စစ်ကိုင်းတိုင်း၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ “သမီးကြီးလာရင် ဆရာဝန်မကြီးလုပ်မယ်” ဆိုတဲ့ အသက် ၁၀ နှစ်အရွယ် သမီးငယ်လေးတဦးလည်း ၁၃ နှစ်အရွယ် အကိုဖြစ်သူနဲ့အတူ ကွယ်လွန်သွားခဲ့ရပါတယ်။
သမီးလေးဟာ အတန်းထဲမှာ စာတော်သူဖြစ်သလို အရွယ်နဲ့ မလိုက်အောင် စာကြိုးစားသူလို့ ဖခင်ဖြစ်သူက နှမြောတသ ပြန်ပြောပြပါတယ်။
စစ်ကောင်စီ လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သားသမီး ၄ ဦးရှိတဲ့အထဲက ၂ ဦးပါသွားတဲ့ အတွက် မိခင်နဲ့ ဖခင်ဟာ ပူဆွေးသောက ရောက်နေကြပါတယ်။ သူတို့လိုပဲ အိုးတိန်တွင်းရွာထဲက မိဘတွေလည်း ခံစားနေကြရပါတယ်။ စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ ပါသွားလို့ တချို့မိဘတွေဆိုရင် အနားမှာ ကလေးတောင် မရှိကြတော့ပါဘူး။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၃၄ မိနစ်မှာ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသူ၊ ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး ကွယ်လွန်ခဲ့ရပါတယ်။
ဒီကျောင်းမှာ အနိမ့်ဆုံး KG ကနေ အမြင့်ဆုံး Grade 12 အထိ ကျောင်းသားတွေ ပညာသင်ကြားနေကြတာဖြစ်ပြီး ဒီလေကြောင်း တိုက်ခိုက်မှု မတိုင်ခင်အထိ ကလေးတွေဟာ သူတို့တွေရဲ့ စာသင်ခန်းတွေထဲမှာ စာသင်နေခဲ့ကြတာပါ။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဟာ ကလေးတွေရဲ့ စာအံသံတွေ၊ ပျော်ရွှင်စွာ ကစားနေကြတဲ့ အသံတွေအစား ငိုကြွေးသံတွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ အိုးတိန်တွင်းရွာ စာသင်ကျောင်းရဲ့ ခေါင်းလောင်းသံလည်း တိတ်ခဲ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #အိုးတိန်တွင်း #စာသင်ကျောင်း #စစ်ကိုင်းတိုင်း #ဒီပဲယင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













