မော်စီတုန်း (၁၈၉၃ – ၁၉၇၆)
Mao Zedong (1893 – 1976)
တရုတ်မှာ မော်စီတုန်း (Mao Zedong) က ကွန်မြူနစ်ပါတီကို အာဏာရအောင် လုပ်ပေးတယ်။
အာဏာရပြီးနောက် ၂၇ နှစ် အတွင်းမှာ အင်မတန်ကြီးတဲ့ နိုင်ငံကြီးကို ပြောင်မြောက်အောင် ရေရှည် အကျိုး အများကြီး ရှိအောင် လုပ်ပေးနိုင်ခဲ့တယ်။
မော်ကို ဟူနန်ပြည်နယ်၊ ရှောင်ရှန်ရွာနေ ကြွယ်ဝတဲ့ တောင်သူမိဘက ၁၈၉၃ မှာ မွေးဖွားခဲ့ပါတယ်။
မော်အသက် ၁၈ နှစ် ကျောင်းသား အရွယ် ၁၉၁၁ မှာ တရုတ်နိုင်ငံကို ၁၇ ရာစုနှစ်က စပြီး အုပ်ချုပ်လာခဲ့တဲ့ ချင်မင်းဆက် ကို တော်လှန်ရေး စတင်ခဲ့ပါတယ်။
လပိုင်းလောက် အတွင်းမှာ ဧကရာဇ် အုပ်ချုပ်ရေး ပြုတ်ကျပြီး တရုတ်နိုင်ငံကို သမ္မတနိုင်ငံ အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံကို တစုတစည်းတည်း ဖြစ်အောင် ပေါင်းပြီး တည်ငြိမ်တဲ့ အစိုးရကို တော်လှန်ရေးသမားတွေက မဖွဲ့နိုင်ကြတာ က ဝမ်းနည်းစရာ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။
တော်လှန်ရေးက နှစ်ရှည်လများ မတည်မငြိမ်ဖြစ်ပြီး ၁၉၄၉ ခုနှစ်ထိ ကြာမြင့်တဲ့ ပြည်တွင်းစစ်ကိုသာ လုပ်ပေးနိုင်တယ်လို့ ပြောစရာ ဖြစ်လာပါတယ်။
လူငယ်ဘဝက စပြီး မော်ဟာ နိုင်ငံရေး အယူအဆမှာ လက်ဝဲဘက်ကို ယိုင်ခဲ့တယ်။
၁၉၂၀ ရောက်တော့ တကယ့် မာ့ခ်စ် ဝါဒီ ဖြစ်နေပါပြီ။
၁၉၂၁ မှာ တရုတ် ကွန်မြူနစ် ပါတီရဲ့ အရင်းမူလ ထူထောင်သူ ၁၂ ဦးမှာ သူလည်း တယောက် အပါအဝင် ဖြစ်နေပါပြီ။ ဒါပေမယ့် ထိပ်ရောက်အောင် တက်တဲ့အခါမှာတော့ နည်းနည်းနှေးတယ်လို့ ပြောနိုင်ပါတယ်။

၁၉၃၅ ရောက်မှ ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။
အဲဒီ အတောအတွင်းမှာ ကွန်မြူနစ် ပါတီကလည်း မှန်မှန်နှေးနှေး ကြိုးစားပြီး တန်ခိုး အာဏာ ရအောင်ယူခဲ့ရပါတယ်။
ပါတီက ၁၉၂၇ နဲ့ ၁၉၃၄ မှာ ကြီးကြီးကျယ်ကျယ် ဆုတ်ယုတ်ခဲ့သေးတယ်။ ဒါပေမယ့် လုံးဝ တိမ်မြုပ်မသွားအောင် ထိန်းခဲ့နိုင်ပါတယ်။
၁၉၃၅ ခု မော် ခေါင်းဆောင်ခွင့် ရတဲ့အခါ ပါတီရဲ့တန်ခိုး အင်အားဟာ မှန်မှန်ဖြည်းဖြည်း တိုးတက်လာပါတယ်။
၁၉၄၇ ကို ရောက်တဲ့အခါ ချန်ကေရှိတ် ခေါင်းဆောင်တဲ့ အမျိုးသား အစိုးရကို ထိထိရောက်ရောက် နှိမ်နင်းဖို့ အသင့်ဖြစ်လာပါတယ်။
၁၉၄၉ မှာ ကွန်မြူနစ်တပ်တွေက အောင်ပွဲရပြီး ကုန်းပိုင်း တရုတ်နယ်မြေ အားလုံးကို ကွန်မြူနစ်က ပိုင်ပိုင်နိုင်နိုင် အုပ်စီးနိုင်ခဲ့ပါတယ်။
မော်က ပါတီခေါင်းဆောင် အဖြစ်နဲ့ အုပ်ချုပ်ရတဲ့ တရုတ်ဟာ အနှစ် ၃၈ နှစ် အတွင်းမှာ စစ်ရေးစစ်ရာတွေက လျော့တယ် မရှိ၊ တိုးပွားနေလို့ အင်မတန် ချို့ယွင်းတဲ့ အခြေအနေ ကြုံခဲ့ရတယ်။
နိုင်ငံကလည်း ဆင်းရဲတဲ့ နိုင်ငံ၊ နိုင်ငံတွင်းမှာ မဖွံ့ဖြိုးမတိုးတက်ဘဲ သန်းနဲ့ချီပြီး စာမတတ်တဲ့ တောင်သူလူများစုက ရှေးခေတ် အယူအဆတွေမှာပဲ နစ်မွန်းပြီး နေကြတယ်။
မော်ကိုယ်တိုင်ကလည်း အသက် ၅၆ နှစ် ဖြစ်လာတော့ မော်ခေတ်ဟာ ကျန်ခဲ့ပြီလို့ ထင်စရာ ရှိပါတယ်။
တကယ်ကတော့ မော်ရဲ့သြဇာအကြီးဆုံး အချိန်က ခုမှစပါတယ်။
၁၉၇၆ မှာ မော် သေတော့ သူ့ဝါဒတွေက တရုတ်နိုင်ငံကို ပုံစံပြောင်းလဲသွားအောင် လွှမ်းမိုးပြီး ရှိနေပါပြီ။ ဒီပြောင်းလဲ ချက်တွေထဲမှာ နိုင်ငံကို အဘက်ဘက်က ခေတ်မီအောင် ပြုလုပ်ပေးတာက အချက်တချက် ဖြစ်ပါတယ်။
အတိအကျ ပြောရရင် မော်က တရုတ်နိုင်ငံကို မြန်မြန်ကြီး စက်မှုနိုင်ငံ ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။
စက်မှုထွန်းကားတယ် ဆိုတာမှာလည်း ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေး တိုးတက်မှုတွေကို မော်က တွဲဖက် ပေးနိုင်ခဲ့ပါတယ်။
ဒီပြောင်းလဲမှုတွေဟာ ထင်ထင်ရှားရှား အင်မတန် အဖိုးတန်ပါတယ်။ ခေတ်ချင်းတူညီရင် တခြား ဘယ်နိုင်ငံမှာမှ ဒီလောက် မတိုးတက်ပါ။ အဲဒီလောက်နဲ့ မော်ကို ဒီစာအုပ်မှာ နေရာပေးခဲ့တာလို့ မဆိုနိုင်ပါ။

မော် အစိုးရရဲ့ နောက်တချက် စွမ်းဆောင်ချက်က တရုတ် စီးပွားရေး စနစ်ကို အရင်းရှင်စနစ်က ဆိုရှယ်လစ် စနစ်ကို ပြောင်းပေးနိုင်တာပဲ ဖြစ်ပါတယ်။
မော်ကွယ်လွန်ပြီး နှစ်သိပ်မကြာခင်မှာပဲ သူ့ကို ဆက်ခံတဲ့ ဒဲန်ရှောက်ပင် (Deng Xiaoping) တရုတ်နိုင်ငံမှာ အချုပ်အချယ် မရှိတဲ့ ဈေးကွက်စနစ်ရဲ့အင်္ဂါရပ် တော်တော်များများကို ပြန်လည် ကျင့်သုံးစေခဲ့တယ်။
ဒီပုံစံနဲ့ ဘယ်လောက်ကြာအောင် စခန်းသွားနေမလဲလို့ မခန့်မှန်းတတ်ပါ။
ဒါပေမယ့် ထင်ရတာကတော့ ရှေ့ ၅ နှစ်က ၁၀ နှစ် အတွင်းမှာ တရုတ်ဟာ ဆိုရှယ်လစ်စနစ်ကို စွန့်ပြီး ရှေးက ရှိခဲ့တဲ့ အရင်းရှင် စနစ်ကို ပြန်ရောက်သွားမယ့် အလားအလာ ရှိတယ်လို့ ထင်စရာ ရှိပါတယ်။
ဒီလိုဆိုရင် မော်ရဲ့ စီးပွားရေး ဝါဒတွေဟာ အရင်က အရာရောက်သလို အခု အရာမရောက်တော့ပါလို့ ပြောနိုင်ပါတယ်။
မော်ရဲ့ မူလစိတ်ကူးက မြို့နေ စက်မှုလုပ်ငန်းက လုပ်သားတွေဟာ ကွန်မြူနစ် ပါတီရဲ့ အားအရှိဆုံး ကျောရိုး ဖြစ်တယ်လို့ ယုံတယ်။ ဒီလိုပဲ မော်က တွေးထင်ခဲ့တယ်။
ဒါပေမယ့် ၁၉၂၈ ရောက်တဲ့ အခါ မော်က တရုတ်နိုင်ငံ အတွက် တသီးတသန့် တွေ့နေရတဲ့ အချက်က ပါတီကို အရင်းခံ ထောက်ပံ့နေတာ တောင်သူလယ်သမား ဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒီအတိုင်း သူ့လမ်းစဉ် ပြောင်းလာတယ်။ ။
ဆက်လက်ဖော်ပြပါမည်။
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














