စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ ကျောင်းနေအရွယ် ကလေး ၂၂ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုသည်။
မေ ၁၂ ရက် နံနက်တွင် ဂျက်တိုက်လေယာဉ်တစီးသည် ကလေးငယ် ၁၀၀ ခန့် ပညာသင်ကြားနေသည့် အိုးတိန်တွင်းကျေး ရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့သည်။
၇ နှစ်ထိငယ်သူများ အပါအဝင် ကလေး ၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။
ကျောင်းဝတ်စုံဖြင့် သွေးထွက်သံယိုဖြစ်နေသည့် ကလေးများ၏ ဓာတ်ပုံများ၊ ပြတ်တောက်သွားသော ကိုယ်အင်္ဂါအစိတ် အပိုင်းများနှင့် ပျက်စီးသွားသည့် အဆောက်အအုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ပြီး ထိုင်းပါလီမန်အမတ်တဦးက မြန်မာ့ငြိမ်းချမ်း ရေးအားထုတ်မှုတွင် ထိုင်းအစိုးရ ဦးဆောင်ရန် တိုက်တွန်းပြီးနောက် စစ်ကောင်စီက ထိုတိုက်ခိုက်မှုအတွက် တာဝန်ခံရန် ငြင်းဆန်သည်။
တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ကို မထောက်ခံသည့်ရွာများအား တိုက်ခိုက်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး မီဒီယာများက သတင်းတုများ ဖြန့်သည်ဟု စစ်တပ်ဝါဒဖြန့် သတင်းစာများ၌ စွပ်စွဲထားသည်။
သို့သော် ထိုဒေသကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်မှာ နှစ်ချီပြီဖြစ်ကြောင်းနှင့် ယင်းကျောင်းအား လူထုထောက်ခံမှုဖြင့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စီမံကြောင်း ဒေသခံများက ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစီးက ပြုလုပ်ကြောင်း အိုးတိန်တွင်း ကျေးရွာသား များက မီဒီယာသို့ ပြောသည်။ လေယာဉ်သံလာပြီး မကြာမီ ပေါက်ကွဲမှုဖြစ်ပြီး ထွက်ပြေးရန် အချိန်မရကြောင်း မျက်မြင် သက်သေများက ဧရာဝတီသတင်းဌာနကို ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် သူပုန်များကို ပစ်မှတ်ထားကြောင်း စစ်ကောင်စီထောက်ခံသူများနှင့် ဝါဒဖြန့်မီဒီယာများက လူမှုကွန်ရက်တွင် ပြောဆိုကြသလို ယင်းပေါက်ကွဲမှုအား ကျောင်းတွင် မြေမြှုပ်မိုင်းစမ်းသပ်နေသည့် တော်လှန်ရေး အင်အားစုများက ဖြစ်စေသည်ဟု ဆိုပြန်သည်။
လက်လုပ်မိုင်းတခုသည် လူ ၂၂ ဦး သေဆုံးပြီး အခြားသူ ၅၀ ကို ဒဏ်ရာမရစေနိုင်ကြောင်း အခြားသူများက စောဒက တက်ကြသည်။
ဓာတ်ပုံနှင့် မျက်မြင်သက်သေ အထောက်အထားများ ရှိသော်လည်း ဗုံးဒဏ်ခံရသူများသည် အစစ်အမှန်များ မဟုတ်နိုင် သို့မဟုတ် သေဆုံးမှုများကို အတုပြုလုပ်ထားခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူများက ပြောပြန်သည်။
နွေရာသီအားလပ်ရက်တွင် ကျောင်းဖွင့်မထားသင့်ကြောင်း အချို့ကပြောပြီး ပဋိပက္ခဇုန်များ၌ မတည်ငြိမ်မှုကြောင့် ကျောင်းများကို ပြောင်းလဲရန်လွယ်ကူသည့် အစီအစဉ်ဖြင့် သင်ကြားရသည်ဆိုသည့်အချက်ကို လျစ်လျူရှုသည်။
မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှ တိုက်လေယာဉ်တစီးက ထိုကျောင်းကို ပစ်မှတ်ထားခဲ့ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။ ဗုံးအခွံများက ဆင့်ကွဲဗုံးပေါက်ကွဲစေသည့် ကလပ်စတာဗုံး ၂ လုံး သုံးခဲ့ကြောင်း ပြသနေသည်ဟု ထိုအစီရင်ခံစာ၌ ဖော်ပြသည်။
လွန်ခဲ့သော ၄ နှစ်အတွင်း စစ်ကောင်စီသည် မရေတွက်နိုင်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်နေ သော်လည်း ရာဇဝတ်မှုတခုခု ကျူးလွန်သောကြောင့် ပြစ်တင်ရှုတ်ချခံရသောအခါ ၎င်းတို့၏အမှားများကို ဖုံးကွယ်ရန် သတင်းတုများ ဖန်တီးလေ့ရှိသည်။
ထိုရာဇဝတ်မှုများအနက် တခုတွင် စစ်ကောင်စီတပ်များသည် သက်ကြီးဝါကြီး ဆရာတော်တပါးကို မန္တလေး တံတားဦး လေဆိပ်အနီး လွန်ခဲ့သောနှစ်က ပစ်သတ်ခဲ့သည်။ စစ်ကောင်စီမှ တော်လှန်ရေးအင်အားစုများကို အပြစ်တင်သော်လည်း ထိုဆရာတော်နှင့်အတူရှိနေခဲ့သည့် အခြားဆရာတော်တပါးက အဖြစ်မှန်ကို ထုတ်ဖော်ပြီးနောက်ပိုင်း ယင်းပစ်ခတ်မှုအား တရားဝင် ဝန်ခံသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးမှုအများဆုံး တိုက်ခိုက်မှုများအနက်တခုဖြစ်သော ၂၀၂၃ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုသည် ကလေးငယ် ၃၄ ဦး အပါအဝင် အနည်း ဆုံး ၁၆၅ ဦး သေဆုံးစေပြီး အလောင်းအများအပြားသည် မမှတ်မိနိုင်တော့လောက်အောင် မီးလောင်ကျွမ်းခံရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် အစားအသောက်များဖြင့် ဧည့်ခံသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံးဖွင့်ပွဲသို့ လာရောက်သည့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မတ် ၂၈ ရက် Al Jazeera သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်း ဖက်မှုနှင့် ပူးပေါင်းဆောင်ရွက်သည့် အုပ်စုတခု၏ အစိတ်အပိုင်းဖြစ်သောကြောင့် ကလေးငယ်များ သေဆုံးမှုရှိကြောင်း ပြောသည်။ ပဇီကြီးကျေးရွာ တိုက်ခိုက်မှုကို သူဝန်ခံသော်လည်း စစ်ဖြစ်နေချိန်တွင် ဆိုးကျိုးများရှိသည်ဟု ဆိုသည်။
လူငယ်မျိုးဆက်များ၏ ပညာရေးမြင့်မားစေရန် အလေးထားကြောင်း စစ်ကောင်စီက တနင်္လာနေ့တွင် ဖေါ်ပြသောကြောင့် ကျောင်းများကို တိုက်ခိုက်ရန်အကြောင်းမရှိသည့် အဓိပ္ပါယ်မျိုး ပြောသည်။ သို့သော် ထိုတိုက်ခိုက်မှုသည် ကျောင်းများကို ၎င်းတို့၏ ပထမဆုံး တိုက်ခိုက်မှုမဟုတ်ပေ။
၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်ကျေးရွာမှ ကျောင်းတခုကို စစ်ကောင်စီက ဗုံးကြဲသောအခါ ကလေးငယ် ၁၁ ဦး အပါအဝင် ၁၃ ဦး သေဆုံးပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် မြန်မာမှ နိုင်ငံခြားသံရုံးများ၏ ပြစ်တင်ရှုတ်ချခံရသည်။
ကလေးငယ်များ ထွက်ပြေးနေသည်ကို တွေ့ရသော်လည်း လေယာဉ်မှူးများသည် လေကြောင်းတိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဘက်ပြောင်းလာသည့် လေယာဉ်မှူးတဦးက ပြောသည်။
မတ် ၂၈ ရက် ငလျင်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှု ရာပေါင်းများစွာ ပြုလုပ်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် မေလအတွင်း မော်စကိုတွင် တွေ့သည်။ ရုရှားနှင့်တရုတ်သည် စစ်ကောင်စီကို လက်နက် အဓိကထောက်ပံ့သည့်နိုင်ငံများ ဖြစ်သည်။
ကလေးငယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စစ်ကောင်စီကို အရေးယူရန် အမျိုးသားညီညွတ်ရေး အစိုးရက နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ A Familiar Lie: Myanmar Junta Denies Deadly School Bombing ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)














