ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများ အရှိန်မြင့် တိုးပွားလာနေချိန်တွင် မြန်မာပြည်သူများက ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြပွဲများနှင့် လူထု အာဏာဖီဆန်မှုများမှ တဆင့် ဆက်လက် စိန်ခေါ်နေခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် အခြား အဖွဲ့အစည်းများက ဆန္ဒပြပြည်သူလူထုကို ကမာ္ဘတလွှားမှ အစိုးရများကဲ့သို့ပင် ထောက်ခံအားပေးနေကြသည်။ သို့သော်လည်း ထိုအကျပ်အတည်းတလျှောက် အသံတခု ကင်းမဲ့နေခဲ့သည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်း၏ အသံ ဖြစ်သည်။
မူဝါဒအရရော လက်တွေ့ကျသော အကြောင်းပြချက်များအတွက်ပါ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် ကသောင်းကနင်း အဖြစ်များအတွက် လျှို့ဝှက် စပွန်ဆာ ပေးခြင်းမှ ရှောင်ရှားရန် စီးပွားရေးလုပ်ငန်းများအနေဖြင့် တောင်းဆိုခြင်းအားဖြင့် တက်ကြွသော အခန်းကဏ္ဍတခုကို ရယူရန် လိုအပ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် အဓိက စီးပွားရေးအင်အား တခုဖြစ် လာပြီး ပြီးခဲ့သော ဆယ်စုနှစ်အတွင်း သိသိသာသာ ကြီးထွား ကွဲပြားလာခဲ့သည်။ ၎င်းသည် လက်ရှိ အကျပ်အတည်းကို အရှိန်လျှော့ချပေးရန် မျှော်လင့်ချက်ရှိသော သြဇာရှိ အနည်းငယ်ထဲမှ တခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုက စီးပွားရေးတိုးတက်မှု အားအကောင်းဆုံး ဆယ်စုနှစ်အလွန်တွင် ပေါ်ပေါက်လာခဲ့သည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်က ၂ ဆ နီးပါး ဖြစ်လာခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းက တဝက်ကျ သွားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု မြင့်တက်ခဲ့သည်။ အလုပ်အကိုင်ပေါင်း တသန်းကျော် ဖန်တီးထားပြီး ဖြစ်၍ အများစုက ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ဖြစ်သည်။ အရှေ့တောင်အာရှမှ အခြားနိုင်ငံများ၏ နောက်တွင် ဆယ်စုနှစ်များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ကုန်ထုတ်စွမ်းအား ကောင်းလာပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော စီးပွားရေးတခု ဖြစ်လာရန် မျှော်လင့်နေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းမှုက ဤတိုးတက်မှုအတွက် အရေးကြီးပြီး အခြေခံကျသော ခြိမ်းခြောက်မှုတခု ဖြစ်ပါသည်။ အဝတ်အထည်နှင့် အထည်အလိပ်ကဲ့သို့သော အရေးကြီးပြီး လျင်မြန်စွာ ကြီးထွားနေသော ကဏ္ဍများတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အဖြေရှာရခက်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေ ကြရသည်။ နိုင်ငံတကာ ကုန်အမှတ် တံဆိပ်များအတွက် Made in Myanmar က အဓိကကျသော ဂုဏ်သိက္ခာဆိုင်ရာ စွန့်စားရမှု ဖြစ်လာသည်။ မြန်မာနိုင်ငံက ဥရောပသမဂ္ဂနှင့် အမေရိကန်တို့တွင် ရရှိထားသည့် ကုန်သွယ်ရေး အထူး အခွင့်အရေးများ ဆုံးရှုံးသွားနိုင်သည့် အလားအလာက အဆိုပါ ကဏ္ဍများကို ပိုမိုဆိုးကျိုး သက်ရောက်စေနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု အသစ်များလည်း သိသိ သာသာ ကျဆင်းသွားဖွယ် ရှိနေသည်။
စစ်အာဏာသိမ်းမှုက မြန်မာ့စီးပွားရေးကို တရုတ်နိုင်ငံအပေါ် အကြီးအကျယ် ပြန်လည် မှီခိုရနိုင်သည့် အန္တရာယ်ကိုလည်း တိုးပွားစေသည်။ မြန်မာ စီးပွားရေး အသိုင်းအဝိုင်းမှ အများစုအတွက် အဆိုပါအချက်သည် အဆိုးရွားဆုံးသော ဇာတ်ညွှန်းတခု ဖြစ်သည်။ တိုင်းပြည်မှ ကုန်ပစ္စည်း ထုတ်လုပ်သူများသည် တရုတ်၏ ထုတ်လုပ်မှု စွမ်းရည်နှင့် ယှဉ်ပြိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး ဖြစ်သည်။ ကုန်ပစ္စည်းများအတွက် ပျမ်းမျှ ဈေးနှုန်းများကို အခြားနိုင်ငံ အများစုထက် နိမ့်ကျစွာ ရရှိနေကြသည့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သည်များအနေဖြင့် ပြည်ပပို့ကုန်အတွက် ရွေးချယ်စရာ နည်းလာလိမ့်မည်ဖြစ်ပြီး တရုတ်ဝယ်လက်များက ကမ်းလှမ်းသည့် မည်သည့်ဈေးနှုန်းနှင့်မဆို မဖြစ်မနေ ရောင်းချကြရတော့မည် ဖြစ်သည်။ ရလဒ်အနေဖြင့် စီးပွားရေးက ရှေ့မတိုးနိုင် ဖြစ်သွားပါလိမ့်မည်။
မြန်မာနိုင်ငံ စီးပွားရေးက လမ်းကြောင်းအတိုင်း အောက်ကို ထိုးဆင်းသွားရတော့မည့် ကံကြမ္မာ ရှိနေပြီးသား ဖြစ်ပါသလား။ သေချာပေါက် မပြောနိုင်သေးပါ။ လက်ရှိ အကျပ်အတည်းသည် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ခဲ့ရသည့် ၁၉၈၈ နှင့် ၂၀၀၇ ခု နှစ် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ဆင်တူနေသော်လည်း တိုင်းပြည်၏ စီးပွားရေးနှင့် ပုဂ္ဂလိက ကဏ္ဍတို့က ယခင်အချိန်များထက် ပိုမို ကောင်းမွန်သော အနေအထားတွင် ရှိ နေသည်။
COVID-19 ကို ဘေးဖယ်စဉ်းစားမည်ဆိုလျှင် စီးပွားရေးက ကြုံတောင့်ကြုံခဲ အားကောင်းနေခဲ့သည်။ ၁၉၈၈ ဆန္ဒပြပွဲများသည် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ ရက်စက်သော ငွေကြေးပြောင်းလဲမှုများ၊ ကုန်ပစ္စည်းရှားပါးမှုနှင့် ဆန်စပါး အထွက်ကျဆင်းခြင်း တို့ကြောင့် ဖြစ်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် လောင်စာဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခြင်းက တစိတ်တပိုင်း ပါဝင်ခဲ့သည်။ ထိုအခြေအနေများနှင့် မတူညီသည်မှာ လက်ရှိ အကျပ်အတည်းသည် စီးပွားရေးအား ကောင်းပြီး ပုဂ္ဂလိက ကဏ္ဍ ကြီးထွားလာချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အတိတ်က အကျပ်အတည်းများ ကဲ့သို့မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် အစိုးရနှင့် သိသာထင်ရှားသော အတိုင်းအတာ တခုအထိ ကင်းလွတ်မှုရှိနေသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်က ခန့်မှန်းခြေအားဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ၏ ၄၀ ရာခိုင်နှုန်းကို တိုက်ရိုက် ထိန်းချုပ်ထားခဲ့ပြီး ဘဏ်လုပ်ငန်းကဲ့သို့သော ဝန်ဆောင်မှု ကဏ္ဍအချို့ကို အပြည့်အဝ ပိုင်ဆိုင်ထားသည်။ ယခုအခါ စီးပွားရေးက အဓိကအားဖြင့် ပုဂ္ဂလိကပိုင်ဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အရေအတွက် ၈၀၀ ခန့်သည် နိုင်ငံ တလွှားရှိ ကုမ္ပဏီ ၇၀၀၀၀ နီးပါးနှင့် ပြည်တွင်းတွင် မှတ်ပုံတင်ထားသော စီးပွားရေး လုပ်ငန်းပေါင်း ၂၀၀၀၀၀ ကျော်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် အဖွဲ့အစည်း အရေအတွက်မှာ ၂၀၀၀ ခန့်ရှိပြီး တိုင်းပြည်၏ ကိုလိုနီခေတ်လွန်ကာလ သမိုင်းတွင် စံချိန်တင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် စီးပွားရေး ရှင်သန်ရပ်တည်နိုင်ရေး အစိုးရအပေါ် မှီခိုမှုလည်း ပိုနည်းသည်။ ပုဂ္ဂလိက ကဏ္ဍကို တပ်မတော်၏ ခရိုနီများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်သူများက လွှမ်းမိုးထားသည်ဟု မကြာခဏ ပုံဖော်ခံရလေ့ရှိသည်။ ထိုဝေဖန်မှုများက အချို့သော စီးပွားရေးလုပ်ငန်းများ အပေါ်တွင် သက်ရောက်သည့်တိုင် ပုဂ္ဂလိကကဏ္ဍက ပိုမိုကွဲပြားခြားနားလာပြီး ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ကူညီစောင်မမှု အပေါ်တွင် မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုအပေါ် မှီခိုနေကြရသည်။ ဈေးကွက်များက ယခုအခါ ကွဲပြားခြားနားစွာ အလုပ်လုပ်နေကြပြီ ဖြစ်သည်။
ထိုအချက်က ပုဂ္ဂလိက ကဏ္ဍကို ယခု အကျပ်အတည်းကို ဖြေရှင်းရေးတွင် သြဇာ လွှမ်းမိုးမှု ရရှိရန် ယခင်က မရှိဖူးသေးသော အခွင့်အလမ်းကို ပေးသည်။ အနည်းဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းရေး ထိပ်တန်း စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများက စုပေါင်း တောင်းဆိုသင့်ပါသည်။ အဖွဲ့ငယ် အနည်းဆုံး ၂ ခု ခန့်က ပို၍ပင် ရဲရင့်သည့် လုပ်ဆောင်မှုများကို ပြုလုပ်ခဲ့ပြီး လူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်း သို့မဟုတ် စစ်အာဏာသိမ်းယူမှုသည် တရားမဝင်ကြောင်း ကြေငြာခြင်းများ ပြုလုပ်ခဲ့ကြသည်။ အခြားအဖွဲ့အစည်းများ အနေဖြင့် ထိုစံနမူနာအတိုင်း လိုက်နာ သင့်ပါသည်။
အကယ်၍ နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍက တိတ်ဆိတ်နေလျှင် ၎င်းသည်လည်း ကြံရာပါဟု ရှုမြင်ခြင်း ခံရနိုင်ပါသည်။ အချို့ သော စီးပွားရေး အဖွဲ့အစည်းများ အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ခံနေကြရပြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် တောင်းဆိုမှုများ ရှိခဲ့သည်။ အလားအလာရှိသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ပုဂ္ဂလိကကဏ္ဍတို့ နှင့် အလုပ်လုပ်သော နိုင်ငံတကာအလှူရှင်များက မြန်မာ စီးပွားရေးလုပ်ငန်းများနှင့် တိုင်းပြည်တခုလုံးကို ရယူရန် မထိုက်တန်သည့် ဂုဏ်သိက္ခာ ဆိုင်ရာ စွန့်စားရမှု အန္တရာယ်များအဖြစ် ရှုမြင်သွားနိုင်ပါသည်။ ဤအချက်သည် စီးပွားရေးက တရုတ်နိုင်ငံအပေါ် တွင် နောက်တဖန် ပြန်လည်၍ အလွန်အမင်း မှီခိုရတော့မည့် ဖြစ်နိုင်ခြေကိုသာ တိုးပွားစေပါလိမ့်မည်။
ငြိမ်းချမ်းသော ဖြေရှင်းချက်တခုကို တောင်းဆိုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ထိခိုက်ပျက်စီးမှုများ ဖြစ်စေမည့် ဒဏ်ခတ်အရေးယူမှုများ ဖြစ်လာနိုင်ခြေကို လျှော့ချပေးရင်း ၎င်း၏ လွတ်လပ်မှုကို ပြသနိုင်ပြီး နိုင်ငံတကာက ဆက်လက် ပါဝင်လာနိုင်သည့် အခွင့်အလမ်းများကို အားဖြည့်ပေးနိုင်ပါသည်။ ရဲနှင့် တပ်မတော်တို့အား အကြမ်းဖက်မှုမှ ရှောင်ရှားရန် တောင်းဆိုခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအတွက် အန္တရာယ်ကို ဖန်တီးပေးနိုင်ပါသည်။ တပ်မတော်၏ စီးပွားရေးအရ လက်တုံ့ပြန်မှု အလားအလာကို မြင့်တက်စေနိုင်သော်လည်း စုပေါင်းလုပ်ဆောင်မှုများတွင် ဘေးကင်းလုံခြုံမှု အချို့ကို တွေ့ရနိုင်ပါသည်။ သို့သော်လည်း စီးပွားရေးနှင့် တိုင်းပြည်၏ အနာဂတ်အတွက် ပြောဆိုခြင်းက စွန့်စားရကျိုးနပ်ပါသည်။
(Jared Bissinger သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထူးပြု လေ့လာခဲ့သော ဖွံ့ဖြိုးရေး ဆိုင်ရာ စီးပွားရေးပညာရှင်နှင့် အကြံပေး တဦး ဖြစ်ပါသည်။ ၎င်း၏ Nikkei Asia ပါ Myanmar’s business community must speak out ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား
ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်အကြွေး ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့