တက်စ်လာ (Tesla) ကုမ္ပဏီက ထုတ်လုပ်တဲ့ Robotaxi စမ်းသပ်မှုကို ဇွန်လကုန်မှာ ပြုလုပ်သွားဖို့ ရှိကြောင်း အီလွန်မတ်စ် က ပြောကြားလိုက်ပါတယ်။
ကာလကြာရှည် အကောင်အထည် မဖော်နိုင်သေးတဲ့ သူတို့ရဲ့ Robotaxi ဝန်ဆောင်မှု အတွက် စမ်းသပ်မှု ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။
အမေရိကန် စည်းမျဉ်း ထိန်းသိမ်းရေး အဖွဲ့ထံကနေ လုံခြုံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှုတွေ ရင်ဆိုင်နေရတဲ့ ကြားထဲက အခုလို စမ်းသပ်မှုကို Texas ပြည်နယ် အော်စတင် (Austin) မြို့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာလို့လည်း ဆိုပါတယ်။
အော်စတင် မြို့ရဲ့ နေရာတချို့မှာ မောင်းသူမဲ့ ကား ၁၀ စီးခန့်ကို မောင်းနှင်စေမှာ ဖြစ်ပြီး နောက်လ အနည်းငယ်အတွင်း အစီးရေ ၁၀၀၀ ခန့်ထိ တိုးမြှင့်သွားမယ်လို့ အင်္ဂါနေ့က အင်တာဗျူးတခုမှာ အီလွန်မတ်စ်က ပြောလိုက်တာပါ။
“အော်စတင် တမြို့လုံး မဟုတ်ဘဲ အလုံခြုံဆုံး နေရာတွေမှာ တကယ် စတင်သွားတော့မှာပါ” လို့ အီလွန်မတ်စ်က ပြောပါတယ်။
ပြိုင်ဆိုင်မှုတွေ များပြားလာတာကြောင့် တက်စ်လာရဲ့ ကမာ္ဘလုံးဆိုင်ရာ ရောင်းအား ကျဆင်းလာပြီး CEO အီလွန်မတ်စ် ဟာလည်း သူ့ရဲ့ လက်ယာယိမ်း နိုင်ငံရေး အမြင်တွေနဲ့ သမ္မတ ဒေါ်နယ်ထရမ့် အတွက် အလုပ်လုပ်ပေးမှုတွေကြောင့် တုံ့ပြန်မှုတွေ ရင်ဆိုင်နေရပါတယ်။
အီလွန်မတ်စ်က အစိုးရ အလုပ်တွေကို လျှော့ချပြီး တက်စ်လာကို ပိုအာရုံစိုက်မယ် လို့လည်း ပြောထားပါတယ်။
အီလွန်မတ်စ်ဟာ တက်စ်လာရဲ့ လမ်းကြောင်းကို ဈေးသက်သာတဲ့ လျှပ်စစ်ကားတွေ ထုတ်မယ့်အစား Robotaxi တွေနဲ့ Optimus humanoid robots တွေ ထုတ်လုပ်ဖို့ ပြောင်းလဲလိုက်တာကြောင့် အခု စမ်းသပ်မှု အောင်မြင်ဖို့ဟာ တက်စ်လာ အတွက် အလွန် အရေးကြီးကြောင်း ဆိုပါတယ်။

တက်စ်လာရဲ့ တန်ဖိုးတွေဟာလည်း အဆိုပါ စမ်းသပ်မှု အပေါ် အများကြီး မှီခိုနေတယ်လို့ ဆိုထားပါတယ်။
“ရေရှည်မှာ အရေးကြီးတဲ့ အရာတွေက အလိုအလျောက် စနစ်နဲ့ Optimus တွေပဲ” လို့ အီလွန်မတ်စ်က ပြောပါတယ်။
မောင်းသူမဲ့ ယာဉ် နည်းပညာဟာ စည်းမျဉ်း တင်းကျပ်မှုတွေနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် စီးပွားဖြစ် ထုတ်ဝေဖို့ ခက်ခဲပြီး ကုမ္ပဏီများစွာကို လက်လျှော့သွားစေတယ်လို့ သိရပါတယ်။
Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Waymo အပါအဝင် ဒီနည်းပညာကို ဆက်ကြိုးစားနေတဲ့ ကုမ္ပဏီတွေဟာလည်း များပြားတဲ့ စစ်ဆေးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အမျိုးသား အဝေးပြေး ယာဉ်ကြော လုံခြုံရေး အဖွဲ့ဟာ အောက်တိုဘာ လက စတင်ပြီး လမ်းကြောင်းအမြင် ရှင်းလင်းမှု အားနည်းတဲ့ အချိန်တွေမှာ အဆင့်မြင့် အလိုအလျောက် မောင်းအကူစနစ် ပါဝင်တဲ့ တက်စ်လာ ကားတွေရဲ့ ယာဉ်တိုက်မှုတွေကို စုံစမ်း စစ်ဆေးနေတယ် လို့လည်း သိရပါတယ်။
အမေရိကန် ယာဉ်ကြော လုံခြုံမှု စည်းမျဉ်း ထိန်းသိမ်းရေး အဖွဲ့က ရာသီဥတု မကောင်းတဲ့ အချိန်မှာ Robotaxi တွေ ဘယ်လို မောင်းနှင်မှာလဲ ဆိုတဲ့ မေးခွန်းတွေကို အဖြေပေးဖို့ တက်စ်လာထံ ပြီးခဲ့တဲ့ အပတ်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
“Robotaxi တွေမှာ အသုံးပြုမယ့် မောင်းသူမဲ့ စနစ် ဆော့ဖ်ဝဲကို လိုင်စင်ယူပြီး အသုံးပြုခွင့်ပေးဖို့ တခြား ကားကုမ္ပဏီ ကြီးတွေ နဲ့ ဆွေးနွေးနေတယ်” လို့လည်း အီလွန် မတ်စ်က ပြောထားပါတယ်။
Ref : Reuters














