ယခင်အပတ်မှ အဆက်
ထို့ကြောင့် မူလက ယုံကြည်၍ တာဝန် လွှဲအပ်ခြင်း ခံရသူမှာ ဘုမသိ ဘမသိနှင့် ရုံးသို့ ရောက်လာရသည်။
တရားရုံး ဟူသည်မှာ မိမိ ရှေ့မှောက်၌ ကျမ်းကျိန် ထွက်ဆိုချက်တို့ကို မူတည်၍ အဆုံးအဖြတ် ပေးရသည်ချည်း ဖြစ်သည်။
“အရပ်ထဲမှာ လူတိုင်း ပါးစပ်က ပြောနေတာပဲ” ဟူသော အချက်ကို မူတည် ဆုံးဖြတ်ရသည် မဟုတ်။
ထို့ကြောင့် တရားရုံးတို့က ဥပဒေ အတိုင်း စစ်ဆေးကြည့်သော အခါ မရေမရာသော ဂုန်းစကားကြောင့် အပြစ်ပေးဖို့ရာ မဖြစ်နိုင်သည်ကို တွေ့ရှိလာသည်။
ထို့ကြောင့် ဂုန်းချော ခံရသူသည် လွတ်မြောက်လာတတ်သည်။
ထိုအခါ တရားသူကြီးတို့သည် အဂတိ တရား လေးပါး လိုက်စားသယောင် စွပ်စွဲ ခံရတတ်သည်။ တရားသူကြီးမှ တဆင့် ကရွတ် ကင်းလျှောက် သဘောဖြင့် ရှေ့နေ ရှေ့ရပ် လောကလည်း အပြစ်တင် ခံရတတ်သည်။
သက်သေတို့လည်း ပြည်သူ့ကျင့်ဝတ် ချွတ်ယွင်းသည်ဟု အထင်ခံရတတ်သည်။ တဖန် ရဲအဖွဲ့သည်ပင်လျှင် အမှု ပေါ်အောင် မစစ်တတ်ဟု ရှုတ်ချခြင်းကို ခံရတတ်ပြန်သည်။
သို့သော် အမှန်မှာ လူကြီး လုပ်သူက ဂုန်းစကားကို အခြေတည်၍ ဆောင်ရွက်လာလျှင် နောက်လိုက် ငယ်သားဟူသည် ဘယာဂတိကို လိုက်စားမိတတ်သည်။
ဤဂတိ လိုက်စားသောအခါ တရားသူကြီး၊ ရှေ့နေ၊ သက်သေ၊ ရဲသား၊ အရပ်သား ဟူသမျှတို့၏ ကျင့်ဝတ်တို့သည် ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်သည်သာ များပေသည်။
အကြောင်းရင်းကို စိစစ်လျှင် ဂုန်းကောင် ဝင်၍ နှောင့်ယှက်နေသည်ကို ကျနော်တို့ နားလည်တတ်ဖို့ လိုလေသည်။
ဤသို့ အမှတ်မထင်သော အဖြစ်အပျက်တို့မှ အစပြု၍ နိုင်ငံရေး ပေါ်လစီကို ကြိုးကိုင်ရသော အစိတ်အပိုင်းနှင့် နိုင်ငံရေး ပေါ်လစီကို ထမြောက်အောင် ဆောင်ရွက်ပေးရသော မှုထမ်းရာထမ်း အစိတ်အပိုင်းတို့သည် ယုံထင် ကြောင်ထင် ဖြစ်လာရသည်။
မိမိ လုပ်ငန်းတာဝန်ကို မှန်မှန် လုပ်ဆောင်လိုသော စိတ်ဓာတ် ရှိသူတို့သည် ဂုန်းလောကထဲတွင် နေစရာ ထိုင်စရာ မရှိ ဖြစ်လာသည်။
ထိုအခါ ထိုသူတို့သည် ဝေးရာသို့ ရှဲကြစမြဲတည်း။
သို့သော် ဂုန်းကောင်သည် ဤသို့လျှင် နိုင်ငံရေး လောကနှင့် မှုထမ်း ရာထမ်း လောကထဲ၌သာ ဝင်၍ ရှုပ်ပွေနေသည် မဟုတ်သေး။
နိုင်ငံရေးသမား အချင်းချင်းတို့၏ အရေးအရာ၌လည်း ဝင်ရောက် ရှုပ်ပွေတတ်သေးသည်။
ထို့ကြောင့် နိုင်ငံရေးကို တပါတီတည်း အတူတူ လုပ်နေကြစေကာမူ ဂုန်းစကားတို့ကြောင့် သူ့အစု၊ ငါ့အစု၊ သူ့လူ၊ ငါ့လူ၊ သူ့ ခေါင်းဆောင်၊ ငါ့ ခေါင်းဆောင် ဟူ၍ ကွဲပြားလာသည်။
ဂုန်းသမားက ဆို၏။
တို့ခေါင်းဆောင်ကြီးက သူတော်ကောင်းကြီး၊ ဟိုခေါင်းဆောင်က ခွေးသူခိုးဟု ဆို၏။
သို့နှင့်ပင် ခေါင်းဆောင် အချင်းချင်း မည်သူက ကျောက်မီးသွေး၊ မည်သူက ထုံး ဟူ၍ သူဖြူ ငါမည်း ပြိုင်ဆိုင် လာကြသည်။
တစတစနှင့် နိုင်ငံရေးထဲတွင် နိုင်ငံရေးသမားတို့၏ မယားများ ပါဝင်လာကြသော အခါ ထိုပြိုင်ဆိုင်မှုသည် အတူတကွ အေးချမ်းစွာ ယှဉ်ပြိုင်ရေးမျိုး မဟုတ်တော့ဘဲ သူပြုတ် ငါပြုတ် အတူတကွ ပြုတ်စေသော ဆော်ပွဲ ကလော်ပွဲ ဖြစ်လာ တတ်သည်။
ဤသည်တွင် မည်သည့် ခေါင်းဆောင်ကား ယစ်ထုပ်၊ မည်သည့် ခေါင်းဆောင်ကား လေးကောင်ဂျင် သမား၊ မည်သည့် ခေါင်းဆောင်ကား မြာရူး၊ မည်သည့် ခေါင်းဆောင်ကား လာဘ်စားသည် ဟူသော စွပ်စွဲချက်တို့သည် နိုင်ငံရေးသမား တို့၏ ကျဆင်းမှုကို ဖန်တီးပေးလာလေသည်။
ဂုန်းစကားကြောင့် နိုင်ငံရေး ကျဆင်း လာပြန်တော့လည်း ဂုန်းသမားကပင် ဆိုလိုက်ပြန်သေးသည်။
“လူထုက အသုံးမကျတော့ နိုင်ငံရေးမှာ ဘယ်လောက် ကောင်းအောင် လုပ်လုပ် မျက်နှာမရ ခြေထောက်ရ ဖြစ်ရတော့တာပဲ”
ဤဂုန်းကောင်၏ စကားကို အမှန်ဟု မှတ်၍ နိုင်ငံရေး အသက် ထွက်အံ့နီးနီး ရှိသောသူတို့သည် အရပ်ထဲတွင် လည်၍ ဆဲပြန်သည်။
အမှန်မှာ လူထုကို သူတို့ပဲ နည်းပေး လမ်းပြ လုပ်ခဲ့သည် မဟုတ်လော။
သူတို့က လူထုတိုက်ပွဲ ဆို၍ လူထုက တိုက်ရ၏။ သူတို့က လူထုဆန္ဒပြပွဲ ဆို၍ လူထုက ဆန္ဒပြရ၏။ သူတို့က တော်လှန်ရေး ဆို၍ လူထုက တော်လှန်၏။
သို့သော် သူတို့ လုပ်ပုံ မဟန်သဖြင့် လူထုသည် သူတပါး အိုးအိမ်စည်းစိမ် တို့ကို ကျူးကျော် ဖျက်ဆီးရေးကို သာလျှင် တတ်မြောက်သည်။ ထို့ကြောင့် လူထုသည် အဖျက်သမား ဖြစ်လာရသည်။
လူထုသည် ဘယ်အထိ ဖျက်လာသနည်းဟု ဆိုသော် ခေါင်းဆောင်မှု ပေးနေသော ၎င်းတို့၏ ဆရာကိုပင် ဖျက်ဆီးလာ လေသည်။
ထိုအခါကျမှ နိုင်ငံရေးသမား ဆိုသူတို့က လူထုကို မာန်မဲ ရေရွတ် လာလေသည်။
ဤအဖြစ်သနစ်မျိုး ဖြစ်ရသည်ဟု ဆိုသည်မှာ ဘယ်သူ့ကြောင့်နည်း။ ဂုန်းသမားကြောင့်ပင် ဖြစ်၏။
ဤဂုန်းကောင်ကို ခေါင်းဆောင်မှု ပေးနေသူတို့ နိုင်အောင် မထိန်းနိုင်သေးသရွေ့ ကာလပတ်လုံး နိုင်ငံရေးသည် တထစ်စီ တထစ်စီ လျော့မှန်းမသိ လျော့ကျဖို့သာ ရှိသည်။
ဂျပန်ခေတ်သည် ကျနော်တို့အား ရာဇဝင် သင်ခန်းစာ အမြောက်အမြား ပေးခဲ့၏။
ကျနော့်အဖို့ ဆိုလျှင် ကျနော်သည် အခြေခံ ရာဇဝင်မျှသာ သိသည်။ ထိုရာဇဝင် ဟူသည်မှာ ရှင်ဘုရင်တို့၏ မယားငယ် များကို သန်းခေါင်စာရင်း ကောက်သော သဘောသာရှိ၏ဟု အောက်မေ့ခဲ့ဖူး၏။
အထူးသဖြင့် ကျနော်တို့၏ ပါမောက္ခ ဖြစ်သူ ဒေါက်တာ ပီကော့က ရာဇဝင်ကို Test Tube ခေါ် ဓာတ်ခွဲပြွန်ထဲ ထည့်၍ စမ်းသပ်ကြည့်လျှင် ရနိုင်ပါ့မလားဟု မေးသော အခါ ရာဇဝင် ဟူသည်မှာ သိပ္ပံနည်းဖြင့် စမ်းသပ်၍ မရနိုင်သော ဒဏ္ဍာရီ ဟုပင် ထင်မှတ်ခဲ့သည်။
ဂျပန်ခေတ်သို့ ရောက်သော အခါမှ ဂျပန်တို့သည် နှစ်ပေါင်း ၂၅၀ စာ ရာဇဝင် သမိုင်းကို ၄ နှစ်တည်းနှင့် သင်ရိုးကုန်အောင် ကျနော်တို့အား လက်တွေ့ပြခဲ့သည်ဟု ကျနော် သဘောပေါက်မိသည်။
ဂျပန်ခေတ်တွင် မင်းမဲ့ တိုင်းပြည်ခေတ်၊ မဟာသမ္မတ တင်မြှောက်သော ခေတ်၊ ဧကရာဇတ် ခေတ်၊ ပဒေသရာဇ် ခေတ်၊ ပြည်တွင်းစစ်ခေတ်၊ နယ်ချဲ့ခေတ်၊ အရင်းရှင် ခေတ်၊ ဖက်ဆစ် ခေတ်၊ အာဏာရှင် ခေတ်၊ တော်လှန်ရေး ခေတ်၊ လူထု ခေတ် အစရှိသော ခေတ်မျိုးကို ဓာတ်ခွဲခန်း ဖန်ပြွန်ထဲ၌ မြင်ရသကဲ့သို့ ကျနော်တို့ မြင်ခဲ့ရသည်။
ထို့ကြောင့် ဂျပန်က ပေးခဲ့သော သင်ခန်းစာကို ကျနော် အမြဲလိုလိုပင် ရွတ်ဖတ် သရဇ္စျာယ် မိပါသည်။
ထို သင်ခန်းစာ အနက် ယခုကာလ အလျောက် အရေးကြီးသော သင်ခန်းစာမှာ အခြား မဟုတ်။ ကျနော်တို့ ဂျပန် ခေတ်က ကရင် နှင့် မြန်မာ ပဋိပက္ခ ဖြစ်သည်မှာ ဂုန်းစကားကြောင့်ပင် ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။
ဤအချက်ကို ကျနော်သည် သက်သေ သာဓက နှင့် တကွ ရှည်ရှည် ဝေးဝေး ပြဆိုနိုင်ပါသည်။
မြစ်ဝ ကျွန်းပေါ် မြို့တမြို့တွင် ညဉ့်အချိန် ကင်းစောင့်ရင်း မိမိနှင့် မတည့်သော ကရင် အမျိုးသား တဦး နှစ်ဦး၏ အကြောင်းကို အတင်းပြောရာမှ ကရင်-မြန်မာ တိုက်ပွဲကြီး တပွဲ ဖြစ်ပွားခဲ့သည်ကို ကျနော် နေ့ရက် အချိန်နာရီ နှင့် တကွ ပြောနိုင်ပါ၏။
သို့သော် ကျနော် ယခု ရေးသားနေသည်မှာ အတိတ်ကို ချေးခြောက် ရေနူးသော သဘောနှင့် ရေးသားနေခြင်း မဟုတ်။
ယခုခေတ်၌ နိုင်ငံရေးသည် ရှေးကနှင့် စာလျှင် များစွာ အိန္ဒြေ ရစပြုနေပြီ။
ဤကဲ့သို့သော အခါမျိုးတွင် အတိတ်ခေတ်၌ နိုင်ငံရေးသမားတို့ ဂုန်းကောင်၏ စက်ကွင်းမှ လွတ်အောင် မရုန်းနိုင် သကဲ့သို့ ယခုလည်း မရုန်းနိုင် ဖြစ်နေပါလျှင် ကျနော်တို့၏ ပြည်ထောင်စုကြီးသည် ရှေးနည်း အတိုင်း ပြိုကွဲရပါလိမ့်မည်။
အကယ်၍ နိုင်ငံရေး အိန္ဒြေ ရလာသည်နှင့် အမျှ နိုင်ငံရေးသမား တို့ကလည်း အဆိုပါ ဂုန်းကို ညီညာဖျဖျ တိုက်ဖျက်ကြ ပါလျှင် မူကား ယနေ့အဖို့ မည်သူတို့ မည်မျှပင် ကြွက်စီကြွက်စီ ဆူနေကြစေကာမူ နက်ဖြန်ခါရောက်လျှင် ပြည်ထောင်စုကြီး သည် မုချ တလုံးတခဲကြီး ဖြစ်လာနိုင်စရာ အကြောင်း ရှိသည်။
ဤသည်ကို ရည်ရွယ်၍ ရေးခြင်း ဖြစ်လေရာ နိုင်ငံရေးသမားနှင့် ဂုန်း အကြောင်းကို အခိုင်အမာ သက်သေ သာဓက နှင့် ပြ၍ မရေးပါရစေနှင့်တော့။
ယခု ကျနော် ယေဘုယျ ဖြစ်တတ် ပျက်တတ်သော သဘောကို ပြောကာမျှနှင့် ပင်လျှင် လောကဟိတ သဘောတရား၌ အကျုံးဝင်သည့် နိုင်ငံရေးကို ဆောင်ရွက်နေသူတို့သည် သဘော ပေါက်တော် မူကြပါကုန်ဟု စုံဆယ်ဖြာပန်ထွာ ဦးတင်လိုပါသည်။ ။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇေယျာမိုး စာအုပ်တိုက်က ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော “ကျွန်မ ဒီမိုကရေစီ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:














