လူငယ်တွေ အခုချိန်ကစပြီး စစ်အာဏာသိမ်းတာ လက်မခံကြောင်း သေချာ ဆန္ဒ မဖော်ထုတ်နိုင်ရင် နိုင်ငံတိုးတက်မှုက အရမ်းကျဆင်းသွားမှာလို့ အဆိုတော် လိမ္မော်သီးက ဆိုပါတယ်။
“ပြည်သူတွေနဲ့ အတူတူပဲ။ အာဏာသိမ်းတာကို လက်မခံပါဘူး။ အရင်တုန်းကလည်း အနှစ် ၃၀၊ ကျမ တသက်ပေါ့။ အာဏာသိမ်းတယ်။ အခုနောက်တကြိမ် ဒီမိုကရေစီ သွားနေတဲ့ လမ်းကြောင်းမှာ လက်နက်နဲ့ အာဏာသိမ်းတာ။ နောက်တကြိမ် နှစ် ၃၀ ထပ်အသိမ်းခံရရင် အဲ့ထက်လည်း ကြာရင်လည်း ကြာနိုင်တယ်။ လူငယ်တွေ အခုချိန်ကစပြီး ဒါကို လက်မခံကြောင်း သေချာ ဆန္ဒမဖော်ထုတ်နိုင်ရင် ကျမတို့ နိုင်ငံတိုးတက်မှုက အရမ်းကျဆင်းသွားမှာ။ အရမ်းကို ခေတ်နောက်ကျပြီး ကျန်ခဲ့လိမ့်မယ်”လို့ လိမ္မော်သီးက ပြောပါတယ်။
ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ပစ်မိန့်တွေ ပေးတဲ့ အပေါ် အဆိုတော် လိမ္မော်သီးက အခုလိုပဲ ဆိုပါတယ်။
“သူတို့ အာဏာသိမ်းကတည်းက သူတို့ကို ဘာမှ မပြောချင်ဘူး။ ပြောစရာ စကားလုံးလည်း မရှိဘူး။ ပစ်တာ ခတ်တာတွေလည်း အရင်ကတည်းက ကြားဖူးနားဝတွေလည်း ရှိတာပဲ။ အဲ့တိုင်းတွေပဲ ထပ်လုပ်နေတာ။ သူတို့က ဒါပဲလုပ်တတ်တယ်။ သူတို့ လုပ်နေကျ အလုပ်တွေပဲ။ ပစ်မိန့်တွေ ပေးတယ်။ ဘယ်အရာမှာမဆို မှန်ကန်တဲ့အလုပ်ကို လုပ်တယ်။ အသက်တွေ ပေးရတယ်”
“သမိုင်းရာဇဝင်တွေ ကျန်ခဲ့တာလေ။ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်ပဲ ပြန်ခံစားရမှာ။ အခု ကျမတို့ ဆန္ဒဖော်ထုတ်နေတာဟာ ကျမတို့ အတွက်ရော၊ ကျမတို့ အနာဂတ်အတွက်ရော လုပ်တာ။ သူတို့ လုပ်နေတာတွေလည်း သူတို့ နောင်လာ နောင်သားတွေ ခံစားရမှာပါပဲ”လို့ လိမ္မော်သီးက ပြောပါတယ်။
Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကိုလည်း ပါဝင်ပေးကြပါလို့ လိမ္မော်သီးက ဆိုပါတယ်။
“CDM ကို အရမ်းဦးစားပေး လုပ်စေချင်တယ်။ ဆန္ဒပြတာတွေကလည်း အကျိုးရှိတယ်။ ဒါပေမဲ့ နည်းနည်း အန္တရာယ် ရှိလာတဲ့အခါမှာ CDM ကို ပူးပေါင်းပါဝင်ပေးပါလို့။ မေတ္တာရပ်ခံလိုတာက ပြန်ကြားရေးရုပ်သံပိုင်းမှာ လုပ်နေသူတွေ ပူးပေါင်း ပါဝင်ပေးပါလို့ ပြောချင်ပါတယ်။ သတင်းအမှားတွေကို ထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ပြည်သူတွေ ဒါကိုကြည့်ပြီး စိတ်လည်းဆင်းရဲသလို၊ ရယ်လည်း ရယ်ရတယ်”
“အပြင်နဲ့ လက်တွေ့နဲ့က တခြားစီဆိုတော့ သတင်းအမှားတွေကို မပေးသင့်ဘူး။ အဲ့အတွက် CDM မှာ ပါဝင်ပါ။ ဒုက္ခရောက်မှာ မစိုးရိမ်ပါနဲ့ မြန်မာပြည်မှာ သူဌေးတွေ များပါတယ်။ နောက်ကွယ်ကနေ ထောက်ပံ့မယ့်သူတွေ များပါတယ်။ မှန်ကန်တဲ့လုပ်ရပ် လုပ်တာဖြစ်တဲ့အတွက် တတိုင်းပြည်လုံး ဝိုင်းထောက်ပံ့ပေးမှာပါ။ ထမင်းမငတ်စေရဘူး။ ဒုက္ခမရောက်စေရဘူး။ CDM ပူးပေါင်းပေးကြပါ”လို့ လိမ္မော်သီးက ပြောပါတယ်။
You may also like these stories:
“CDM မှာ မပါဝင်ကြရင် ကျနော်တို့ လုပ်နေတာ အလကားပဲ”