ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရာသီဥတုသဘောအရ တော်လှန်ရေးကာလအတွင်း စစ်ဆင်ရေးများ၏ တိုက်ပွဲစဉ်များသည် ပိုမိုများပြားလာဖွယ်ရှိသည်။ ရာသီဥတု ကန့်သတ်ချက် လျော့နည်းလာသဖြင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာနိုင်ခြင်းကြောင့်လည်း ဖြစ်မည်ထင်သည်။
နိုင်ငံရေးအမြင်အရ ကြည့်မည်ဆိုပါက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ ဩဂုတ်လအတွင်းက နေပြည်တော်ခရီးစဉ်အပြီးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိုဝင်ဘာလဆန်းအတွင်းက တရုတ်နိုင်ငံ၊ ကူမင်းခရီးစဉ်အပြီးတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒေသခံပြည်သူများ နေထိုင်ရာနေရာများကို အရပ်ဘက်ပစ်မှတ်အဖြစ် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်း ကာလအတွင်း၌ပင် ရပ်တန့်ခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရသည်။ မုန်တိုင်းကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရေကြီးရေလျှံမှုဒဏ်ကို ပြည်သူအများ ခံနေရချိန်တွင် စစ်ကောင်စီလေတပ်အနေဖြင့် ဗုံးကြဲမပြတ်ခဲ့ပေ။
ထိုင်းစစ်တပ်က သူ့နိုင်ငံမြောက်ပိုင်းက ရေကြီးရေလျှံရာဒေသများဖြစ်သည့် ချင်းမိုင်နှင့် ချင်းရိုင်တို့တွင် လေတပ်က ရဟတ်ယာဉ်များကို အသုံးပြု၍ စားနပ်ရိက္ခာများ ချပေးခဲ့သည်။ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်များကို သုံး၍ ကယ်ဆယ်ရေးပစ္စည်းများ ပို့ခဲ့သည်။ မြန်မာလေတပ်ကမူ ထိုကာလအတွင်း ပြည်သူများကို ကူညီရမည့်အစား စစ်ရှောင်စခန်းများကိုပင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စိတ်မကောင်းစွာဖြင့် သတိရနေမိသည့်ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ ရက်၊ ည ၉ နာရီကျော်တွင် မိုးဗြဲမြို့ အနောက်ဘက်ရှိ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို လေကြောင်းက ဗုံးကြဲမှုအတွင်း အသက် က ၁၀ နှစ်ခန့် ယောက်ျားလေး နှစ်ဦး၊ မိန်းကလေး နှစ်ဦး၊ အသက် ၁၃ နှစ်ခန့် မိန်းကလေး သုံးဦးနှင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီး တဦးတို့ သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် သူ့အတွက် တခုတည်းသော အားသာမှုဖြစ်သည့် လေတပ်ကို ၂၀၂၄ ခုနှစ်အတွင်း အဆမတန် သုံးနေခဲ့သည်။
မှတ်မိသမျှ ဖော်ပြရမည်ဆိုပါက စစ်ကိုင်းတိုင်းအတွင်းတွင် ဒီပဲယင်းမြို့နှင့် ပုလဲမြို့များကို တော်လှန်ရေးတပ်များက ခေတ္တသိမ်းပိုက်ထားခဲ့သည့်အချိန်များနှင့် ဘုတလင်မြို့နယ်၊ ကူတော်ရွာမှ ပြန်လာသည့် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ချိန်တို့တွင် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။
မှတ်မိသမျှ ဖော်ပြရမည်ဆိုပါက စစ်ကိုင်းတိုင်းအတွင်းတွင် ဒီပဲယင်းမြို့နှင့် ပုလဲမြို့များကို တော်လှန်ရေးတပ်များက ခေတ္တသိမ်းပိုက်ထားခဲ့သည့်အချိန်များနှင့် ဘုတလင်မြို့နယ်၊ ကူတော်ရွာမှ ပြန်လာသည့် ဘီးလူးစစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ချိန်တို့တွင် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။
တော်လှန်ရေးတပ်များ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲတွင်လည်း ရာနှင့်ချီသည့် ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ကောင်စီလေတပ်က လုပ်ဆောင်ခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် တိုက်ပွဲမဖြစ်ပွားဘဲ မြောင်နှင့် မြင်းမူတို့ကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မန္တလေးဒေသတွင် သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးနယ်တွင် မန္တလေး PDF ၏ ရှမ်း-မန်း စစ်ဆင်ရေးတွင်လည်း စစ်ကောင်စီအနေဖြင့် လေကြောင်းမှ အဆမတန် တိုက်ခိုက်ခဲ့သည်။ ယခုတိုင်လည်း မတ္တရာနယ်ဘက်ကို နယ်မြေစိုးမိုးရေး ရရှိအောင် စစ်ကောင်စီဘက်က ဆောင်ရွက်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့ပြင် မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီး စသည်တို့ဘက်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်။
ရခိုင်ပြည်နယ်ဘက်ကို ကြည့်လျှင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်းက တိုက်ပွဲများ၊ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို တိုက်သည့် တိုက်ပွဲများတွင် လေကြောင်းမှ တိုက်ခိုက်နေသလို ဆက်သွယ်ရေး လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်လျက် ရှိသည်။
ကချင်ပြည်နယ်တွင်လည်း ကချင်အထူးဒေသ ၁ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ၏ ထိုးစစ်ကို လေကြောင်းမှ အင်အားသုံးခုခံခဲ့ပြီး တရုတ်နယ်နိမိတ်ကို ကျော်လွန်ပျံသန်းမှု အချို့ပင် ရှိခဲ့သည်။
ချင်းပြည်နယ်အတွင်း တောင်ပိုင်းတွင် မင်းတပ် မြို့သိမ်းတိုက်ပွဲနှင့် မြောက်ပိုင်းတွင် ဖလမ်း မြို့သိမ်းတိုက်ပွဲများတွင်လည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည်ကို တွေ့ရသည်။ လတ်တလော ဖြစ်ပွားခဲ့သည့် ဟားခါးမြို့အနီးမှ လွှာဗာဇုန်း စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ ရှိခဲ့သည်။
ကရင်ပြည်နယ်အတွင်း တောင်ပိုင်း အနန်းကွင်းစခန်း တိုက်ပွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေသည်ကိုလည်း တွေ့ရသည်။
အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ပုံမှန်ခံနေရသည့်နယ်မြေမှာ ရှမ်းမြောက်ဒေသ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့တွင် စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပြီး တရက်တည်းတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တုံ့ပြန်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များရှိ အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး အုပ်ချုပ်မှုယန္တရား မလည်ပတ်နိုင်စေရန်ဟု စစ်ကောင်စီလော်ဘီများကလည်း ထုတ်ပြောထားခဲ့သည်။
ထုတ်ပြန်ချက် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့မှ အရပ်သားပစ်မှတ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များရှိ အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး အုပ်ချုပ်မှုယန္တရား မလည်ပတ်နိုင်စေရန်ဟု စစ်ကောင်စီလော်ဘီများကလည်း ထုတ်ပြောထားခဲ့သည်။
စစ်ကောင်စီအနေဖြင့် တဖက်ကလည်း စစ်ရှုံးမှုကို ကာကွယ်ရန် အတင်း အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ရှိနေသည်။ ယခုရက်ပိုင်းအတွင်း တပ်သားသစ် သင်တန်းအမှတ်စဉ် (၅) အထိ သင်တန်းဆင်းခဲ့ပြီး ဖြစ်သည်။ အဆိုပါ အင်အားများကို စစ်ကောင်စီက အထိနာနေသည့် ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီနှင့် ကချင်ဘက်ရှိ တပ်များကို အင်အားဖြည့်တင်းလျက် ရှိသည်။
ပြည်တွင်းစစ်သဘောအရ တိုင်းရင်းသားဒေသများတွင် ဆောင်းရာသီကာလ စပါးရိတ်သိမ်းချိန်အပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်များက တိုက်ပွဲများ ဖော်ဆောင်တတ်သည့်သဘော ရှိသည်။ စစ်ကောင်စီဘက်ကလည်း ယေဘုယျအားဖြင့် စစ်ဆင်ရေးလမ်းဖောက်ခြင်း၊ ရိက္ခာစုပုံခြင်းနှင့် စစ်ဆင်ရေးတပ် အချိန်းအပြောင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လေ့ရှိသည်။
သို့သော် တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စစ်ကောင်စီဘက်က နည်းမြေစိုးမိုးမှု ပိုမို လျော့နည်းလာသဖြင့် စစ်ဆင်ရေးလမ်းဖောက်လုပ်နိုင်ခြင်း မရှိသည့်အပြင် ပုံမှန် အသုံးပြုနေသည့် လမ်းများကိုပင် အသုံးမပြုနိုင်တော့သည်ကို တွေ့ရသည်။ တော်လှန်ရေးအင်အားစုများက ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် ရိက္ခာစုပုံရာတွင်လည်း စစ်သုံးမော်တော်ယာဉ်တန်းများကို အသုံးမပြုနိုင်တော့သည်ကို တွေ့ရသည်။
ထို့ကြောင့် အရပ်ဘက် မော်တော်ယာဉ်များကို ချောဆွဲ၍ အရပ်သားပိုင်ပစ္စည်းများအဖြစ် သယ်ယူပို့ဆောင်နေရသလို အချို့နေရာများတွင် ရဟတ်ယာဉ်များဖြင့်ဖြစ်စေ၊ လေယာဉ်က လေထီးဖြင့် ချပေးခြင်းဖြင့်ဖြစ်စေ ရိက္ခာစုပုံနေရသည်။
ထို့ကြောင့် ယခု ပွင့်လင်းရာသီအတွင်း စစ်ကောင်စီဘက်က စစ်ဆင်ရေးဆိုင်ရာ ဆောင်ရွက်လာနိုင်သည့် အခြေအနေကို ခန့်မှန်းမည်ဆိုပါက ပုံမှန်ဆောင်ရွက်နေကျ စစ်ဆင်ရေးလမ်းဖောက်၊ ရိက္ခာစုပုံဖို့ပင် မလွယ်ကူနိုင်သည်ကို တွေ့ရသည်။ အားသာမှုရှိသည့် လေကြောင်းကို အဓိက အသုံးပြုကာ ထိုးစစ်ဆင်နွှဲခြင်း၊ ခံစစ်ဆင်ခြင်းတို့ ပြုလုပ်လာနိုင်သည်ဟု ယူဆရသည်။
ရှမ်းမြောက်ကို ပြန်လည် စစ်ဆင်ရန်အတွက် တန့်ယန်းဘက်တွင် စုဖွဲ့နေသည်။ သို့သော် တရုတ်ဖိအားနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်လာဖွယ်ရှိနေသည့် ရှမ်းမြောက်ထိုးစစ်သည် ဟန်ပြသက်သက်နှင့် ပြီးဆုံးဖွယ် ရှိနေသည်။
ရှမ်းမြောက် စစ်ကူအင်အားများသည် ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်ရှိ ကရင်နီ ထိုးစစ်ကို အင်အားဖြည့်တင်းသွားဖွယ် ရှိနေသည်။ ထိုကရင်နီ ထိုးစစ်အတွင်း ပအိုဝ်း ပြည်သူ့စစ် အားကို အဆမတန် အသုံး ပြုနေသည်ကိုလည်းတွေ့ရသည်။

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အနေဖြင့် ဗန်းမော်ဒေသ မဆုံးရှုံးစေရေး လေကြောင်းမှ အင်အား ဖြည့်တင်းလျက်ရှိသည်။ ထို့ကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်တွင် စစ်ကောင်စီ အဓိက အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည်။
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား လက်လွှတ်ရတော့မည်ဆိုသည်ကို စစ်ကောင်စီက တွက်ချက်ထားပြီး ဧရာဝတီတိုင်းအတွင်း စစ်မရောက်လာအောင် ဂွဘက်တွင် တံတားများချိုးသည်အထိ လုပ်ဆောင်ကာ ခုခံနေသည်။
မောင်တောရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကျသည်နှင့် ရခိုင်မြောက်ပိုင်းသည် အလုံးစုံ လက်လွှတ်လိုက်ရပြီးသား ဖြစ်သွားမည်ဖြစ်သဖြင့် လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်သည်။ အချိန်ကြာလာသည်နှင့် အာရက္ခတပ်တော် (AA) လက်တွင်း ရောက်သွားရန် ပိုမိုနီးစပ်လာနေသည်ကို တွေ့ရသည်။
မောင်တောရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကျသည်နှင့် ရခိုင်မြောက်ပိုင်းသည် အလုံးစုံ လက်လွှတ်လိုက်ရပြီးသား ဖြစ်သွားမည်ဖြစ်သဖြင့် လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်သည်။ သို့သော် အာရက္ခတပ်တော် (AA) လက်တွင်း ရောက်သွားသည်ကိုသာ လောလောလတ်လတ် တွေ့ရသည်။
စစ်ကိုင်းတိုင်းအတွင်း အင်းတော်ဒေသ၊ ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းတို့ကို တော်လှန်ရေးအင်အားစုများက မကြာမီ သိမ်းပိုက်နိုင်ဖွယ် ရှိနေသဖြင့် လေကြောင်းမှ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ယူဆရသည်။
ကရင်ပြည်နယ်အတွင်းတွင်မူ တော်လှန်ရေးဘက်က ထိုးစစ်ကိုကြည့်၍ တပ်အရွှေ့အပြောင်း လုပ်လာနိုင်ပြီး အောင်ဇေယျ စစ်ကူစီမံချက် ရပ်တန့်မြဲရပ်တန့်နေမည့်သဘော တွေ့ရသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ၏ အနန်းကွင်းဗျူဟာစခန်းကို မကြာမီ လက်လွှတ်ရဖွယ်ရှိသည်။ လက်လှမ်း မီသလောက် သုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်။
ခြုံငုံ၍ ကြည့်မည်ဆိုပါက စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းပစ်ကူ ပစ်အားဖြင့် တော်လှန်ရေးအင်အားစုများ၏ တိုက်စစ်ကို ခုခံနေမည့်သဘောကို တွေ့ရသည်။ တဖက်ကလည်း လူသစ်စုဆောင်းမှုကို အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်ပြီး စစ်အင်အား တည်ဆောက်ဖွယ်ရှိနေသည်။
စစ်ကောင်စီအနေဖြင့် ဒေသတွင်း၌ သင့်တင့်သောလေတပ်ကို ပိုင်ဆိုင်ထားသော်လည်း Generation Z (G-Z) များ၏ ဒရုန်းစွမ်းရည်အောက်တွင် အရေးနိမ့်မှုအား တရုတ်အကူအညီနှင့် နောက်ပိုင်းတွင် ကုစားသွားဖွယ်ရှိသည်။
တရုတ်၏ တရားဝင်ဖိတ်ကြားမှုကို ရရှိပြီးနောက် ယုံကြည်မှုတခု ရလာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးပြင်ဆင်မှုများကို တော်လှန်ရေးအင်အားစုများက မျက်ခြည်မပြတ် စောင့်ကြည့်သင့်သည်။ တွေ့ရှိလာသည့် စစ်ကောင်စီ၏ အားနည်းချက်များကို တော်လှန်ရေး ဘက်တော်သားများက အမြတ်ထုတ် တိုက်ခိုက်ခြင်းဖြင့် အောင်မြင်မှုများ ရယူသင့်ကြောင်း အကြံပြုလိုပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်
ဒေါနတောင်ကို အောင်ဇေယျ မကျော်နိုင်တော့တဲ့အခါ
လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး
ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ













