ကျနော်တို့ အိမ်နောက်ဖေးတွင် မြေကွက်လပ် တခု ရှိပါသည်။
“ဒီမြေကွက်လပ်လေးကို အလကား ပစ်ထားရတာ နှမြောပါတယ် ကွယ်။ ငါ့သားတွေက မြေပဲ ကြိုက်ကြတယ် မဟုတ်လား။ ဒီတော့ ဒီမြေကွက်လပ်လေးပေါ်မှာ နည်းနည်း စိုက်ရရင် မကောင်းဘူးလား” ဟု အမေက ပြောပါသည်။
ကျနော်တို့ ကလေးတသိုက် နှင့် အိမ်ဖော်မကလေးများမှာ ဝမ်းသာ နေကြပါသည်။
အချို့က မျိုးစေ့များကို ယူလာခဲ့ကြပါသည်။
အချို့က မြေကို တူးဆွ၍ ရေလောင်းကြပါသည်။
လအနည်းငယ် အတွင်းတွင် ကျနော်တို့ အသီးအပွင့် ရခဲ့ပါသည်။
“တို့များ ဒီညနေ ကောက်သိမ်းပွဲ အထိမ်းအမှတ် လုပ်ကြရအောင်၊ တို့စိုက်ထားတဲ့ မြေပဲ လတ်လတ် ဆတ်ဆတ် ကလေးတွေ မြည်းကြည့်ရအောင်၊ မင်းတို့ အဖေကိုလည်း ဖိတ်ရမယ်”
ကျနော်တို့ အားလုံး သဘောတူကြပါသည်။ အမေက မြေပဲပါသည့် စားသောက်ဖွယ် မျိုးစုံကို လုပ်ပါသည်။
အထိမ်းအမှတ်ပွဲကို ခြံထဲက သက်ငယ် တဲကလေးထဲတွင် လုပ်ဖို့လည်း ပြောပါသည်။
ထိုနေ့ညပိုင်းက ရာသီဥတုမှာ များစွာ မကောင်းလှပါ။
သို့ရာတွင် အဖေကိုယ်တိုင်ပင် ရောက်လာပါသည်။ အဖေသည် လာခဲလှပါသည်။
“မြေပဲကို ကြိုက်ကြသလား” ဟု အဖေက မေးပါသည်။
“ကြိုက်ပါတယ် အဖေ” ဟု ကျနော်တို့ အားလုံးက ဖြေကြပါသည်။
“ဒါဖြင့် မြေပဲက ဘာကောင်းသလဲကွာ”
“စားလို့ ကောင်းပါတယ် အဖေ” ဟု အစ်မကြီးက ပြောပါသည်။
“ဆီကြိတ်လို့လည်း ရတယ် အဖေ” ဟု အစ်ကိုကြီးက ပြောပါသည်။
“ဘယ်သူဖြစ်ဖြစ် လူတိုင်း ဝယ်နိုင်တယ်၊ လူတိုင်းလည်း ကြိုက်တယ်၊ ဒါကြောင့် မြေပဲက ကောင်းတယ်” ဟု ကျနော်က ပြောပါသည်။
အဖေက ပြောပါသည်။
“အမှန်ကတော့ မြေပဲကို အမျိုးမျိုး အသုံးချလို့ရတယ်။ ဒါပေမယ့် မြေပဲမှာ အဖိုးတန်ဆုံးကတော့ ဒီလိုကွ။ မြေပဲဟာ ပန်းသီး နဲ့လည်း မတူဘူး။ မက်မုံသီး နဲ့လည်း မတူဘူး။ သလဲသီး နဲ့လည်း မတူဘူး။ အဲဒီ သစ်သီးတွေက သစ်ကိုင်းတွေ ပေါ်မှာ ကြွားကြွားဝင့်ဝင့် လှလှပပ သစ်သီးတွေ၊ မြင်ရသူအဖို့ ကြည့်လို့လှတယ်၊ နှစ်သက်စရာ ကောင်းတယ်။ မြေပဲကတော့ မြေကြီးထဲမှာ မြုပ်နေပြီး အောင်လို့ လူတွေက ဖော်ကြည့်တော့မှ မြင်ရတာ။ မြေပဲပင် လှီလှီကလေး တပင် မြင်လိုက်ရင် မြေပဲ ဥတယ် မဥဘူး ဆိုတာကို သေသေချာချာ ပြောလို့ မရဘူး။ ဖော်ကြည့်လိုက်တော့မှ ဥတွေကို တွေ့ရတာ”
ကျနော်တို့ အားလုံး ထိုအချက်ကို သဘောတူကြပါသည်။
အမေကလည်း ခေါင်းညိတ်ပါသည်။
အဖေက ဆက်၍ ပြောပါသည်။
“ဒီတော့ မင်းတို့ အားလုံးလည်း မြေပဲနဲ့ တူအောင် ကြိုးစားကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြေပဲဟာ ကြွားကြွားရားရား၊ လှလှပပ မရှိပေမယ့် အသုံးကျလို့ပဲ”
“ဒါဖြင့် လူတွေဟာ နာမည်ကြီးဖို့၊ ကြီးကျယ်ဖို့ မကြိုးစားဘဲ အသုံးကျဖို့ ကြိုးစားသင့်တယ်လို့ အဖေ ပြောချင်တာလား” ဟု ကျနော်က မေးပါသည်။
“ဟုတ်တယ်၊ ငါ့သားသမီးတွေကို အဲဒီလို ဖြစ်စေချင်တယ်” ဟု အဖေက ပြောပါသည်။
ကျနော်တို့ လူစုသည် ညဉ့်နက်သည့် တိုင်အောင် စကား ပြောနေကြပြီးမှ လူစု ခွဲလိုက်ကြပါသည်။
ကျနော်တို့သည် ထိုနေ့ညနေက မြေပဲများ အားလုံးကို ကုန်အောင် စားပစ်ခဲ့ကြသော်လည်း အဖေ၏ စကားများသည် ကျနော့် နှလုံးသားထဲတွင် စွဲနေပါသည်။ ။
(တရုတ် စာရေးဆရာ Xu Dishan ၏ The Peanut)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “မြန်မာပြန် ရသစာတမ်းများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














