အချိန်က မနက် ၂ နာရီခွဲခန့် ဖြစ်သည်။ ညဘက် အိမ်အပြန် ညဉ့်နက်သည့် တရက်တွင် ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းမတော်မြို့နယ် လှည်းတန်လမ်းထိပ် လက်ဘက်ရည်ဆိုင် စားပွဲထိုးလေးများ မျက်လုံးဖွင့်တဝက် ပိတ်တဝက် အိပ်ချင်မူးတူးနှင့် ဆိုင်အပြင်ဘက်တွင် စားပွဲခုံများ ခင်းကျင်းနေသည်ကို တွေ့လိုက်ရသည်။
လက်ဘက်ရည်ဆိုင်ထဲရှိ အလင်းရောင်က ခပ်မှိန်မှိန် ဖြစ်သော်လည်း အတွင်းဘက်နားတွင် လူတယောက် နံပြားဖိုတွင် နံပြားဖုတ်နေသည်ကိုတော့ ကောင်းကောင်းမြင်ရသည်။ လမ်းလုံခြုံရေး အန်ကယ်ကြီးသည် အနွေးထည်အထပ်ထပ် ဝတ်ထားကာ ဆိုင်အပြင်ဘက်ရှိ စားပွဲခုံတခုံတွင် လက်ဘက်ရည်တခွက်နှင့် ထိုင်နေသည်။ မကြာမီ ဆိုင်၏ စားပွဲခုံ အလွတ်များတွင် မနက်စောစော လက်ဘက်ရည် လာသောက်ကြသူများ၊ ပဲပြုတ်နံပြား လာစားကြသူများနှင့် ပြည့်သွားတော့မည် ဖြစ်သည်။
ထိုမြင်ကွင်းသည် ကျမနေထိုင်ရာလမ်း၏ အမှတ်အသားတခု ဖြစ်ပြီး အဝေးရောက်နေသည့်အချိန် “အိမ်” ဟူသည့် အငွေ့အသက်ကို သတိရမိတိုင်း ယင်းမြင်ကွင်းကို ပြန်မြင်ယောင်မိသည်။ မြန်မာနိုင်ငံသည် လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှု အလွန်လွှမ်းမိုးသော နိုင်ငံတခု ဖြစ်ပြီး ရန်ကုန်မြို့၏ လမ်းထောင့်တိုင်းနီးပါးတွင် လက်ဘက်ရည်ဆိုင်တဆိုင် ရှိကိုရှိတတ်သည်။
သို့သော်လည်း လတ်တလောနှစ်များတွင် လူလတ်တန်းစားများနှင့် နိုင်ငံခြားမှ လာရောက်အလုပ်လုပ်ကြသည့် နိုင်ငံခြားသားများကြားတွင် ကော်ဖီဆိုင်ယဉ်ကျေးမှုတခု ထပ်မံထွန်းကားလာသည်ကို တွေ့ရမည် ဖြစ်သည်။
လေအေးပေးစက်များနှင့် အေးအေးလူလူရှိသော ကော်ဖီဆိုင်များအတွင်း နိုင်ငံခြားသားများ၊ မြန်မာလူမျိုးများ ကော်ဖီသောက်ရင်း စကားပြောနေကြ၊ ကွန်ပြူတာများနှင့် အလုပ်လုပ်နေကြသည်ကို မြင်တွေ့လာရသည်။ WiFi နှင့် Indie သီချင်းတို့က လူငယ်အများအပြားကို ကော်ဖီဆိုင်များတွင် အချိန်ကြာကြာ ထိုင်အောင် ဆွဲဆောင်ထားချိန်တွင် အရွယ်သုံးပါးသော မြန်မာလူမျိုးများသည် လက်ဘက်ရည်ဆိုင်များရှိ ခပ်ပုပု စားပွဲခုံများ၊ ပလပ်စတစ်ခုံများတွင် ထိုင်ရင်း မြန်မာလက်ဘက်ရည်ကို သောက်နေကြသည်။
လတ်တလောနှစ်များအတွင်း နိုင်ငံခြားကော်ဖီဆိုင်များ၊ အများအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အမှတ်တံဆိပ်များဖြစ်သော Black Canyon၊ True Coffee နှင့် Chao Doi တို့သည် ရန်ကုန်မြို့တွင် ဆိုင်ခွဲများ ဖွင့်လှစ်ပြီး ကော်ဖီယဉ်ကျေးမှုကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က သြစတြေးလျ ကော်ဖီလုပ်ငန်းတခု ဖြစ်သည့် Gloria Jean’s Coffees က ပထမဆုံးရန်ကုန်ဆိုင်ခွဲကို Myanmar Plaza တွင် ဖွင့်လှစ်ခဲ့သည်။ သူတို့၏ ဒုတိယမြောက်ဆိုင်ခွဲကို ရန်ကုန်တွင် နောက်ဆုံးဖွင့်လှစ်လိုက်သည့် Junction City တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ အမေရိကန်မှ The Coffee Bean & Tea Leaf ကလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်တွင် ဆိုင်ဖွင့်လှစ်ထားသည်။
ကော်ဖီဆိုသည်မှာ မြန်မာပြည်သူများအတွက် အသစ်အဆန်းတခုတော့ မဟုတ်ပါ။ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) ၏ အဆိုအရ နိုင်ငံရပ်ခြား သာသနာပြုအဖွဲ့များသည် ကော်ဖီပင်စိုက်ပျိုးခြင်းကို မြန်မာနိုင်ငံတွင် ၁၈၈၅ ခု နှစ်က တနင်္သာရီတိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်ဟု သိရသည်။ ရိုမန်ကက်သလစ် သာသနာပြုအဖွဲ့များက ၁၉၃၀ တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊မြောက်ပိုင်း နှင့် ပြင်ဦးလွင်တို့တွင် Arabica ကော်ဖီအမျိုးအစားကို ထပ်မံမိတ်ဆက်ပေးခဲ့သည်ဟုလည်း FAO က ဆိုထားသည်။
“လက်ရွေးစင်” ကော်ဖီကဲ့သို့သော မြန်မာ့ရိုးရာကော်ဖီဆိုင်များသည် ကော်ဖီယဉ်ကျေးမှုသမိုင်းတွင် သောက်သုံးမှုဈေးကွက်ကိုသာ ဦးစားပေးသည့် ပထမလှိုင်း ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် Café Aroma ကဲ့သို့ သောဆိုင်များက Espresso ၊ Cappuccino အစရှိသဖြင့် အနောက်တိုင်းစတိုင် ကော်ဖီအမျိုးမျိုးကို ၂၀၀၀ အစောပိုင်းနှစ်များတွင် စတင်မိတ်ဆက်လာခဲ့သည်။
ပြည်တွင်းကော်ဖီလုပ်ငန်း Genius Coffee ၏ ပိုင်ရှင်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးလည်းဖြစ်သည့် ကိုငွေထွန်းက မြန်မာနိုင်ငံတွင် ကော်ဖီယဉ်ကျေးမှု တတိယလှိုင်းကို မိတ်ဆက်ပေးနေသူများထဲတွင် အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အများအပြား ခေတ်စားခြင်း မရှိသေးသော ကော်ဖီယဉ်ကျေးမှု တတိယလှိုင်းဆိုသည်မှာ ကော်ဖီစေ့ထွက်ရှိရာ နေရာဒေသတခုချင်းစီပေါ် မူတည်ကာ ကော်ဖီအရသာများကို ခွဲခြားရောင်းချပေးခြင်းမျိုး ဖြစ်သည်။
“ဒါက Trendy လည်း ဖြစ်တယ်။ တခြားနိုင်ငံတွေမှာလည်း တော်တော်များများ ရှိနေတယ်။ ဒီ culture က ဒီဘက်ကို ရောက်လာတဲ့အခါ ကောင်းတဲ့ culture လည်း ဖြစ်နေတော့ adapt လုပ်လိုက်ကြတယ်။ (ဒီမှာ) ရှိနေတာနဲ့က adapt လုပ်ဖို့လည်း လွယ်တယ်” ဟု ကိုငွေထွန်းက ပြောပြသည်။
တနှစ်ပြီးတနှစ် မျက်စိရှေ့တွင် ကော်ဖီဆိုင်များ များပြားလာသည်ကို သတိထားမိနေသည်ဟု ဒဂုံမြို့နယ် ဗိုလ်ရာညွှန့်လမ်းရှိ Easy Café ဆိုင်ပိုင်ရှင် ဟာဗီယေနှင့် မက်လီဆာ တို့ စုံတွဲက ဆိုသည်။ သူတို့နှစ်ဦးသည် စင်ကာပူနိုင်ငံမှ ရန်ကုန်သို့ ပြောင်းရွှေ့အခြေချ နေထိုင်နေကြသူများဖြစ်ပြီး သူတို့၏ Easy Café ဆိုင်ကို ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဆိုင်စဖွင့်စဉ်က ဗိုလ်ရာညွန့်လမ်းတွင် Santino အမည်ရှိ ကော်ဖီဆိုင် တဆိုင်သာ ရှိခဲ့သော်လည်း နောက် ၄ နှစ် ကြာသည့်အခါ ယင်းလမ်းထဲတွင် အနည်းဆုံး ကော်ဖီဆိုင် ၄ ဆိုင်ခန့် ရှိလာခဲ့သည်။ စင်ကာပူ အခြေစိုက် စားသောက်ကုန်လုပ်ငန်း အမှတ်တံဆိပ် Killiney ကုမ္ပဏီ၏ Craft စားသောက်ဆိုင်နှင့် ကဖေးလည်း အပါအဝင် ဖြစ်သည်။
ယနေ့အခါ ကော်ဖီဆိုသည်ကို တကမ္ဘာလုံးက သောက်သုံးနေကြသော်လည်း ကော်ဖီဆိုင်ဆိုသည်မှာတော့ ကော်ဖီကောင်းကောင်း တခွက် ရနိုင်သည့်နေရာတခုထက် ပိုသည်ဟု မစ်စတာ က ဆိုသည်။ ယခုနောက်ပိုင်းတွင် ကော်ဖီဆိုင်များသည် အချို့သူများအတွက် နေအိမ်နှင့် ရုံးခန်းပြီးလျှင် အလုပ်လုပ်ရန် တတိယနေရာတခု ဖြစ်လာပြီ ဖြစ်သည်။
“ဒါတွေဟာ ကော်ဖီဆိုင် တဆိုင်လုံုးကပေးတဲ့ ခံစားမှုနဲ့ ဆိုင်ပါတယ်။ ကိုယ်သွားထိုင်တဲ့အခါ ပြောဆိုဆက်ဆံရတဲ့ ဆိုင်ဝန်ထမ်းတွေကစလို့ ဆိုင်ရဲ့အပြင်အဆင်၊ အနုပညာဟန်ပန်၊ အခင်းအကျင်းနဲ့ ဆိုင်မှာဖွင့်ထားတဲ့ သီချင်းတွေအဆုံး ပါဝင်ပတ်သက်မှု ရှိပါတယ်” ဟု ဟာဗီယေက ပြောသည်။
“ပြောရရင် အကြား၊ အမြင်၊ အရသာ၊ အနံ့၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးလုံး ခြုံငုံပြီးတော့ကို ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါက ကော်ဖီဆိုင်တဆိုင်ရဲ့ လူမှုအသိုင်းအဝိုင်းအပေါ် ပံ့ပိုးမှုပါ” ဟု ဟာဗီယေက ထပ်လောင်းပြောဆိုသည်။
ဆိုင်တဆိုင်ကို ဖောက်သည်များ နောက်တကြိမ် ပြန်လာအားပေးရန် ဆွဲဆောင်ရာတွင် အရေးအကြီးဆုံးမှာ ယင်းဆိုင်က ပေးသည့် ခံစားမှုအတွေ့အကြုံပင် ဖြစ်သည်ဟု ကိုငွေထွန်းနှင့် ဟာဗီယေ နှစ်ယောက်လုံးက ယုံကြည်ထားသည်။
“နောက်ဆုံးကျရင်တော့ လူတွေဟာ နေရာတနေရာမှာ ထိုင်မယ်ဆို အဲဒီနေရာနဲ့ ဆက်နွယ်မှုရှိတယ်လို့ ခံစားမိနေချင်ကြတာပါ” ဟု ဂျာဗီယေက ဆိုသည်။
ရန်ကုန်တွင် လက်ရှိ နေထိုင်လျက်ရှိသည့် နိုင်ငံခြားသူ အက်ရီနာ အီဝါဆာကီကမူ ကော်ဖီဆိုင်များသည် အိမ်နှင့် ရုံးပြီးလျှင် ် တတိယနေရာတခု ဖြစ်သည်ဟူသည့် ဂျာဗီယေ၏အဆိုကို ထောက်ခံသည်။ အလုပ်လုပ်သည့်အခါ အမြဲထိတွေ့နေရသော အိမ်နှင့် ရုံးခန်းမဟုတ်ဘဲ မြင်ကွင်းအပြောင်းအလဲတခု လိုချင်သည့်အခါမျိုး သို့မဟုတ် တိတ်တိတ်ဆိတ်ဆိတ်နှင့် အာရုံစိုက်အလုပ်လုပ်ချင်သည့်အခါမျိုးတွင် အေးအေးလူလူ ကော်ဖီဆိုင်များသို့ သွားသည်ဟု သူမကပြောသည်။
“ကျမအတွက် ကော်ဖီဆိုင်တွေက အလုပ်လုပ်ချိန်နဲ့ အားလပ်ချိန်ကြားက ခံစားမှုမျိုးအတွက် အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။ အာရုံစူးစိုက်နိုင်အောင်လည်း ကူညီပေးတယ်။ အိမ်မှာဆိုရင် အလုပ်လုပ်ဖို့က အချိန်ဆွဲပြီးတော့ ဖင့်နှေးလို့ ရတယ်လေ” ဟု အီဝါဆာကီ ကပြောသည်။ အကယ်၍ ကော်ဖီဆိုင်များသည် သူမအတွက် ယခုလက်ရှိထက်ပိုပြီး နီးနီးနားနားနှင့် လွယ်လွယ်ကူကူ သွားနိုင်မည်ဆိုပါက မကြာခဏ ပိုသွားဖြစ်လိမ့်မည်ဟု ပြောပြသည်။
ရန်ကုန်တွင် နေထိုင်လျက်ရှိသည့် ပန်ပန်ကမူ ဆိုင်ထိုင်ရန် ရွေးချယ်သည့်အခါ သက်တောင့်သက်သာရှိမှုနှင့် WiFi ရရှိသည့် နေရာများကိုသာ ရွေးချယ်သည်ဟု ဧရာဝတီကို ပြောပြသည်။ မြန်မာလူမျိုး အများစုု ထုံးစံအတိုင်း အိမ်ထောင်မကျခင်အထိ အဖေအမေနှင့်သာ အတူနေထိုင်သည့်အတွက် အနေအနည်းငယ် ကျဉ်းကြပ်သဖြင့် စနေ၊ တနင်္ဂနွေကဲ့သို့ ပိတ်ရက်များတွင် တနေ့လုံး အခန်းအောင်းနေမည့်အစား ကော်ဖီဆိုင်ကဲ့သို့သောနေရာမျိုးတွင် အချိန်ကုန်တတ်သည်ဟု ဆိုသည်။
“ပိတ်ရက်တွေဆိုရင် ကော်ဖီဆိုင်တွေမှာ တနေ့လုံး နီးပါး ဒါမှမဟုတ် နေ့တဝက်လောက်ကို အချိန်ကုန်တတ်တယ်” ဟု ပန်ပန်က ပြောပြသည်။
ကော်ဖီကောင်းမကောင်းက အဓိက မကျသော်လည်း တိတ်တိတ်ဆိတ်ဆိတ်ရှိမှုနှင့် အနံ့အသက်နှစ်လိုဖွယ် ရှိမှုက ပထမဦးစားပေးဖြစ်ကြောင်း ပန်ပန်က ဆိုသည်။ လက်ဘက်ရည်ဆိုင်များကိုမူ မနက်စာစားဖို့အတွက်သာ သွား တတ်ကြောင်း ကြာကြာထိုင်လေ့ မရှိကြောင်း ဆိုသည်။
သို့သော်လည်း မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် လက်ဘက်ရည်ဆိုင်များသည် အရေးပါသည့် ကဏ္ဍတွင် ရှိခဲ့ပြီး လက်ရှိအထိလည်း ဆက်လက်အရေးပါနေသည်။ အများစုက သူတို့၏ တနေ့တာ မစတင်မီ မနက်စာအတွက် လက်ဘက်ရည်ဆိုင်တွင် အချိန်ကုန်တတ်ပြီး အချို့အတွက်မူ အချင်းချင်းကြား ဖြစ်သမျှ၊ သိသမျှ သတင်းများ ဖလှယ်ရန် စုစည်းတတ်ကြသည့် နေရာတခု ဖြစ်သည်။
အတိတ်ကို ပြန်ကြည့်လျှင် လက်ဘက်ရည်ဆိုင်များသည် အစားအစာနှင့် လက်ဘက်ရည်၊ ကော်ဖီရနိုင်သည့် နေရာတခု ထက် ပိုသည်။ စစ်အုပ်ချုပ်ရေးကာလများအတွင်းက လက်ဘက်ရည်ဆိုင်များတွင် နိုင်ငံရေးအကြောင်းအရာများနှင့် ပတ်သက်ပြီး တိတ်တဆိတ် ပြောဆိုဆွေးနွေးမှုများ ရှိခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုများ အစပြုရာ နေရာမျိုးလည်း ဖြစ်ခဲ့ဖူးသည်။ ယင်းကဲ့သို့ ပြောဆိုနေသည်များကို ပတ်ဝန်းကျင်က အခြားသူများနှင့် ထောက်လှမ်းရေးက ကြားသွားမည်ကိုလည်း စိုးရိမ်ခဲ့ကြရသည်။
ယခုအချိန်မှာမူ လက်ဘက်ရည်ဆိုင်များတွင် ပြည်သူများ၏ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုနေမှုများကို ကျယ်ကျယ်လောင်လောင် ကြားနေနိုင်ပြီ ဖြစ်သည်။ ယင်းအခြေအနေတခုက တိုင်းပြည်နိုင်ငံရေးအခြေအနေ အပြောင်းအလဲ၏ ပြယုဒ်တခုလည်း ဖြစ်သည်။
နိုင်ငံရေးအရအပြင် လက်ဘက်ရည်ဆိုင်များသည် စာရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာနှင့် ကာတွန်းဆရာ အစရှိသည့် အနုပညာရှင်များအတွက် သူတို့၏ အနုပညာအမြင်များ၊ မျှဝေကြ၊ ဆွေးနွေးကြ၊ တိုင်ပင်ကြသည့် နေရာတခု အဖြစ်လည်း ရှိနေသည်။
ကမ္ဘာ့ နိုင်ငံအချင်းချင်းကြား မတူညီသော ယဉ်ကျေးမှုများ ကူးလူးစီးဝင်မှု အားကောင်းနေသည့် ယနေ့အချိန်အခါတွင် နိုင်ငံတကာယဉ်ကျေးမှုတခုဖြစ်သည့် ကော်ဖီယဉ်ကျေးမှု စတင်ထွန်းကားလာခြင်းသည် နဂိုရှိရင်းစွဲ လက်ဘက်ရည်ဆိုင်များအတွက် စိန်ခေါ်မှု ရှိလာနိုင်မလားဆိုသည့် မေးခွန်းတခုကလည်း ရှိနေပြန်သည်။
ယဉ်ကျေးမှုနှစ်ခုလုံးက လူမှုအသိုင်းအဝိုင်း၏ မတူညီသောအကြိုက်များအတွက် အတူဆက်လက်ရှိနေလိမ့်မည်ဟု Genius Coffee ဆိုင်၏ ကိုငွေထွန်းက ဧရာဝတီကို ပြောသည်။
“အဲ့ဒီလိုင်းနှစ်လိုင်းက သွားနေကြတာ မရောကြဘူးလို့ ထင်တယ်။ လက်ဘက်ရည်သမားက ကော်ဖီဆိုင်က ပျင်းဖို့ကောင်းတယ် ထင်မယ်၊ ကော်ဖီသမားကတော့ လက်ဘက်ရည်ဆိုင်က ဆူတယ် ပြောမှာပဲ” ဟု ကိုငွေထွန်းက ရှင်းပြသည်။
ကော်ဖီဆိုင်များသည် အချို့အတွက် အိမ်နှင့် ရုံးခန်းပြီးလျှင် တတိယနေရာ ဖြစ်နေသော်လည်း လက်ဘက်ရည်ဆိုင်များကမူ လူတန်းစားပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံအတွက် ဖြစ်သည်။ ကော်ဖီဆိုင်များသည် သေချာရွေးချယ်စီစဉ်ထားသည့် သီချင်းများဖြင့် ဆိုင်ထိုင်သူများကို ဆွဲဆောင်နေချိန်တွင် လက်ဘက်ရည်ဆိုင်များသည် အချို့မိသားစုများအတွက် ရုပ်သံဇာတ်လမ်းတွဲများ၊ ဘောလုံးပွဲများဖြင့် ဆွဲဆောင်တတ်သည်။
ကော်ဖီဆိုင်တွင် မည်သည့်ကော်ဖီအမျိုးအစား သောက်ရမည်ကို တခါတရံ ဝေခွဲမရ ဖြစ်နေတတ်သော်လည်း ကျမ ထိုင်နေကျ လက်ဘက်ရည်ဆိုင်မျိုးတွင်တော့ ထိုင်လိုက်သည်နှင့် ကျမကြိုက်တတ်သည့် လက်ဘက်ရည်ပေါ့ကျကျ တခွက်ကို ကျမမှာစရာမလိုဘဲ စားပွဲထိုးလေးက သူ့အဖျော်ဆရာကိုု လှမ်းအော် မှာပေးတတ်သည်။
ကော်ဖီကောင်းကောင်းတခွက် သောက်ချင်သည့်အခါမျိုး သို့မဟုတ် သူငယ်ချင်းများနှင့် အေးအေးဆေးဆေး တွေ့ရန် လိုအပ်သည့်အခါမျိုးတွင် ရွေးချယ်စရာ ကော်ဖီဆိုင် အများအပြား ရန်ကုန်တွင် ရှိနေသည်မှာ ဝမ်းသာစရာ ဖြစ်သည်။ သို့သော်လည်း လမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်လေးကမူ “အိမ်” ဟူသည့် နွေးထွေးသည့် အငွေ့အသက်ကို အမြဲခံစားရစေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Tin Htet Paing ၏ Coffee Culture Grows in Rangoon https://www.irrawaddy.com/features/coffee-culture-grows-in-rangoon.html ကို ဘာသာပြန်ဆိုသည်)