထွက်ပြေးရသည်။
ရှမ်းပြည်မြောက်ပိုင်းကို ပြင်ပသတင်းသမား အနည်းငယ်သာ ချဉ်းကပ်ခွင့်ရခြင်းနှင့်အတူ ရွှေဖီမြေသည် ထိုအကျပ်အတည်းကို သတင်းဖော်ပြရန် ထူးခြားသော အနေအထားတွင် ရှိနေသည်။
ထို့နောက် နိုဝင်ဘာလတွင် အတည်ပြုခဲ့သော USAID ရန်ပုံငွေများ ဆက်လက် ပေးပို့တော့မည် မဟုတ်ကြောင်း အကြောင်းကြားစာကို ယခုနှစ် ဇန်နဝါရီလတွင် ရွှေဖီမြေက လက်ခံရရှိခဲ့ပြီး ထိုအချိန်မှစတင်၍ ကွင်းဆင်းသတင်းတင်ပြခြင်း လျှော့ချကာ လေ့ကျင့်သင်တန်းပေးမှုများ ဖျက်သိမ်းပြီး ဗီဒီယိုသတင်းထုတ်လုပ်မှု လျှော့ချရသည်။
“စစ်ပွဲကြောင့် ပြည်သူတွေကို ဘယ်လို ထိခိုက်စေလဲဆိုတာကို သတင်းဖော်ပြဖို့ ကျနော်တို့ စွန့်စားပေမယ့် ကျနော်တို့ အားထုတ်မှုတွေကို အသိအမှတ်မပြုကြဘူး” ဟု အယ်ဒီတာချုပ် မိုင်းရူကောက ပြောသည်။
“မြေပြင်မှာ ခိုင်မာတဲ့ လူသားရင်းမြစ်အခြေခံ ရှိတာတောင်မှ ကျနော်တို့ အလုပ်ဆက်လုပ်ဖို့ ရန်ပုံငွေ ရရှိရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်” ဟု ၎င်းကပြောသည်။
ဝန်ထမ်းအစည်းအဝေးများတွင် မိုင်းရူကောသည် ရွှေဖီမြေကို ပိတ်ပစ်ရမည့်ဖြစ်နိုင်ခြေကို သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးခဲ့သည်။
ထိုလုပ်ဖော်ကိုင်ဖက်များ၏ တုံ့ပြန်မှုမှာ ငွေကုန်ခန်းသွားစေကာမူ ဆက်လက် လုပ်ကိုင်ရန်ဖြစ်သည်။
“ကျနော်တို့က ကျနော်တို့ကိုယ် ကျနော်တို့ အမြဲတမ်းမေးတယ်။ ငါတို့ ရပ်လိုက်ရင် ဒီပြဿနာတွေကို ဘယ်သူ ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပဲ” ဟု ၎င်းကပြောသည်။
“အဲဒီမေးခွန်းက ကျနော်တို့ကို ရှေ့ဆက်ချီတက်နေစေတယ်” ဟုလည်း ရွှေဖီမြေ အယ်ဒီတာချုပ် မိုင်းရူကောက ပြောသည်။
(Al Jazeera ပါ Emily Fishbein နှင့် HpanJa Brang တို့၏ Reporting from behind shifting front lines in Myanmar’s civil war ကို ဘာသာပြန်သည်။)
You may also like these stories:
အရပ်သားသတ်ဖြတ်မှု သတင်းတွေ ‘သတင်းတု’ လို့ မင်းအောင်လှိုင် ပြော
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)
သတင်းစာလွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိ
မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်
ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်
အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)
လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဆက်ရှင်သန်ဖို့လိုတယ် (ရုပ်/သံ)
အာဏာရှင်ကြောက်တဲ့ သတင်းမီဒီယာ (ရုပ်/သံ)














