Entertainment

“CDM မှာ မပါဝင်ကြရင် ကျနော်တို့ လုပ်နေတာ အလကားပဲ”

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက အာဏာသိမ်းတာဟာ မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက် မဲ့သွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က အာဏာသိမ်းတာကို မနှစ်သက်ပါဘူး။ အခုလို ဖြစ်တော့ ကျနော်တို့ကလည်း ပြည်သူထဲက ပြည်သူမို့ ကျနော်တို့မှာလည်း တာဝန် အများကြီးရှိတယ်။ အဲ့ဒါကြောင့် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ အခုလို အာဏာသိမ်းတာ မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက် အရမ်းမဲ့သွားပါတယ်။ ကျနော်တို့ သားလေးတွေကအစ ဘယ်မှာ ဘယ်လိုထားရမှန်း မသိတော့တဲ့ အခြေအနေ ရှိတာပေါ့”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးကြပါဆိုတဲ့ တင်မောင်ဆန်းမင်းဝင်းက CDM မှာ ပါဝင်မှသာ ပြောင်းလဲမှု တခုလုပ်နိုင်မှာပါလို့ ဆိုပါတယ်။

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း

“CDM လှုပ်ရှားဖို့က ကျနော်တို့ လူညီမှ ဖြစ်မှာ။ တယောက် တခွဲစီဆိုရင် ကျနော်တို့ မျှော်မှန်းသလို ပန်းတိုင်တော့ ရောက်မှာ မဟုတ်ဘူး။ အကုန်လုံးလည်း ပါဝင်စေချင်ပါတယ်။ ဒီလိုချိန်မှာ မပါဝင်ရင် ကျနော်တို့ နောက်ပိုင်း အခက်အခဲတွေ ဒီအတိုင်းပဲ ဖြစ်သွားနိုင်တယ်။ ဒီချိန်ကစပြီး ပါဝင်မှသာ ပြောင်းလဲမှု တခုလုပ်နိုင်မှာပါ။ CDM မှာ ပါဝင်ကြပါ။ CDM မပါဝင်ကြရင် ကျနော်တို့ လုပ်နေတာ အလကားပဲ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဆန္ဒပြပွဲအတွင်း ပစ်မိန့် ပေးတာကို ရှုတ်ချတယ်လို့ တင်မောင်ဆန်းမင်းဝင်းက ဆိုပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမယ့် ပစ်မိန့်တွေ ပေးတာကိုတော့ မကောင်းဘူး။ ဘယ်နိုင်ငံမှာမှ ပစ်သတ်မှာ မဟုတ်ဘူး။ ပစ်သတ်စရာ အကြောင်းလည်း မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို ပစ်တာ မကောင်းပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေရင် ငြိမ်းချမ်းစွာပဲ အုပ်ချုပ်တာမျိုး လုပ်သင့်ပါတယ်။ ပစ်မိန့်ပေးတာကို ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူတွေလည်း အစစအရာရာ ဂရုစိုက်ကြပါ။ လူညီပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

You may also like these stories

ပြည်သူ့ဝန်ထမ်းများ CDM ဆက်လုပ်ဖို့ ဖွေးဖွေး တိုက်တွန်း

“ပစ်မိန့်တွေ ပေးတာ ရင်နင့်အောင် ခံစားရတယ်”လို့ ဟန်ဇာမိုးဝင်း ဆို

“CDM ကို ထောက်ခံပါတယ်၊ ရုံးမတက်နဲ့ ရုန်းထွက်ကြပါ”လို့ နန်းခင်ဇေယျာ ဆို

Loading