တမူးရှိလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား…
အဟောင်းပစ်လို့ အသစ်ယူ တို့ရှမ်းတောင်သူ အစဉ်အလာ မရှိပါ…တဲ့။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ဂီတ အနုပညာရှင်ကြီး စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ သီချင်း စာသား အပိုင်းအစ လေးတွေပါ။
အဲဒီ သီချင်း စာသားလေးတွေလို ဘာသာ သာသနာ ရိုသေကိုင်းရှိုင်းပြီး ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာတွေကို လေးစား တန်ဖိုး ထားတတ်တဲ့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ တရုတ်ပြည်ထဲက စစ်ဆောင်ပန္နား ဒေသဟာ ခရီးသွားများ အတွက် လာရောက် လည်ပတ်ချင်စရာ ဆွဲဆောင်မှု ရှိတဲ့ နယ်မြေတခု ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကလည်း စစ်ဆောင်ပန္နားကို အလည်လာဖို့ အတွက် မြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး ဗီဇာ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။
တရုတ်နိုင်ငံ ပြည်တွင်း ခရီးသွားကုမ္ပဏီ အစီအစဉ်နဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ နဲ့ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက ခရီးသွားအဖွဲ့များ (၂ ဦး နဲ့ အထက်) အနေနဲ့ ရိုးရိုး ပတ်စ်ပို့များ ကိုင်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ဆောင်ပန္နား ဂါဆာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မိုဟန် ရထားဘူတာ၊ မိုဟန် အဝေးပြေးဂိတ် တို့ကတဆင့် ဗီဇာ ကင်းလွတ်ခွင့် နဲ့ အုပ်စုလိုက် တရုတ်နိုင်ငံတွင်းကို ဝင်ရောက်နိုင်တယ် လို့လည်း ဆိုပါတယ်။
ခရီးသွားများ သွားလာ လှုပ်ရှားလို့ရတဲ့ နယ်မြေကတော့ ယူနန်ပြည်နယ် စစ်ဆောင်ပန္နား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေး နယ်မြေ အတွင်း ဖြစ်ပြီး အများဆုံး ၆ ရက် နေထိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ပေးထားပါတယ်။

အဲဒီ ဗီဇာ ကင်းလွတ်ခွင့်က စစ်ဆောင်ပန္နား နှစ်သစ်ကူး ရေသဘင်ပွဲတော် လည်ပတ်ရေးကို အဓိက ရည်ရွယ်ပုံရပါတယ်။
စစ်ဆောင်ပန္နားဟာ မြန်မာနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရှိတဲ့ တိုင် (လူးရှမ်း) တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခု ဖြစ်ပါတယ်။
စစ်ဆောင်ပန္နား ဒေသဟာ တရုတ်နိုင်ငံ အနောက်တောင်ဘက် နယ်စပ်ဒေသမှာ တည်ရှိပါတယ်။
အနောက်တောင်ဘက်မှာ မြန်မာနိုင်ငံ၊ အရှေ့တောင်ဘက်မှာ လာအို တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ် တို့နဲ့လည်း နီးပါတယ်။
စစ်ဆောင်ပန္နား ဒေသကို ခရီးသွားဖို့ အကောင်းဆုံး အချိန်ကတော့ နိုဝင်ဘာလ ကနေ ဧပြီလ အထိ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နွေဦးပွဲတော် ကာလအတွင်း ယူနန်ပြည်နယ် သိပ္ပံ အကယ်ဒမီ ရဲ့ စစ်ဆောင်ပန္နား အပူပိုင်းဒေသ ရုက္ခဗေဒ ဥယျာဉ် အပါအဝင် စစ်ဆောင်ပန္နား ဒေသကို လာရောက် လည်ပတ်တဲ့ ခရီးသွား ဧည့်သည် ၂ သန်းကျော် (၂ ဒသမ ၇၁၇၅ သန်း) ရှိကြောင်း၊ တနှစ်ထက် တနှစ် လည်ပတ်သူ တိုးလာကြောင်း စစ်ဆောင်ပန္နား ယဉ်ကျေးမှု နဲ့ ခရီးသွားလာရေး ဗျူရို ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
စစ်ဆောင်ပန္နား ရဲ့ မြို့တော်ကတော့ ကျင်းဟုန်မြို့ (Jinghong) ဖြစ်ပါတယ်။
အဲဒီ ကျင်းဟုန် မြို့လယ်ကနေ ၂ ကီလိုမီတာလောက် ဝေးတဲ့ Manting Park လို့ ခေါ်တဲ့ တိုင် လူမျိုးတို့ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်လောက်က နန်းမြို့ဟောင်း ဧရိယာဟာ ခရီးသွားများ စိတ်ဝင်စားရာ နေရာတခု ဖြစ်ပါတယ်။

Manting Park ထဲမှာ တိုင် ဘာသာစကားနဲ့ “Wabajie” လို့ ခေါ်တဲ့ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်ရှိရာ ဘုန်းကြီးကျောင်း လည်း ရှိပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နဲ့ ရှေးနန်းတွင်း ယဉ်ကျေးမှုများ၊ ဗိသုကာ အနုလက်ရာများကိုလည်း လေ့လာလို့ ရကြောင်း သိရပါတယ်။
ပြီးတော့ ယူနန်ပြည်နယ် သိပ္ပံ အကယ်ဒမီ ရဲ့ စစ်ဆောင်ပန္နား အပူပိုင်းဒေသ ရုက္ခဗေဒ ဥယျာဉ် ကိုလည်း သွားရောက် လည်ပတ်လို့ ရပါတယ်။ အဲဒီ ဥယျာဉ်ထဲမှာ လူတက်ပြီး ဓာတ်ပုံ ရိုက်လို့ ရတဲ့ ကြာပန်းရွက်ကြီးတွေ ရှိတဲ့ ရေကန်ကြီးလည်း ရှိပါတယ်။
ဒေါင်းငှက်တွေ ရှိတဲ့ သစ်တော နဲ့ သဘာဝ ဆင်စခန်း တို့ကိုလည်း သွားလည်လို့ ရပါတယ်။
အဲဒီ စစ်ဆောင်ပန္နား ဒေသမှာ ဆင်ကို အလေးထားသလို ဒေါင်းကိုလည်း ကျက်သရေ မင်္ဂလာ ရှိတယ် ဆိုပြီး ယူဆကြတယ် လို့လည်း ဆိုပါတယ်။
စစ်ဆောင်ပန္နားဟာ လန်ချန်း (မဲခေါင်) မြစ်ပေါ်မှာ ဖြစ်လို့ လန်ချန်း မြစ်ထဲမှာ လှေစီးပြီး ရှုခင်းလှလှတွေကိုလည်း လည်ပတ် ကြည့်ရှုနိုင်ပါတယ်။
ယူနန်ကိုရောက်ပြီး စစ်ဆောင်ပန္နားကို မရောက်ရင် ယူနန်ရောက်တယ်လို့ မဆိုနိုင်သလို စစ်ဆောင်ပန္နား ရောက်ပြီး လန်ချန်းမြစ်ကို လှေစီးပြီးမလည်ဘူးရင် စစ်ဆောင်ပန္နားရောက်တယ် မဆိုနိုင်ဘူးလို့ ပြောဆိုကြတာလည်း ရှိပါတယ်။

လှေနဲ့ လန်ချန်းမြစ်ထဲ လည်ပတ်ချိန်မှာလည်း တောင်ပေါ်တက်ပြီး ချိုင့်ဝှမ်းဒေသ တလျှောက်က အလှအပတွေကို မကြည့်ဖူးဘူး ဆိုရင် တိုင် ရှမ်းတိုင်းရင်းသားရွာ ရဲ့ အလှကို မမြင်နိုင်ကြောင်း ဆိုကြတာလည်း ရှိပါသေးတယ်။
လန်ချန်းမြစ်ဟာ စစ်ဆောင်ပန္နား ဒေသကို ဖြတ်သန်း စီးဆင်းပြီး မဲခေါင်မြစ် အမည်နဲ့ ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံ တို့ကို ဖြတ်သန်း စီးဆင်းသွားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။
ကျင်းဟုန်မြို့နဲ့ ကီလိုမီတာ ၃၀ လောက်ဝေးတဲ့ နေရာမှာတော့ တိုင် လူးရှမ်းတို့ရဲ့ ကျေးရွာရှိ ရှေးဟောင်း ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။
ညပိုင်းမှာတော့ အလွန်စည်ကားတဲ့ ကျင်းဟုန်မြို့က ညဈေးကို သွားရောက် လည်ပတ်နိုင်ပါတယ်။
စစ်ဆောင်ပန္နားကို ၆ ရက် အလည်သွားမယ် ဆိုရင် ပထမ ရက် စရောက်ချိန် ကနေ နောက်ဆုံးရက် ပြန်ချိန် အထိ အစီအစဉ်များကို ခရီးသွား အေဂျင်စီတွေက အကြံပြုထားတာတွေလည်း ရှိပါတယ်။

စစ်ဆောင်ပန္နားမှာ နာမည် အကြီးဆုံး စိတ်ဝင်စားမှု အများဆုံးကတော့ အဓိက ကျင်းဟုန်မြို့မှာ ကျင်းပတဲ့ တိုင် လူမျိုး တို့ရဲ့ နှစ်သစ်ကူး ရေသဘင်ပွဲပဲ ဖြစ်ပါတယ်။
အဲဒီ နှစ်သစ်ကူး ကာလ ဧပြီလ အတွင်းမှာ ပြည်တွင်းပြည်ပ ခရီးသည်တွေ များစွာ သွားရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။
မြန်မာ့ နှစ်ကူး အတာသင်္ကြန် ကာလနဲ့လည်း အချိန်တူနေသလို ရေပက်ကစားတာ၊ အလှူအတန်းများ ပြုလုပ်တာ၊ ဘာသာ သာသနာ ဆိုင်ရာများ လိုက်နာ ကျင့်သုံးတာ၊ သက်ကြီးပူဇော်ပွဲများ ကျင်းပတာ၊ ရိုးရာ ဝတ်စုံများ ဆင်ယင် ဝတ်ဆင်ကာ အဆိုအကများနဲ့ ဖျော်ဖြေကြတာ၊ ရိုးရာ အစားအစာများ လုပ်စား ကြတာ စတဲ့ ယဉ်ကျေးမှုတွေလည်း အများစု တူညီပါတယ်။
စစ်ဆောင်ပန္နား ဒေသမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးများကို လူးရှမ်းလို့ ခေါ်တယ်လို့ ဆိုပါတယ်။
စစ်ဆောင်ပန္နားဟာ လူးရှမ်းတို့ရဲ့ တိုင်းပြည် ဖြစ်ပြီး “ဆယ့်နှစ် ပြည်ထောင် တိုင်းပြည်” လို့ အဓိပ္ပာယ် ရကြောင်းလည်း သိရပါတယ်။
စစ်ဆောင် ဆိုတာ တဆယ့်နှစ် (၁၂) အဓိပ္ပယ် လို့ ဆိုပါတယ်။ “ပန်း” ဆိုတာ ရှစ်ဆယ်ဖြစ်ပြီး “နား” ဆိုတာကတော့ လယ် ဖြစ်ကြောင်း သိရပါတယ်။
စစ်ဆောင်ပန္နားကို ရှမ်းလို မှိုင်းမောလုံ၊ မှိုင်းလူ့ (Mong Lue) လို့ သုံးတာကိုလည်း တွေ့ရပါတယ်။

တိုင် (လူးရှမ်း) အများစုဟာ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ပြီး နတ်ကိုးကွယ်သူ တချို့လည်း ရှိတယ်လို့ ဆိုပါတယ်။ တရုတ်တို့ကတော့ အဲဒီ တိုင် လူးရှမ်းများကို ပါးယီ (Pa Yi) လို့ ခေါ်ကြောင်း သိရပါတယ်။
လူးရှမ်းများဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံ ဒေသရှိ ဂုံရှမ်း လူမျိုးတို့နဲ့ ဘာသာစကားတူ၊ ယဉ်ကျေးမှု တူညီ ကြတယ်လို့လည်း ဆိုပါတယ်။
စစ်ဆောင်ပန္နားဟာ ကီလိုမီတာ ၁၉၇၀၀ (၇၆၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၀၁၀ ပြည်နှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၁ သန်းကျော် (၁၁၃၃၅၁၅) ရှိကြောင်း သိရပါတယ်။
၁၃၈၁ ခုနှစ်က တရုတ်နိုင်ငံမှာ မွန်ဂိုမင်းဆက် ပျက်သုဉ်းလို့ မင် မင်းဆက် ကြီးစိုးလာခဲ့တယ်လို့ ဆိုပါတယ်။ မင်တို့ဟာ မွန်ဂိုတို့ကို အောင်နိုင်ပြီးနောက် ရှမ်း (တိုင်း) တို့ကို နှိမ်နင်းဖို့ နှစ်ရှည်လများ စစ်ဆင်ခဲ့ကြပါတယ်။
နန်ချောင်ရှိ မိမိတို့ ဒေသကို လက်လွှတ်ခဲ့ရတဲ့ ရှမ်းတို့ဟာ မြန်မာနယ်စပ် ရွှေလီ မြစ်ဝှမ်းရှိ မိုင်းမောမြို့ကို မြို့တော် ပြုကာ လွတ်လပ်တဲ့ နိုင်ငံ ပြန်လည် ထူထောင်နိုင်ရေး အတွက် မင်တို့ကို တော်လှန် ပုန်ကန်ခဲ့ကြပါတယ်။
အကြီးအကျယ် စစ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံရှိ ရှမ်းတို့ အရေးနဲ့လည်း ပိုမို ဆက်စပ်နေကြောင်း သိရပါတယ်။
အရေးနိမ့်ခဲ့ရတဲ့ တရုတ်နိုင်ငံတွင်းရှိ ရှမ်းတို့ဟာ အမြင့်ပေ ၄၀၀၀ အောက်ရှိ စိုစွတ်တဲ့ တောများရှိရာ ဒေသများကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြရပါတယ်။
ရှမ်းတို့ဟာ ယူနန်နယ် တောင်ပိုင်းမှာ တရုတ်မဟုတ်တဲ့ လူမျိုးတွေ အနက် လူဦးရေ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။
တချို့ဒေသတွမှာ ရှမ်းတို့ဟာ တရုတ် လက်အောက်ခံ စော်ဘွားနယ်များကိုလည်း တည်ထောင်ခဲ့ကြပါတယ်။
အဲဒီ စော်ဘွားနယ်များထဲမှာ မဲခေါင် မြစ်ကမ်းရှိ ချေလီခေါ် ကျိုင်းရုံးကြီး (စစ်ဆောင်ပန္နား သို့မဟုတ် လူးတဆယ့်နှစ် ပန္နား) နယ်ဟာလည်း ထင်ရှားတဲ့ စော်ဘွားနယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
စစ်ဆောင်ပန္နား ဒေသဟာ မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနဲ့ အတူဖြစ်ပြီး အေဒီ ၁၈၇၄ ခုမှာ ကျိုင်းတုံ စော်ဘွားနဲ့ မြန်မာဘုရင် တပ်များက သွားရောက် တိုက်ခိုက်လို့ လူးရှမ်းများက တရုတ် တို့ကို အကူအညီ တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
အေဒီ ၁၈၉၂ ခုနှစ်မှာတော့ အင်္ဂလိပ်တို့က စစ်ဆောင်ပန္နားကို တရုတ်ပြည်ဆီ ခွဲပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ-၁၁၊ ၁၉၇၀၊ ပထမအကြိမ်၊ စာပေဗိမာန်။
၂။ ရှမ်းသမိုင်း မှတ်တမ်း- ဒေါက်တာ စိုင်းစံအိုက်
၃။ ခရီးသွား စာစုများ
၄။ Wikipedia
၅။ Chinese Embassy in Myanmar














