ကောင်းကင်ကြီးက ပြာတယ်…
ကြယ်ကလေးတွေက လင်းလက်တယ်…
လမင်းကြီးက…သာ…
ယောက်ျားတွေက…ညာ…။
အင်း…ယောက်ျားတွေက ညာတယ်၊ ညာရုံတင်မကဘူး၊ ညာလွန်းတယ်လို့ မိန်းကလေးတွေက ပြောကြတယ်။
ယောက်ျားတွေက တကယ့် ခံစားမှုနဲ့ ပြောခဲ့တာနဲ့ တူပါတယ်။ ညာခဲ့ပုံ မပေါ်ပါဘူး။
ကြယ်ကလေးတွေ များသလို မေတ္တာ အကြင်နာတွေ များတဲ့ အကြောင်းလည်း ယောက်ျားတွေက သူတို့ချစ်တဲ့ မိန်းကလေးတွေကို ပြောတယ်။
လဝန်းလေးနဲ့ တူတဲ့ မေ့မျက်နှာ၊ ကြယ်ပွင့်ကလေးလို ရွှန်းလဲ့တဲ့ မေ့မျက်လုံးတို့…ဘာတို့လည်း ပြောတတ်တယ်။
ကောင်းကင်ပြည့်၊ မိုးလုံးပြည့် မေတ္တာတွေနဲ့ မေ့အပေါ် လွှမ်းမိုးထားချင်တယ်။ ဘာတယ်၊ ညာတယ် လို့လည်း ပြောတယ်။ ခံစားမှုတွေနဲ့ ပြောတာ၊ တကယ်ခံစား ပြောခဲ့တာတွေ ဖြစ်မှာပေါ့။
အပြောခံရသူတွေ ကလည်း ကြိုက်ပုံရပါတယ်။ မဟုတ်မှန်း သိသိနဲ့ ကြိုက်နှစ်သက်နေတာမျိုးတွေ ကလည်း ရှိနေတယ်။ ဒါကြောင့်လည်း အိမ်ထောင်ပြုကြ၊ အတူနေသွားဖြစ်ကြတာပဲပေါ့။
အိမ်ထောင်ကျပြီးလို့ ထင်သလို မဖြစ်လာတဲ့ အခါကျတော့မှ ယောက်ျားတွေက ညာတယ်၊ လိမ်တယ် ဆိုတဲ့ အသံတွေ ထွက်လာတာပဲ။
ကဗျာဆရာကြီး ဟိုးမားက “လောကကြီးမှာ အကြီးမားဆုံး အရာ နှစ်ခု ရှိတယ်။ တခုက အချစ် ဆိုတဲ့အရာ၊ ကျန်တခုက စစ် ဆိုတဲ့ အရာပဲ”လို့ စပ်ဆိုထားတယ်။
သူစပ်ဆိုထားတဲ့ အချစ် ဆိုတာနဲ့ စစ် ဆိုတာဟာ ဘယ်လောက် ကြီးကျယ်တဲ့ အတိုင်းအတာထိ မျှော်မှန်းပြီး ဟိုးမားက စပ်ဆို ဖော်ပြခဲ့တယ် ဆိုတာကိုတော့ ကျနော် မမှန်းဆနိုင်ဘူးပေါ့ဗျာ…။
ဒါပေမယ့် သူပြောတဲ့ အချစ်ကြောင့် အဖိုအမ ပေါင်းဆုံပြီး အိမ်ထောင်တွေ ဖြစ်လာတယ်။ အဲဒီ အိမ်ထောင်တွေကနေ လူတွေ…လူတွေ… ဖြစ်လာ၊ အဲဒီကနေ လူ့သမိုင်းကြီး၊ အဲဒီ လူ့သမိုင်းကြီး ရှိလာလို့ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ရေးတွေ ဟာလည်း ရှိလာတာပေါ့။
အိမ်ထောင် တခုမှာလည်း ဟိုးမားပြောတဲ့ အချစ်နဲ့ စစ် ပုံစံငယ်ကို ကြည့်နိုင်တယ်။
အချစ်ရေးကနေပြီး ဖြစ်ပေါ်လာတဲ့ အိမ်ထောင်မှာ သားသမီး ပြဿနာ၊ ယောက္ခမ ပြဿနာ၊ ပြီးတော့ တခြား တခြား ပြဿနာတွေ…အိမ်ထောင် မကျခင်ကလို မကြင်နာတော့တာတွေ၊ ဂရုမစိုက်၊ အလေးမထားတော့တာတွေ… ပြီးတော့လည်း တခြားဟာတွေနဲ့ပေါ့ဗျာ၊ ကြုံလာတဲ့အခါ လင်နဲ့မယား စကားတွေများ၊ ရန်တွေဖြစ်၊ စစ်ခင်းကြပေါ့။
တဖက်က တဖက်ကို အလျှော့ပေးပြီး အိမ်ပေါ်က ဆင်းသွားတာလည်း ရှိတာပေါ့ဗျာ။ ဆင်းသွားရုံဆို တော်သေးတယ်။ ပြန်တက်လာဖို့ အလားအလာ ရှိသေးတယ် ဆိုရမှာပဲ။
ကျနော် ထားဝယ် မောင်းမကန် ကမ်းခြေ ရောက်တော့ မော်ရစ် ဘက်ကို သွားဖူးတယ်။ အဲဒီမှာ ထီးထီးမတ်မတ် ကျောက်ဆောင်ကြီး တခုကို ပင်လယ်လှိုင်းတွေ တဝုန်းဝုန်း လာပြီး ရိုက်နေတာကို ကြည့်ပြီး ကဗျာဆရာ မျိုးမြင့်ဆွေ ရဲ့ “လှိုင်း နဲ့ ကျောက်ဆောင်” ဆိုတဲ့ ကဗျာကလေးကို အမှတ်ရတယ်ဗျာ။
ပင်လယ်လှိုင်းက အပြေးအလွှား တက်လာပြီး ကျောက်ဆောင်ကြီးကို ဝုန်းခနဲ ဝင်တိုက်တယ်၊ ကြေညာပြီး ကျောက်ဆောင် နဲ့ လှိုင်း စစ်ခင်းသလိုပဲဗျာ။
အိမ်ထောင် တခုမှာလည်း လင် နဲ့ မယားဟာ အလိုမကျစရာတွေ၊ ပြဿနာတွေနဲ့ ကြုံတဲ့ အခါ ရန်စစ်ခင်းကြတယ်။ မိန်းမက ရှင်နဲ့ အတူ မနေနိုင်တော့ပါဘူး ဆိုပြီး အိမ်ပေါ်က ဆင်း၊ သူ့အမေအိမ် ပြန်သွားတယ်။
မိန်းမ အိမ်ပေါ်က ဆင်းပြီး ပြန်သွားတော့လည်း ကျန်ခဲ့တဲ့ ယောက်ျားဟာ ဒေါသတွေ ပြေသွားတဲ့အခါ ဝမ်းနည်းမှုတွေ ဖြစ်၊ နောင်တတွေ ရ၊ ချစ်လို့ ကြိုက်လို့မှ ယူထားတဲ့ မိန်းမပဲဗျာ။ စိတ်မကောင်းတွေဖြစ်၊ အံမယ်…ငုတ်တုတ်ထိုင်မှိုင်ပြီး မျက်ရည်တွေ ဘာတွေတောင် ကျတယ်။
ကဗျာဆရာက –
မျက်ရည်ကိုသုတ်၊
မင်းပြန်ဆုတ်လျှင်
ငုတ်တုတ် ငါ့မှာ မှိုင်ရမြဲ…တဲ့။
လှိုင်း ရိုက်လိုက်လို့ ကျန်ခဲ့တဲ့ ပင်လယ်ရေတွေ ကျောက်ဆောင်ပေါ်ကနေ စီးကျလာပုံက မျက်ရည်တွေ၊ တွေတွေ စီးကျနေပုံမျိုးဗျ။
ဒါပေမယ့်…
ငါ့ကိုကျဉ်ဖဲ၊ လှိုက်လှဲလှဲဖြင့်
မင်းလဲ လမ်းမှာ ငိုသွားမြဲ…တဲ့။
ပင်လယ်ကို ပြန်ဆင်းသွားတဲ့ လှိုင်းသံကို သေချာ နားထောင်ကြည့်ရင် ဝမ်းနည်း ပက်လက်နဲ့ ငိုရှိုက်သွားတဲ့ အသံမျိုးပေါ့။ အထူးသဖြင့် အခုလို နွေရာသီမျိုးမှာပေါ့။
အဲဒီအတိုင်းပဲ စကားများ၊ စစ်ခင်း၊ အရှုံးပေးပြီး ဆင်းသွားတဲ့ မယားဖြစ်သူဟာလည်း ပြန်သာ သွားရတယ်၊ ဘယ် စိတ်ချမ်းသာပါ့မလဲ၊ ငိုရှိုက်သွားမှာပေါ့။
မကြာပါဘူး၊ ယောက်ျား ဖြစ်တဲ့သူက ပြန်သွားတဲ့ မယားဆီကို လိုက်လာ၊ နောင်ကို ဒီလို မဖြစ်စေရပါဘူး။ ဟိုလို မဖြစ်စေရပါဘူးနဲ့ ကတိတွေပေး၊ ချော့၊ နှစ်သိမ့်၊ လိုက်ခဲ့ဖို့ခေါ်၊ ခေါ်တော့လည်း ပြန်ပါလာပြန်တာပေါ့ဗျာ။
နီးတကျက်ကျက်၊ ဝေးတသက်သက်…ဆို မဟုတ်လားဗျ။
ပြန်လိုက်လာပြီး အတူနေကြပြန်တော့လည်း…တချိန်ချိန်မှာ အကြောင်း တမျိုးမျိုးကြောင့် တကျက်ကျက်နဲ့ စစ်ထွက်ဖို့ ပြင်ကြဦးမှာပေါ့။
ကျောက်ဆောင်နဲ့ လှိုင်း နဲ့ ဒီလိုပဲ တွေ့ဆုံလိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ ထွက်သွားလိုက်ကြ၊ ပြန်လာလိုက်ကြနဲ့…။
နီးတကျက်ကျက်၊ ဝေးတသက်က
စိတ်လက်ရွှင်ပုံ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို့ မင်း နဲ့ ငါ…တဲ့။
ပုထုဇဉ် လူသားတွေဟာ (အရိယာတို့ရဲ့ အမြင်ကနေ ကြည့်ရင်တော့) အရူးတွေပေါ့ဗျာ။ ဒီလူတွေ နေနေတဲ့ နေရာဟာလည်း အရူးတို့ရဲ့ ဘုံပေါ့။
အဲဒီ အရူးတို့ရဲ့ ဘုံမှာ ကျနော်တို့ ပုထုဇဉ် လူသားတွေဟာ ဒီလိုပဲ ဖြစ်ပျက်နေကြတာ…။
ကောင်းကင်ကြီးက ပြာတယ်…
ကြယ်ကလေးတွေက လင်းလက်တယ်…
လမင်းကြီးက…သာ…
ယောက်ျားတွေက…ညာ၊ ညာပြီးတော့လည်း ညာနေဦးမှာ…။ ။
အမှတ် (၆၉) အင်တာဗျူး ဂျာနယ်။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော “ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














