မဟာ အလက်ဇန္ဒား (၃၅၆ ဘီစီ – ၃၂၃ ဘီစီ) ၁၂၃ – ၁၂၇
ALEXANDER THE GREAT (356 B.C. – 323 B.C.)
ကျနော်တို့ စုံစမ်းသိသမျှကို ပြောရရင် သူက ပါရှကို ဂရိ (Greek)၊ မဆီဒုံ (Macedon) နဲ့ အရည်တူ မိတ်ဖက် လုပ်ပေးမယ်လို့ သိရတယ်။
ဒီအတိုင်း လုပ်ချင်လို့ ပါရှ အမျိုးသားတွေကို သူ့တပ်မတော်ထဲ ဝင်ရောက် အမှုထမ်းခွင့် ပေးခဲ့တယ်။
“အရှေ့ အနောက် လက်ထပ်ပွဲ” (The Marriage of East and West) ပွဲသဘင်ကြီးကို ခင်းကျင်းပါတယ်။ တကယ်လည်း မဆီဒုံ တပ်သား ထောင်ပေါင်းများစွာကို အာရှအမျိုးသမီးတွေနဲ့ လက်ထပ်ပေးတယ်။
သူကိုယ်တိုင်ကလည်း စောစောက အာရှမင်းသမီး တပါးကို ယူပြီး ဖြစ်ပေမယ့် ဒရိုင်းယပ်စ်ရဲ့ သမီးနဲ့ လက်ထပ်ပါတယ်။
အလက်ဇန္ဒားဟာ ပြန်လည် ဖွဲ့စည်းတဲ့ တပ်မတော်နဲ့ ဆက်လက် တိုက်ခိုက်ပြီး နယ်မြေ သိမ်းသွင်းဦးမယ် ဆိုတာ သိလောက်ပါတယ်။
အာရေးဘီယား (Arabia) ကို ဝင်တိုက်မယ်။ ပါရှ အင်ပိုင်ယာ (Persia Empire) နဲ့ မြောက်ပိုင်းကို ဝင်တိုက်ခိုက်ဖို့ မှန်းတယ်။
အိန္ဒိယကို နောက်တကြိမ် သွားတိုက်ချင်သေးတယ်။ ရောမ (Rome) ကာသေ့ချ် (Carthage) နဲ့ အနောက် မြေထဲပင်လယ် (Western Mediterranean) လည်း တိုက်မယ်၊ ဆိုသလို လျာထားချက်တွေ ရှိမှာပါ။
နောက်ထပ် တိုက်စရာကုန်မှ ရပ်မယ့် သဘောပါပဲ။
ဘေဘီလွန် (Babylon) မှာ ရှိခိုက် ၃၂၃ ဘီစီ ဇွန်လဦးမှာ အလက်ဇန္ဒား ရုတ်တရက် ဖျားပြီး ဆယ်ရက်ကြာတော့ သေဆုံးပါတယ်။ အသက် ၃၃ နှစ်တောင် မပြည့်သေးပါ။
အလက်ဇန္ဒားက ဘယ်သူ့ကို ထီးမွေနန်းမွေ ပေးပြီး ဆက်ခံစေလို့ မှာထားချက် မရှိပါ။
ဒီတော့ သူသေဆုံးပြီး မကြာမီ အာဏာ လုကြပါတော့တယ်။
ဒီပွဲမှာ အလက်ဇန္ဒားရဲ့မယ်တော်၊ ကြင်ယာတော်တွေနဲ့ သားသမီး အားလုံး အသတ်ခံကြရပါတယ်။ သူ့ အင်ပါယာကို သူ့ တပ်မှူး ဗိုလ်ချုပ်ကြီးတွေက တပိုင်းစီ ကြုံသလို ခွဲယူလိုက်ကြပါတယ်။
အလက်ဇန္ဒားဟာ တကြိမ်တခါမျှ စစ်မရှုံးဘူးပါ။
ငယ်ငယ်နဲ့ပဲ သေတယ်။ မသေရင် ဘာတွေဖြစ်မလဲလို့ မှန်းဆတွေးတော ငြင်းခုံကြပါတယ်။

တကယ်လို့သာ မြေထဲပင်လယ် အနောက်ခြမ်းကို ဝင်ဖြစ်ရင် နိုင်မှာသေချာတယ်။ ဒီလိုဆိုရင် အနောက် ဥရောပ ရဲ့သမိုင်းဟာ အခုနဲ့မတူဘဲ အများကြီး ကွာခြားသွားမှာ ဖြစ်တယ်။
ဒီလိုပြောတာက မှန်းဆချက်ပဲ ဖြစ်လို့ ဘယ်လောက်ပဲ စိတ်ဝင်စားစရာ ဖြစ်ဖြစ် အလက်ဇန္ဒားရဲ့ တကယ့် သြဇာ သက်ရောက်ပုံကို နှိုင်းချိန် တွက်ချက်တဲ့ အခါ ထည့်သွင်း စဉ်းစားစရာ မဟုတ်ပါ။
သမိုင်းမှာ အလက်ဇန္ဒားဟာ သိပ်ပြီး ပြကွက်ကောင်းတဲ့ ဇာတ်ကောင်လို့ ဆိုနိုင်ပါတယ်။ သူ့ဘဝ၊ သူ့ဟန်၊ သူ့စရိုက် တွေဟာ အံ့သြမကုန်နိုင်အောင် ရှိပါတယ်။
တကယ့် အဖြစ်အပျက်တွေ ထူးခြားတဲ့ အထဲမှာ သူနဲ့ပတ်သက်ပြီး ပုံပြင် (Legends) တွေကလည်း အများကြီး ပေါ်လာတယ်။ ခေတ် အဆက်ဆက် မပေါ်ဘူးသေးတဲ့ အကြီးကျယ်ဆုံး စစ်ဗိုလ်ချုပ် ဖြစ်လိုတယ်၊ ဖြစ်တယ်။
ဒီလိုဘွဲ့နဲ့ တကယ်လည်း ထိုက်တန်တယ်။
သူတိုက်ခိုက်ပုံကို လေ့လာရင် အစွမ်းနဲ့ သတ္တိကို တကယ် ပိုင်အောင်တွဲနိုင်သူ ဖြစ်တယ်။ ဗိုလ်ချုပ်ထဲမှာ သူက အခေါင်အထွတ်၊ ၁၁ နှစ်လုံးလုံး စစ်တိုက်တာမှာ တပွဲမှ သူမရှုံးပါ။
တဖက်က ကြည့်ပြန်ရင် အရစ္စတိုတယ်လို ဆရာနဲ့ စာပေ သင်ကြားခဲ့ရလို့ စာပေဉာဏ် ထက်သန်သူ ဖြစ်တယ်။ ဟိုးမားရဲ့ကဗျာတွေကို နှစ်သက် လေးစားတယ်။
ဂရိ မဟုတ်ရင် လူကြမ်းလို့ သူမယူဆဘူး လို့လည်း သိရတယ်။ သူ့ခေတ်က ဂရိတွေထက် သူက အမြင် (Vision) သာတယ်။
တဖက်က ပြောစရာရှိတာက သူဟာ အရှည်အဝေး ကြိုတင် တွေးခေါ်တဲ့နေရာမှာ အံ့သြစရာ ကောင်းလောက်အောင် ချွတ်ယွင်း နေပါတယ်။
စစ်ပွဲမှာ သေသေကြေကြေ စွန့်ဝံ့သူဟာ သေဖို့ အင်မတန် နီးစပ်တယ်။
ဒါနဲ့တောင် “ငါသေရင် ဘယ်သူ ဆက်ခံစေ” လို့ ပြောမသွားဘူး။
ဒါကြောင့်လည်း သူ့အင်ပါယာဟာ သူသေပြီး မကြာခင် ပြိုကွဲ သွားရပါတယ်။
အလက်ဇန္ဒားနဲ့ ဆက်ဆံရတာ အင်မတန်ပြေပြစ် နှစ်သက်စရာ ဖြစ်ပါတယ်လို့ ကျော်ကြားတယ်။ သူ့ဘက်က အလျှော့ ပေးပြီး ညှိနှိုင်းလိုစိတ် ရှိတယ်။ စစ်ရှုံးသူတွေ အပေါ်မှာ သက်ညှာတယ်။
တဖက်မှာ ငါဆိုတဲ့ မာနစွဲ ကြီးတယ်။ ဒေါသ ကြီးတယ်လို့ သိရပြန်တယ်။

အရက်မူးပြီး အပြင်းအထန် ငြင်းကြတော့၊ တခါက သူ့အသက်ကို ကယ်ဖူးတဲ့ သိပ်ရင်းနှီးတဲ့ ကလိုင်းတပ်စ် (Cleitus) ကို သတ်ပစ်တယ်။
နပိုလီယန် (Napolean)၊ ဟစ်တလာ (Hitler) တို့လို သူနဲ့ သက်တူရွယ်တူတွေ အပေါ်မှာ အလက်ဇန္ဒားက သိပ်လွှမ်းမိုး နိုင်တယ်။
သူက အသက်တိုတာနဲ့ ဟိုခေတ်က သွားလာ ဆက်ဆံရေး ခက်ခဲတာတွေကြောင့် သူ့သြဇာ သက်ရောက်တဲ့ အတိုင်းအတာ နယ်ကျဉ်းပါတယ်။
ရေရှည်မှာ အထူးအရေးပါတဲ့ အလက်ဇန္ဒားရဲ့ဆောင်ရွက်ချက်က ဂရိနဲ့ အနောက်အာရှ ယဉ်ကျေးမှုတွေကို ရင်းနှီး ဆက်သွယ် မိအောင် တွဲပေးခဲ့လို့ နှစ်ဖက်စလုံးရဲ့ဓလေ့တွေမှာ အများကြီး အကျိုးရှိခဲ့တယ်။
အလက်ဇန္ဒား အသက်ရှိစဉ် အခါနဲ့ သူသေပြီး မကြာမီကာလ အတွင်း ဂရိ ဓလေ့ဟာ အီရန်၊ မက်ဆိုပိုတေးမိယ (Mesopotamia)၊ ဆီးရီးယား (Syria)၊ ဂျူးဒ (Judea) နဲ့ အီဂျစ် (Egypt) နိုင်ငံတွေမှာ အမြန်ဆုံး ကူးစက် ပျံ့ပွား သွားပါတယ်။
သူမပေါ်မီ ဒီဒေသတွေကို ဂရိဓလေ့ အရောက်နှေးတယ်။ ဂရိ အမူအကျင့်တွေဟာ အရင်က အိန္ဒိယနဲ့ ဗဟိုအာရှကို မရောက်ခဲ့ဘူးပေမယ့် အခု ရောက်သွားပါပြီ။
ဒီနေရာမှာ ဓလေ့ဆိုင်ရာ သြဇာ (Cultural influence) ဆိုတာ တလမ်းသွား (One way traffic) မဟုတ်၊ အပြန်အလှန် အကျိုးပြုတယ်။
ဟယ်လင်နစ်ခေတ် (Hellenistic Age) ဆိုတဲ့ (အလက်ဇန္ဒား နောက် ကပ်လျက် ရောက်လာတဲ့ ရာစုနှစ် အတွင်းမှာပဲ) အထူးသဖြင့် အရှေ့တိုင်းရဲ့ကိုးကွယ် ယုံကြည်မှု အယူအဆတွေ (Religious ideas) ဟာ ဂရိကမာ္ဘ (Greek World) ကို ရောက်လာပါတယ်။
ဒီဟယ်လင်နစ် ဓလေ့ဟာ အရင်းမူလ ဂရိ ဖြစ်ပေမယ့် အရှေ့တိုင်း သြဇာ (Oriental influence) အများကြီး ပါဝင်နေတယ်။ အဲဒီဓလေ့ပဲ ရောမ အထိ သက်ဆင်း ပျံ့နှံ့ခဲ့ပါတယ်။
အလက်ဇန္ဒား တသက်မှာ မြို့သစ်ကြီး ၂၀ ကျော် တည်ထောင်ပေးခဲ့တယ်။ နာမည် အကြီးဆုံးမြို့က အီဂျစ် (Egypt) မှာ အလက်ဇန္ဒြီးယား (Alexandria) ဖြစ်တယ်။
မကြာမီ ကမာ္ဘမှာ အရေးပါတဲ့ ရှေ့ဆောင် မြို့ကြီးတမြို့ ဖြစ်လာပါတယ်။ စာပေပညာနဲ့ ဓလေ့ (Learning and culture) အတွက် ဗဟိုဌာနကြီး ဖြစ်လာပါတယ်။
နောက်ဆက်ပြောရမယ့် မြို့တော်သစ်တွေက အာဖဂန်နစ္စတန်မှာ ဟာရန် (Heran) နဲ့ ကန်ဒါဟာ (Kandahar) ဖြစ်တယ်။ အရေးပါတဲ့ မြို့တော်ကြီးတွေ ဖြစ်လာပါတယ်။
အလက်ဇန္ဒား၊ နပိုလီယန် နဲ့ ဟစ်တလာ တို့ဟာ ခြုံပြီး သြဇာ သက်ရောက်ပုံ နီးနီးစပ်စပ် တူပါတယ်။
ဒါပေမယ့် အလက်ဇန္ဒား ရဲ့ သြဇာဟာ ဟိုနှစ်ယောက် သြဇာထက် ပိုမိုပြီး တာရှည်မယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် အလက်ဇန္ဒားကို ဒီစာအုပ်မှာ သူတို့ အထက်က နေရာပေးလိုက်တာ ဖြစ်ပါတယ်။
သူတို့က လုပ်ဆောင်ချက် ပိုများပေမယ့် သြဇာ အလေးအနက် ကြာရှည်မခံပါ။ ။
3, October, 2000.
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)
You may also like these stories: