ယခုခေတ်၌ နိုင်ငံရေး ခေါင်းဆောင် လုပ်သူတို့သည် အာဃာတ ပပျောက်ရေးဟု ကြွေးကြော်လျက် ရှိကြသည်။
ဤကြွေးကြော်သံသည် နိုင်ငံရေး လုပ်ငန်းကို လောကဟိတ လုပ်ငန်းဟု ယူဆသူတို့ အဖို့ အလွန်တရာ နားဝင်ချိုသော ကြွေးကြော်သံ ဖြစ်သည်။
အာဃာတကို အခြေတည်၍ လုပ်သော နိုင်ငံရေး ဟူသည် မုချ ဖောက်လွဲ ဖောက်ပြန် ဖြစ်ရမည်။ မည်သည့် အခါမှ တည်ငြိမ်သော သဘောကို ရနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် အာဃာတ ပပျောက်ရေး လုပ်ငန်းကို အပေါ်ယံ၌ အပြ ကောင်းရုံသာ ပြောဆိုနေကြခြင်းမှာ မသင့်ချေ။ ယုံယုံကြည်ကြည် နှင့် အလုပ်လုပ်သွားကြဖို့ လိုပေသည်။
သို့သော် ဤလူ့ဘောင်၏ တကယ် ဖြစ်ပျက်တတ်သော တရားတို့ကို နားလည်မှလည်း အာဃာတ ပပျောက်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ကြပေလိမ့်မည်။
တနည်း ဆိုလျှင် လူ့သဘာဝကို နားလည်မှလည်း ခက်ခဲ နက်နဲသော လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ကြလိမ့်မည် ဖြစ်သည်။
လူသည် လောဘ၊ ဒေါသ၊ မောဟ တရားတို့နှင့် ပိတ်ဖုံးနေသော သတ္တဝါ တမျိုး ဖြစ်သည်။
အာဃာတ ပပျောက်ရေး ဟူသည်မှာ ဘုရားနှလုံး ရှိသောသူတို့၏ ကျင့်စဉ် ဖြစ်သည်။ သို့သော် လူတိုင်း၌ ဘုရားနှလုံးဟု မရှိချေ။
ထို့ကြောင့် တရားကိုယ်အရ မှန်ကန်သော လမ်းစဉ်ကို တွေ့ရှိကြသည့် တိုင်အောင် ထိုလမ်းစဉ် အတိုင်း ကျင့်ကြံဖို့ ကိစ္စသည် လူတို့ အတွက် အလွန် ခဲယဉ်းတတ်ပေသည်။
ဤသို့ ခဲယဉ်းသော သဘာဝကြောင့် ကျွနိုပ်တို့သည် လူကို ပြုပြင်ပေးသော လုပ်ငန်းတို့ကို မလုပ်ရတော့ပြီလော ဟု စောကြောရန် ရှိသည်။
လူ့ဘောင်မှာ ဒုစရိုက် သုစရိုက် နှစ်ပါးတို့သည် ရောပြွမ်း၍ နေတတ်သည်။ ဤတရား နှစ်ပါးတို့ ရောပြွမ်း၍ နေခြင်းကြောင့် ပြုပြင်ရေး လုပ်ငန်းတို့ကို လျစ်လျူရှု ကြရမည်ဟု ဆိုလျှင် ဒုစရိုက်တရားသည် အင်အား ကြီးမားလာပြီးလျှင် လူ့ဘောင် အဖွဲ့အစည်း ဟူသမျှသည် ဖရိုဖရဲ ဖြစ်ရဖို့သာ ရှိချေသည်။
လူကို အကွပ်အထိန်း မဲ့သော သဘာဝတရားက ဖိစီးနှိပ်စက်သည်နှင့် လူသည် အစဉ်သဖြင့် ဂူအောင်းခေတ် အခြေအနေ၌ လေလွင့် ရဖို့သည် ရှိလိမ့်မည်။
ထို့ကြောင့် နိုင်ငံရေး၌ အာဃာတ ပပျောက်ရေး လမ်းစဉ်သည် မှန်ကန်သော လမ်းစဉ် ဖြစ်သည်။
သို့သော် အာဃာတ ဆိုသည်မှာ အဘယ်နည်း။
ကျနော်တို့ နိုင်ငံတွင် ၁၉၂၃ ခုနှစ် မြန်မာပြည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်း ပေါ်ပေါက်လာသော ခေတ်သို့ ရောက်သောအခါမှ ပင်လျှင် အုပ်ချုပ်ခြင်းကို ခံရသော တိုင်းသူပြည်သားတို့က မိမိတို့၏ ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်နိုင်သော အခွင့်အရေး ရရှိလာသည်။
ဤ အခွင့်အရေးကို ရရှိလာသည့် နေ့မှစ၍ ရွေးကောက် တင်မြှောက်သော စနစ်သည် တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက် လာသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ အုပ်ချုပ်ရေး သမိုင်းတွင် လူထုသည် ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲ၊ ပြည်သူ့ ကိုယ်စားလှယ် အဖွဲ့ ရွေးကောက်ပွဲ၊ တိုင်းပြုပြည်ပြု ဥပဒေအဖွဲ့ ရွေးကောက်ပွဲ၊ ပါလီမန် ရွေးကောက်ပွဲ ဟူ၍ ရွေးကောက်ပွဲ အမျိုးမျိုး၌ ဗဟုသုတ ရခဲ့ကြသည်။
ရွေးကောက်ပွဲဟု ပေါ်လာသည်နှင့် တပြိုင်နက် ပြည်သူလူထု၏ ကိုယ်စားလှယ် ဘဝကို ရရှိလိုသော နိုင်ငံရေး ခေါင်းဆောင် ဟူသမျှသည် ပြည်သူလူထုကို ချဉ်းကပ်ကြသည်။
ဤသို့ ချဉ်းကပ်ခြင်းသည် နည်းမှန် လမ်းမှန် ဖြစ်သည်။
ပြည်သူလူထု ကလည်း မိမိထံပါးသို့ ချဉ်းကပ်လာသူကို ခေါင်းခေါက်၍ ရွေးရမည်။ ဤသို့ ခေါင်းခေါက်၍ ရွေးပါမှလည်း နည်းလမ်း မှန်ပေလိမ့်မည်။
သို့သော် ရွေးကောက်ပွဲများ ပေါ်ပေါက်လာပါ သော်လည်း လူထုကို နိုင်ငံရေးအရ စည်းရုံးခြင်းသည် ဖွံ့ဖြိုး တိုးတက်ခဲ့သည် မဟုတ်ချေ။ ထို့ကြောင့် လူထုသည် ခေါင်းခေါက်၍ ရွေးချယ်ရသော နည်းနိသျှ တို့၌ မကျွမ်းကျင်ကြချေ။
လူထု နိုးကြားမှုခေတ် ပေါ်စက မြန်မာတို့သည် ဗြိတိသျှ အုပ်ချုပ်ရေးကို ဆန့်ကျင်သော စိတ်ဓာတ် ပြင်းပြလာကြသည်။ ထိုအခါ ခေါင်းဆောင်အရာကို အလိုရှိသော သူတို့သည် လူထု၏ ဗြိတိသျှ အုပ်ချုပ်ရေး ဆန့်ကျင်သော စိတ်ဓာတ်ကို အကဲခတ်ပြီးလျှင် ဗြိတိသျှကို ဆဲဝံ့သော သတ္တိရှိကြောင်း ပြကြသည်။
ထိုအခါ လူထုသည် ဗြိတိသျှကို ဆဲဝံ့လျှင် ခေါင်းဆောင် ဖြစ်ထိုက်သော အင်္ဂါ ရှိလိမ့်မည် ဟူသော အထင်နှင့် ဆဲဝံ့သူကို ခေါင်းဆောင် ရွေးချယ်ကြသည်။
သို့သော် နိုင်ငံရေး လုပ်ငန်းတွင် လူထု မကြိုက်သော အရာကို ဆဲဆိုရသည့် အလုပ်သည် ခဲယဉ်းသော အလုပ် မဟုတ်ချေ။
ထို့ကြောင့် ခေါင်းဆောင်ပိုင်းတွင် လူတိုင်းက ဗြိတိသျှကို ဆဲဆို ရေရွတ်တတ် လာကြသော အခါ ခေါင်းဆောင်တွေ များလွန်းအားကြီးသောကြောင့် လူထုသည် ခေါင်းဆောင် အရွေးရ ခက်လာကြသည်။
ဤအခြေတွင် လိမ္မာ ပါးနပ်လွန်းအားကြီးသော ဗြိတိသျှ အုပ်ချုပ်ရေး သမားတို့က နိုင်ငံရေး ဆောင်ရွက်သူ အချင်းချင်း စိတ်ဝမ်းကွဲလေအောင် နိုင်ငံရေး လုပ်ငန်း၏ ဆုလာဘ်သပ္ပကာ တို့ကို တီထွင်ပေးလိုက်သည်။
ထိုအခါ ရာထူး ဌာနန္တရာစွဲ နိုင်ငံရေး ခေါင်းဆောင်တို့ ပေါ်ပေါက်လာသည်။
ဗြိတိသျှတို့က ရာထူးကို ပြလိုက်သောအခါ အခွင့်ထူး ခံလိုသူ နိုင်ငံရေးသမားတို့သည် ငါးမျှားချိတ်မှ ငါးစာကို တွပ်သကဲ့သို့ ရာထူးနှင့် အခွင့်အရေးကို တွပ်လာကြသည်။
သို့သော် ယှဉ်ပြိုင်သူ များလာသောကြောင့် အချင်းချင်း အေးအေးဆေးဆေး ဝေစားမျှစား မလုပ်နိုင်ကြချေ။ အလုအယက် တွပ်လာကြသည်။
နိုင်ငံရေး လောက၌ မစားဘဲ စွန့်သွားကြရရှာသူများ အကြားတွင် မစွန့်ဘဲ စားလိုသူတို့ ပေါများလာလေသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ခေတ် ရောက်သည်ဟု ဆိုလျှင်ပင် လူထုအား လုပ်ငန်းစဉ်ကို ချပြ၍ ကောင်းသော အပြိုင်အဆိုင် ကို ပြုရမည့် အစား နိုင်ငံရေးသမား ဆိုသူတို့သည် ဖရုဿ ဝါစာ၊ သမ္ဖပ္ပလပ ဝါစာ၊ ပိသုဏ ဝါစာ နိုင်ငံရေးတို့ကို ကျူးလွန် လာကြသည်။
လူထုသည် နိုင်ငံရေး၌ ဦးစီးခေါင်းဆောင် ပြုနေကြသော ပုဂ္ဂိုလ်တို့၏ နိုင်ငံရေး လမ်းစဉ်ကို ကောင်းစွာ နားမလည် ကြရချေ။
နိုင်ငံရေးသမားထဲတွင် မည်သူက ဘိန်းချသည်၊ မည်သူက ဟိုတယ်၌ ပျော်ပါးသည်၊ မည်သူက ဆက်ကြေး အုပ်စားသည်၊ မည်သူက မည်သည့် ဘုရားမှ စိန်ဖူးကို ဖြုတ်ယူသည်၊ မည်သူက မယားငယ် နေသည်၊ မည်သူက လေးကောင်ဂျင် ဒိုင် ဖွင့်သည် ဟူသော အနိဌာရုံ တို့ကိုသာ နားလည်လာကြသည်။
ရွေးကောက်ပွဲကို အကြောင်းပြု၍ ဤကဲ့သို့ တဦးက တဦးကို အိုးမည်း သုတ်နေသည်မှာ ရုတ်တရက် အားဖြင့် များစွာ အပြစ်ကို မမြင်ရသေးချေ။
သို့သော် ကာလ ရှည်ကြာလာသော အခါ တဦးက တဦးကို မုန်းတီး နာကျည်းသော စိတ်ထားဖြင့် မကောင်း ကြံလာကြသည်။
အာဏာကို မူတည်၍ မကောင်း ကြံလာကြသောအခါ လုပ်ကြံမှုကြီးများ ပေါ်ပေါက်လာသည်။
ကြည့်ကြစမ်းပါ။
ကျွန်ုပ်တို့ တမျိုးသားလုံး လွတ်လပ်ရေး ရအောင် ဦးစီးခေါင်းဆောင် ပြုခဲ့သော ဗိုလ်ချုပ် နှင့်အတူ အာဇာနည် ခေါင်းဆောင် ကြီးများကို ကျွန်ုပ်တို့ တနိုင်ငံလုံးက အိမ်ဦးခန်းတွင် တင်၍ ဘုရားတဆူ ဂူတလုံးကဲ့သို့ ကိုးကွယ်ထိုက်သည် မဟုတ်ပါ လော။
သို့သော် အာဃာတသည် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများကို သေပန်း ပွင့်စေခဲ့သည်။
ဤအဖြစ်သည် မည်မျှလောက် တရားကျစရာ ကောင်းပါသနည်း။ သို့သော် ကျွန်ုပ်တို့သည် တရားသံဝေဂ ရကြပါ၏လော။
အာဃာတ ပပျောက်ရေး လုပ်ငန်းသည် ဘုရားနှလုံး ရှိသူတို့၏ လုပ်ငန်း ဖြစ်၏။ သို့သော် လူတိုင်း၌ ဘုရားနှလုံး ရှိကြသည် မဟုတ်။
ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် သင်ခန်းစာ ယူသင့်သော ကိစ္စကြီး ပေါ်ပေါက် လာပါသော်လည်း အာဃာတ တရားကို ဖြေဖျောက်ခြင်းငှာ မတတ်နိုင်ခဲ့ကြချေ။
ထို့ကြောင့်လည်း နိုင်ငံတော် လုပ်ကြံမှု၏ နောက်ဆက်တွဲ အဖြစ်ဖြင့် ၄ လောင်းပြိုင်၊ ၅ လောင်းပြိုင်၊ ၆ လောင်းပြိုင် လူသတ်ပွဲကြီးများ ကျင်းပလာကြသည်မှာ မြန်မာနိုင်ငံရေးသည် ခွေးဖြစ်ရတော့မည်လော ဟူ၍ပင် ကျွန်ုပ်တို့ နိုင်ငံ သားကောင်းများ အဖို့ စိုးရိမ် ပူပန်စရာ ဖြစ်လာခဲ့လေသည်။
သို့သော် အထက်ပါ အာဃာတ တို့သည် ပုဂ္ဂိုလ်စွဲ အာဃာတ များဖြစ်၍ မထောင်းတာဟု ဆိုဖွယ်ရာ ရှိသည်။ ။
ဆက်လက် ဖော်ပြပါမည်။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇေယျာမိုး စာအုပ်တိုက်က ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော “ကျွန်မ ဒီမိုကရေစီ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)