စင်ကာပူနိုင်ငံ၏ ဘဏ်စနစ်ကို ပုံမှန်စောင့်ကြည့်ရာတွင် မြန်မာကုမ္ပဏီများ သို့မဟုတ် လူပုဂ္ဂိုလ်များ၏ “ကြီးမားသော ရန်ပုံငွေများ” ကို မတွေ့ ရှိရကြောင်း စင်ကာပူ ဗဟိုဘဏ် (MAS) က ပြောသည်။ မကြာသေးမီက စစ်အစိုးရ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သော တိုင်းပြည်၏ နိုင်ငံခြားအရံငွေများကို ထိန်းသိမ်းထားပေးရန် မြန်မာပြည်သူများက တောင်းဆိုခဲ့ပြီးနောက်တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သည် တိုင်းပြည် အာဏာကို ရယူပြီးနောက် နိုင်ငံခြားအရံငွေ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ (၈.၀၃ ထရီလီယံကျပ်) နီးပါးကို ထိန်းချုပ်လိုက်ပြီး ကမာ္ဘ့ ဘဏ္ဍာရေး စနစ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း Justice for Myanmar (JFM) အဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက်တွင် MAS ၏ ကြေငြာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အချို့သော ရန်ပုံငွေများကို စင်ကာပူရှိ DBS, OCBC နှင့် UOB တို့အပါအဝင် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင် အပ်နှံထားကြောင်း ယုံကြည်ရသော သတင်းအချက်အလက်များ ၎င်းတို့ ရရှိခဲ့သည်ဟု JFM က ဆိုသည်။
JFM က သတင်းထုတ်ပြန်ခဲ့ပြီးနောက် Facebook နှင့် Twitter မှ ထောင်ပေါင်းများစွာသော လူမှုမီဒီယာ သုံးစွဲသူများက အဆိုပါ အရံငွေများကို ထိန်းချုပ်ထားပေးရန် စင်ကာပူနိုင်ငံသို့ တောင်းဆိုခဲ့ကြသည်။ တိုင်းပြည်၏ နိုင်ငံခြားပိုင်ဆိုင်မှုများကို စစ်ဗိုလ်ချုပ်များ ရယူသုံးစွဲခြင်းနှင့် ၎င်းတို့၏ဥပဒေနှင့် မညီသော လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်ရန် နိုင်ငံတကာ ဘဏ်စနစ်ကို အသုံးပြုခြင်းမှ တားဆီးသင့်သည်ဟု သူတို့က ပြောသည်။
စင်ကာပူရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံခြား တရားစီရင်ရေးများက ဘဏ္ဍာရေးအရ အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ထားသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်ဆံခြင်းအပါအဝင် အဖွဲ့အစည်းအတွက် အန္တရာယ် ဖြစ်စေမည့် ငွေလွှဲပြောင်းမှု မှန်သမျှကို သတိရှိရှိ ဆက်လက်စောင့်ကြည့်ရန် မျှော်လင့်ကြောင်း MAS က ပြောသည်။
၎င်း၏ ထုတ်ပြန်ချက်တွင် MAS က စင်ကာပူရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ၎င်း၏ညွှန်ကြားချက်များကို လိုက်နာရန်နှင့် တရားမဝင် လုပ်ရပ်များနှင့် ဆက်နွှယ်နေသော ငွေကြေးစီးဆင်းမှုများကို စောင့်ရှောက် ကာကွယ်ရန် မျှော်လင့်ကြောင်းလည်း ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှု ရှိ မရှိ နှင့် ပြင်းထန်သည့် ချိုးဖောက်မှုများ ရှိလျှင် သင့်လျော်သည့် အရေးယူ ဆောင်ရွက်မှုများ ရှိ မရှိ စစ်ဆေးရန် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများကို ၎င်းတို့က အနီးကပ်ကြီးကြပ်နေသည်ဟု MAS က ပြောသည်။
မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှုများ အားလုံးကို ထိန်းချုပ်ထားရန် JFM က နိုင်ငံများသို့ တိုက်တွန်းခဲ့သည်။ အရံငွေများကို မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေး ဆက်လက်ထိန်းသိမ်းထားနိုင်ရေး အသုံးပြုလာနိုင်သည်ဟု သူတို့က ပြောသည်။ မြန်မာနိုင်ငံမှ တပ်မတော် ထိန်းချုပ်ထားသည့် ဘဏ်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု အားလုံးကို ရပ်ဆိုင်းထားရန်လည်း နိုင်ငံများသို့ တိုက်တွန်းခဲ့သည်။
ဖေဖော်ဝါရီလ အစောပိုင်းတွင် စစ်အာဏာသိမ်းမှုကို တုန့်ပြန်သည့် အနေဖြင့် အမေရိကန်အစိုးရက အမေရိကတွင် ရှိနေသော မြန်မာအစိုးရ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်ထားလိုက်သည်။ စစ်အစိုးရက ၎င်းတို့ကို ရယူခြင်းမှ တားဆီးရန် ဖြစ်သည်။
You may also like these stories:
မြန်မာကို ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများ ဂျပန် ဖြတ်ရန် စဉ်းစားနေ
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား